16th Dec 2021 - Morning Daily News by Radio NUG

ဒီဇင်ဘာလ ၁၅ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -
📌ကေအန်ယူထိန်းချုပ်နယ်မြေ လေးကေကော်မြို့သစ်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်
📌နာရေးကားမောင်းသူတစ်ဦးကို စကစတပ်က ဖမ်းဆီးသွားပြီး နောက်တစ်နေ့ အလောင်းလာထုတ်ခိုင်း၊ ဦးခေါင်းကြေသည်အထိ သေနတ်ဒင်ဖြင့်ထုထား
📌တနင်္သာရီတိုင်း ထားဝယ်ခရိုင်တွင်းကမြို့နယ်များမှာ Nld ပါတီထောက်ခံသူတွေရဲ့အိမ်ကို စစ်ကောင်စီကလိုက်လံချိတ်ပိတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ကေအန်ယူထိန်းချုပ်နယ်မြေ လေးကေကော်မြို့သစ်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်
​KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေတခုဖြစ်ပီး စစ်အာဏာသိမ်းမှုကြောင့်အသက်ဘေးက တိမ်းရှောင်လာသူတွေခိုအောင်းနေတဲ့ လေးကေကော်မြို့သစ်ကို စစ်ကောင်စီ ခြေမြန်တပ်ရင်း ၅၆၀ စစ်ကြောင်းက ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ အခုတော့တိုက်ပွဲတွေဖြစ်လာခဲ့ပါပီ။ အဆိုပါစစ်ကြောင်းကို စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်-စကခ ၁၃ ကမ်းရိုးတန်းတိုင်းမှ တပ်မမှူး တစ်ဦးက ဦးစီးကာ ဒီဇင်ဘာလ ၁၄ ရက် မနက် ၈ နာရီမှစလို့ လေးကေကော်မြို့သစ်ရပ်ကွက် ၆ ခုစလုံးအား ဝင်ရောက်ရှာဖွေပါတယ်။ မြောင်းမြမြိုနယ် လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဝေလင်းအောင်အပါအဝင် အာဏာဖီဆန် CDM ဝန်ထမ်းများ ဒီမိုကရေစီအရေးလှုပ်ရှားသူများ ၂၀ ဦးထက်မနည်းဖမ်းခံခဲ့ရပါတယ်။ အခုလို knu ထိန်းချုပ်နယ်မြေတခုအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းမှုအပေါ်တပ်မဟာ ၅ မှ ခေါင်းဆောင်တဦးဖြစ်သူ ဖဒိုမန်းမန်းကတော့ ဒါဟာ NCA စာချုပ်ကိုအကြောင်းပြပြီး ကျူးကျော်စော်ကားမှုဖြစ်တာကြောင့် အသုံးချခံသက်သက်ဖြစ်တဲ့ NCA ကို ပျက်ပြယ်ကြောင်း တရားဝင်ကြေငြာသင့်ပါပီ။ အခြား တပ်မဟာများအနေနဲ့လည်း အခုလို စစ်ကောင်စီရဲ့ ကျူးကျော်မှုကို ပြတ်ပြတ်သားသား ခုခံတော်လှန်ဖို့သင့်တယ်လို့ မီဒီယာများပေါ် က အကျယ်တဝင့်ပြောကြားသွားပါတယ်။ နယ်မြေခံ တပ်မဟာ ၆ KNLA တပ်ဖွဲ့များကလည်း စစ်ကောင်စီရဲ့ ဝင်ရောက်ဖမ်းဆီးမှုကို မကျေနပ်ဘဲ ပြန်လည်ပိတ်ဆို့ထားရာက စစ်ရေးတင်းမာနေခဲ့တဲ့ အခြေအနေဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့ခင်း ၁၁ နာရီ ၁၅ မိနစ်မှာတော့ သေနတ်သံအမြောက်သံတွေ ပေါ်ထွက်ကာ တိုက်ပွဲစတင် ဖြစ်စေခဲ့ပါတယ် ကရင့်တော်လှန်ရေး KNLA တပ်ဖွဲ့များနှင့်အတူ သူတို့လည်း ပါဝင်တိုက်ခိုက်နေပြီဆိုတဲ့အကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ cobra 3 တပ်ဖွဲ့မှတာဝန်ရှိသူက "ပစ်နေပါပြီ။ အခုကူပစ်ဖို့ ကျွန်တော်တို့ ထွက်နေပါပြီ" လို့ အတည်ပြုပြောကြားပါတယ်။ ဒါ့အပြင် DKBA အဖွဲ့မှခွဲထွက်ထားပီး စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ဗိုလ်စောကျော်သက်အဖွဲ့ကလည်း KNLA တပ်မဟာ ၆ နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း သိရပါတယ်။ အခုဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အင်အား ၅၀၀ မှ ၁၀၀၀ ထိရှိတယ်လို့ သိရပီး လေးကေကော်မြို့သစ်သည် စစ်ကောင်စီရဲ့ အမြောက်တပ်ပစ်လှမ်းမီရာအရပ်မှာရှိတာကြောင့် လက်နက်ကြီးများကိုလည်း အသုံးပြုနေတာ ကြားသိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ KNLA စခန်းကုန်းဘက်ကို ချဉ်းကပ်ကျူးကျော်လာရာမှနေပီး စတင်တိုက်ပွဲဖြစ်ခဲ့ပါတယ်
" ရပ်ကွက် ၆ အနောက်ဘက်ကနေပြီး စတင်ထိတွေဖြစ်ပြီးတော့ အခုဆိုလို့ရှိရင် လေးကေကော်ဗျူးပွိုင့် အမြောက်ကုန်းဘက်ရယ်၊ နောက် ရသေ့ဂူဘက်ရယ်၊ အဲဘက်တွေအထိ ဆက်ပြီး ထိတွေ့နေတယ်။ KNLA စခန်းကုန်းဘက်ကို သူတို့ စစ်ကြောင်းက ရွေ့သွားတာကနေစပီး အခုလိုထိတွေ့တာဖြစ်တယ် အနည်းဆုံး သုံးနေရာမှာ အခုချိန်ထိ ကြိုကြား၊ ကြိုကြား ပစ်ခတ်နေတုန်းပဲ"ဟု လေးကေကော်မြို့သစ်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် နီးစပ်သူတစ်ဦးက ဒီဇင်ဘာလ ၁၅ ရက်နေ့ က ပြောပြပါတယ်။ ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာ စစ်ဘေးရှာင်နေကြရပီး ကနဦးသတင်းများအရတော့ လေးကေကော်ရပ်ကွက်တွေထဲမှာ ပိတ်မိနေသူတွေအနည်းငယ်ရှိခဲ့ပီး ညနေခင်း မွန်းလွဲ ၁ နာရီမှာ တိုက်ပွဲခဏနားချိန်မှာတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ တိုက်ပွဲဖြစ်ပွားနေရာ လေးကေကော်မြို့သစ်ဟာ မြဝတီမြို့နယ်တောင်ဘက် ၉ မိုင်ခန့်အကွာအဝေးမှာတည်ရှိတာပါ။ ၂၀၁၅ ခုနှစ်မှာ လူနေရပ်ကွက် ၆ ကွက်နှင့် အိမ်​ခြေ ၈၀၀ နီးပါးစတင်ထူထောင်ထားတဲ့မြို့ဖြစ်ပါတယ်။ တည်ဆောက်စဉ်က ငြိမ်းချမ်းရေးပြယုဂ်အဖြစ် နီပွန်ဖောင်ဒေးရှင်းအကူအညီနဲ့ တည်ထောင်ခဲ့တာဖြစ်ပေမယ့် ဒါဟာ စစ်ကောင်စီရဲ့ လိုအပ်ရင်အသုံးချဖို့နယ်မြေတခုသာဖြစ်ကြောင်း နိုင်ငံရေးအရ ရှောင်တိမ်းလိုသူများအနေနဲ့လည်း ဒါကို ရှင်းရှင်းလင်းလင်း သိထားရန်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဆိုပါတိုက်ပွဲနဲ့ပက်သက်ပီး ကရင့်လက်နက်ကိုင်တပ်များ အောင်ပွဲဆင်နိုင်ရေး အားပေးသံ ဆုတောင်းစာများဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အလွန်များပြားခဲ့ပီး အခြားသတင်းတွေကိုလည်း လွှမ်းမိုးသွားခဲ့ပါတယ်။ မွန်းလွဲ ၁ နာရီကျော်မှာ ခဏငြိမ်သက်သွားတဲ့ တိုက်ပွဲဟာ ညနေ ၆ နာရီ ၂၅ မိနစ်မှာ ပြန်လည်ဖြစ်ပွားပါတယ်လို့ ခိုင်မာတဲ့သတင်းရင်းမြစ်များအရ သိရပီး ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူ နာတင်ကား ၄ စီးနဲ့ မြဝတီမြို့ဘက်ကို ပြန်လည်သယ်ဆောင်သွားသလို မြဝတီမှ မယ်ထော်သလေး -လေးကေကော်ဘက်သို့ စစ်ကား ၁၀ စီးခန့် အင်အားဖြည့် ထပ်မံဝင်ရောက်လာတယ်လို့လည်း ကိုယ်တိုင်မြင်တွေ့ရသူများက ပြောကြပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ PDF တွေရှိနေတယ်လို့ သူတို့ယူဆတဲ့ KNLA တပ်မဟာ ၆ နယ်မြေကို ဝင်ရောက်ထိုးစစ်ဆင်နေတဲ့တပြိုင်တည်းမှာပဲ ကိုးကန့်ဒေသကိုလည်း စစ်မျက်နှာဖွင့်နေပါတယ်။ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၁၅)၊ (၇၉)၊ (၁၁၃) နဲ့ (၃၁၅) တို့က အင်အား (၃၀၀) ကျော်နဲ့ လာတိုက်ခဲ့တယ်လို့ The Kokang က ရေးသားထားတာကို သိရှိရပါတယ်။
========================
📌📌နာရေးကားမောင်းသူတစ်ဦးကို စကစတပ်က ဖမ်းဆီးသွားပြီး နောက်တစ်နေ့ အလောင်းလာထုတ်ခိုင်း၊ ဦးခေါင်းကြေသည်အထိ သေနတ်ဒင်ဖြင့်ထုထား
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ ရေနံသာကျေးရွာအုပ်စု စခန်းကြီးကုန်းရွာမှ ပရဟိတနာရေးကား ယာဉ်မောင်းတစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးသွားပြီး နောက်တစ်ရက်တွင် မိသားစုကို အလောင်းလာထုတ်ယူခိုင်းကြောင်း ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က အဆိုပါရွာရှိ မဟာကုသလကာရီ နာမှုကူညီရေးအသင်းရုံးသို့ စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းပြီး ယာဉ်မောင်းတာဝန်ခံ အသက် ၅၇ နှစ်အရွယ် ပရဟိတသမားဦးသန်းမြင့်ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ယင်းနောက် ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် စစ်ကောင်စီတပ်က ဦးသန်းမြင့်ရဲ့ မိသားစုကို ဖုန်းဆက်သွယ်ပြီး အလောင်းလာယူရန် အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
" အလောင်းက ဦးခေါင်းမှာ သေနတ်ဒင်တွေနဲ့ဝိုင်းထုထားတော့ ခေါင်းကြေနေတယ်" လို့ ဒေသခံကပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခြင်းခံရသူ ဦးသန်းမြင့်တွင် ဇနီးနဲ့ သားသမီး ၅ ဦးကျန်ရစ်ကြောင်း သိရပါတယ်။
ဦးသန်းမြင့်ကို စစ်ကောင်စီတပ်က မည်သည့်အတွက်ကြောင့် ဖမ်းဆီးသတ်ဖြတ်သည်ကို မသိရပေ။
========================
📌📌တနင်္သာရီတိုင်း ထားဝယ်ခရိုင်တွင်းကမြို့နယ်များမှာ Nld ပါတီထောက်ခံသူတွေရဲ့အိမ်ကို စစ်ကောင်စီကလိုက်လံချိတ်ပိတ် နေပါတယ်
သရက်ချောင်းမြို့နယ် ကျွဲမင်းကုန်းကျေးရွာနေ အန်အယ်ဒီပါတီကို ထောက်ခံသူတဦးဖြစ်တဲ့ ဦးစိုးသိန်း နေအိမ်အားစစ်ကောင်စီက ဒီဇင်ဘာလ ၁၄ ရက်မှာလာရောက်ချိတ်ပိတ်သွားပါတယ် ထိုကဲ့သို့ ဦးစိုးသိန်းနေအိမ်ချိတ်ပိတ်မခံရခင် ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း အဖော်တဦးနှင့်ဦးစိုးသိန်းကို ပျူစောထီးတပ်တွေက တားဆီးပီး စစ်ကောင်စီတပ်တွေကို ဖုန်းဆက်ခေါ်နေတာကြောင့် သူတို့နှစ်ဦးဟာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရသေးတဲ့အကြောင်း ဆွေမျိုးနီးစပ်တွေက ပြောကြပါတယ် အခုလိုဖမ်းဆီးမခံဘဲ ထွက်ပြေးတာကြောင့် အိမ်ကိုလာရောက်ဝန်းရံခဲ့ပေမယ့်လည်း အိမ်သားတွေဟာ ကြိုတင်တိမ်းရှောင်ခဲ့ရပါတယ် ထိုနေ့ညမှာပဲ ဦးစိုးသိန်းနေအိမ်ကို စစ်ကောင်စီတပ်များ အင်အားပြည့်ကားများဖြင့် ထပ်မံရောက်လာပီး အိမ်ကိုရိုက်နှက်ဖျက်ဆီးကာ ပြန်ထွက်သွားပါတယ် နောက်တနေ့မနက် ဒီဇင်ဘာ ၁၄ ရက် ညနေ ၂ နာရီခန့်မှာ တော့ အခုလို ဦးစိုးသိန်းနေအိမ်အား ထပ်မံရောက်ရှိလာကာ အိမ်တွင်းပစ္စည်းများကိုသိမ်းဆည်းပီးနောက် ချိတ်ပိတ်ကြောင်း စာပြားများကို ကပ်ဆွဲသွားကြပါတယ်။ ဦးစိုးသိန်းဟာ pdf တပ်တွေကို ထောက်ပံ့ဆက်နွှယ်မှုရှိကြောင်း စွပ်စွဲချက်ဖြင့် အခုလိုလာရောက် သိမ်းဆည်းချိတ်ပိတ်တာဖြစ်နိုင်တယ်လို့ ကျွဲမင်းကုန်းရွာနေ မျက်မြင်တွေ့ခဲ့သူ အမျိုးသမီးကပြောပါတယ် ဒါ့အပြင် ဘေးအိမ်တွေကို အားနာလို့ မီးမရှို့တာလို့လည်း ပြောဆိုထွက်သွားကြတယ်လို့ သိရပါတယ် သူမက ဆက်ပြောပြရာမှာ အိမ်ထဲကပစ္စည်းတွေကိုလည်းချိတ်မပိတ်ခင်သယ်ယူသွားကြတာ ဘာမှမကျန်ဘူး ရှင်းရှင်းပြောရရင် စပါးရိတ်တဲ့ တံစဉ်ကအစ အချိမှုန့်ဘူးဆားဘူးကအစ ဘာမှမရှိဘူးလို့လည်း ပြောပါတယ် ချိတ်ပိတ်ခံရတဲ့ အိမ်ပိုင်ရှင် ဦးစိုးသိန်းဟာ အသက် ၅၃ နှစ်ရှိပီး ရွေးကောက်ခံအစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးဟောင်းတဦးဖြစ်ကာ NLD ပါတီကိုယုံကြည်ထောက်ခံသူတဦးလို့လည်း ဒေသခံတွေကပြောပြပါတယ် အလားတူဖြစ်စဉ်အတိုင်းပဲ ထားဝယ်ခရိုင်ရေဖြူမြို့နယ်က အန်အယ်ဒီပါတီ မြို့နယ်အလုပ်မှုဆောင်နှစ်ဦးနေအိမ်ကို ဒီဇင်ဘာ ၁၄ ရက်မှာ ချိတ်ပိတ်သွားပါတယ် ရေဖြူမြို့ ဃ ရပ်ကွက် နှင်းဆီလမ်းနေ ဦးသိန်းဇော်ဦးနေအိမ်နှင့် ရေတံခွန်လမ်းသွယ်ရှိ ဦးအောင်ဇော်ထွေးတို့ရဲ့ နေအိမ်များ ဖြစ်ကြပါတယ် ။ PDF နဲ့ဆက်နွှယ်တယ်ဆိုပီး ဝင်ရောက်ဖမ်းဆီးစဉ် ဖမ်းမမိရာမှ အခုလိုနေအိမ်ကို ချိတ်ပိတ်လိုက်တာကလည်း အထက်ပါဖြစ်စဉ်နဲ့တူပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ PDF တပ်မတော်ကို အပြင်းအထန်နှိမ်နင်းနိုင်ရန် ကြိုးစားလျက်ရှိပါတယ်။ မသင်္ကာသူ သံသယရှိသူများကို အဓမ္မဖမ်းဆီးစစ်မေးပီး စစ်ကြောရေးမှာ သတ်ပစ်လိုက်တဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ပေါ်ပေါက်နေဆဲပါ ဒီဇင်ဘာလ ၁၄ ရက်နေ့သတင်းများအရလည်း တိတ်ဆိတ်ခြင်းသပိတ်ကို ဓာတ်ပုံရိုက်ခဲ့သူ ဓာတ်ပုံပညာရှင်ကိုစိုးနိုင်ကို စစ်ကောင်စီက စစ်ကြောရေးမှာ သတ်ပစ်ခဲ့ပါတယ် အခုလို တနင်္သာရီတိုင်းတွင်းမှာ အိမ်ချိတ်ပိတ်ခံရတာဟာ အိမ်ပေါင်း ၇ အိမ်ထိရှိလာပီလို့လည်း သိရပါတယ်။






Share:

No comments:

Post a Comment