17th Dec 2021 - Morning Daily News by Radio NUG



ဒီဇင်ဘာလ ၁၆ ရက်နေ့ ရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌စစ်ရေးလှုပ်ရှားမှုသတင်းများနဲ့ပက်သက်ပီး စောင့်ထိန်းစရာ သိမှတ်စရာများကို လူ့အခွင့်အရေးဝန်ကြီးက ထပ်မံသတိပေးပြောဆို
📌မိုင်းဆတ်မြို့ ကိုဗစ် - ၁၉ လူနာ တစ်ဦး သိန်း (၂၀)ကျပ် ပေးဆောင်ရ
📌ပေါင်ရဲစခန်းတွင် အချုပ်သားများ အစုလိုက် ကိုဗစ်ကူးစက်ခံရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌စစ်ရေးလှုပ်ရှားမှုသတင်းများနဲ့ပက်သက်ပီး စောင့်ထိန်းစရာ သိမှတ်စရာများကို လူ့အခွင့်အရေးဝန်ကြီးက ထပ်မံသတိပေးပြောဆိုလိုက်ပါတယ်

မြဝတီတောင်ပိုင်း လေးကေကော်မြို့သစ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့မှစလို့ အာဏာသိမ်းတပ်ရဲ့ ဝင်ရောက်ဖမ်းဆီးကျူးကျော်မှုများကို KNU-KNLA တပ်မဟာ ၆ နှင့် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး ခုခံသော တော်လှန်တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်များရဲ့ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးမှုကြောင့် အာဏာရှင်ဘေးမှတိမ်းရှောင်နေရတဲ့ လွှတ်တော်အမတ်များအပါအဝင် CDM ဝန်ထမ်းများ ဒီမိုကရေစီအရေးလှုပ်ရှားသူများ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။ အဆိုပါတိုက်ပွဲစတင်ဖြစ်ပွားချိန်မှစလို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနသည် ခုခံတော်လှန်စစ်ပွဲများအကြောင်း မြေပြင်အခြေအနေသတင်းနဲ့ပက်သက်ပီး စောင့်ထိန်းအပ်တဲ့ အကြံပြုချက်များထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ် ။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း တော်လှန်ရေးကာလ စစ်ရေးလှုပ်ရှားမှုသတင်းများနဲ့ပက်သက်ပီး စောင့်ထိန်းစရာ သိမှတ်စရာများကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ အခုလို ထပ်မံထုတ်ဖော်ပြောဆိုခဲ့ပါတယ်
တော်လှန်​ရေးကာလမှာ "လူ​တွေသိ​လေ ပို​ကောင်း​လေ" ဆိုတဲ့အ​ကြောင်းအရာ​တွေရယ်၊ "မမြင်အောင် ဖုံးကာဖိကာရယ် ရင်မှာ ကြိတ်မှိတ်ထားကာရယ်" ဆိုတဲ့ သတင်း​နှစ်မျိုးရှိပါတယ်။ အများသိ​စေတဲ့သတင်း​​တွေက​တော့ အသိ​ပေးလိုက်လို့ လုံခြုံ​​ရေးကျိုးပေါက်ပြီး ကိုယ့်ရဲ​ဘော်တွေအ​ပေါ် ဆိုးကျိုးမဖြစ်​စေတဲ့သတင်း၊ ကိုယ့်ကိုအား​ပေး​ထောက်ခံသူ​တွေအတွက် ခွန်အားဖြစ်​စေတဲ့သတင်း၊ တဖက်လူကို အရိူက်ထိုးလိုက်သလို စိတ်ဓါတ်ပျက်ပြား​စေတဲ့သတင်း​မျိုးပေါ့။
ဥပမာ နိုင်ငံတကာစစ်မျက်နှာမှာ ​အောင်ပွဲခံတဲ့သတင်းမျိုး​ပေါ့။ ဒါ​တောင်မှ ဘယ်လိုနည်းမျိုးနဲ့ကြိုးပမ်း​နေတာမျိုးကို ဖွင့်​ပြောလို့မရတာမျိုး၊ ရလဒ်ထွက်ပြီးမှ ​သေ​သေချာချာပြောလို့ရတာမျိုး​တောင် ရှိပါ​သေးတယ်။ အတွင်းစည်းအ​နေနဲ့ သတ်မှတ်ပြီး လုံခြုံ​ရေးကို အထူးသတိပြုရမဲ့ သတင်း​တွေကတော့ စစ်ရေးနဲ့ ​တော်လှန်​ရေးသတင်း​တွေ​ပေါ့။ လုံခြုံရေးကျိုး​ပေါက်သွားရင် စီမံချက်တခုလုံးပျက်သွားနိုင်သလို ရဲ​ဘော်ရဲဖက်​​တွေရဲ့ ​​​ပေးဆပ်ရမှုက ကြီးမားတတ်ပါတယ်။
ကျ​နော်အ​နေနဲ့ နိုင်ငံတကာ​အောင်မြင်မှု​​တွေ လူ့အခွင့်ရေးအသိပေးတာ​​တွေကို ပြည်သူ​​တွေ သိရှိဖို့ တင်ပြ​လေ့ရှိပါတယ်။ အများသိသင့်တဲ့အ​​​ကြောင်းအရာ​တွေဖြစ်လို့ တင်တာပါ။ ဒီအ​ကြောင်းအရာတခုထဲ​ ဇောင်း​ပေးလုပ်​နေတယ်ဆိာပြီး အားမလိုအားမရဖြစ်တဲ့အသံ​တွေ ပြည်တွင်းလှုပ်ရှားမှုကို ဦးစား​ပေးပါလို့ တိုက်တွန်းချက်​တွေ အများကြီး ပြန်ကြားရပါတယ်။ အမှန်တကယ်​တော့ အစိုးရဟာ ဘက်​ပေါင်းစုံကလုပ်​ဆောင်​နေတာပါ။ သက်ဆိုင်ရာဝန်ကြီးဌာနတိုင်းက သူတို့အ​ပေါ် ​ပေးအပ်ထားတဲ့လုပ်ပိုင်ခွင့်နဲ့အညီ သက်ဆိုင်ရာတာဝန်ကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ထမ်း​ဆောင်​နေတာပါ။ ကိုယ်လုပ်​ဆောင်သမျှကို အသိ​ပေးနိုင်တဲ့ ဝန်ကြီးဌာန​တွေရဲ့ လုပ်ငန်း​တွေရှိသလို ဘာလုပ်​နေတယ်ဆိုတာ တခြားဘယ်သူမှမသိ​အောင် သိုသိုသိပ်သိပ်လုပ်​ဆောင်နေရတဲ့ တချို့သော ဝန်ကြီးဌာနရဲ့ လုပ်ငန်း​တွေလည်း ရှိပါတယ်။ မလုပ်တာမဟုတ်ပါဘူး။ လုံခြုံ​ရေးစည်းမ​ပေါက်​အောင် သတိထားလုပ်ရတာပါ။ အထူးသဖြင့် စစ်​ရေး ​တော်လှန်ရေးနဲ့ ပြည်တွင်း​မြေ​အောက်လှုပ်ရှားမှု​တွေမျိုး​ပေါ့။ လုံခြုံ​ရေးကို ​ရှေးရူပြီး လုပ်​ဆောင်​နေရတာကို နားလည်​​ပေးစေချင်ပါတယ်။ အခုဆို စစ်မျက်ဖွင့်လှုပ်ရှားမှု​တွေ ပြည်တွင်းလှုပ်ရှားမှု​တွေ ရှိလာပါပြီ။ ဒီအချိန်မှာ လုံခြုံ​ရေးစည်းနဲ့ သတင်း လှို့ဝှက်ချက်က အထူးအ​ရေးကြီးလာပါပြီ။ ကိုယ်တင်လိုက်တဲ့အချက်တွေက စစ်​ရေးအမြင်အရတင်သင့်မတင်သင့်ဆိုတာ အထူးဂရုစိုက်ကြဖို့လို့ပါတယ်။ ပြည်တွင်းလှုပ်ရှားမှုတခုကို ပြင်ဆင်လုပ်​ဆောင်တာဟာ သူငယ်ချင်း​မွေး​နေ့ပါတီသွားတက်တာမျိုးမဟုတ်ပါဘူး။ စစ်​ရေးတိုက်ပွဲအ​ကြောင်း​ရေးသားတာဟာ ပုဂံဘုရားဖူးရီဗျူး​ရေးတင်တာမဟုတ်ဘူးဆိုတာ သိဖို့လိုအပ်ပါတယ် ... စသဖြင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက သတိပေးရေးသားခဲ့ပါတယ်။

========================

📌📌မိုင်းဆတ်မြို့ ကိုဗစ် - ၁၉ လူနာ တစ်ဦး သိန်း (၂၀)ကျပ် ပေးဆောင်ရ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ကိုဗစ် - ၁၉ ပိုးကူးစက်သူများ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ဆေးရုံတွင် ဆေးသွားကုသရာ တစ်ဦးကို သိန်း (၂၀)ကျပ် ပေးဆောင်ရကြောင်း သိရပါတယ်။ အဆိုပါ မိုင်းဆတ်ပြည်သူ့ဆေးရုံတွင် သာမန် ကိုဗစ် - ၁၉ ကုသနည်းဖြင့်ကုသပေးရာတွင်လည်း တစ်ဦးကို သိန်း (၂၀) အထက် ပေးဆောင်ကြရကြောင်း မိုင်းဆက်ဒေသခံတွေကပြောပါတယ်။ “သူတို့လည်း ဒီလိုဘဲ ဆေးကုပေးတာ။ ကိုဗစ် ဖြစ်တာ သွေးလည်းစစ်တယ်။ ဓာတ်မှန်လည်း ရိုက်တယ်။ သွေးစစ်ခတွေလည်း အရမ်းဈေးကြီးတယ်။ ဆေးရုံကနေဆင်းလာတော့ သိန်း (၂၀)ကျော်လောက် ကျနော်တို့ ဆေးဖိုးပေးလိုက်ရတယ်” လို့ မိုင်းဆတ်မြို့ ကိုဗစ်ရောဂါကူးစက်ခံရပြီး ဆေးရုံမှဆင်းလာသူတစ်ဦးက ပြောပါတယ်။ အဆိုပါ လူနာများက ဆေးရုံဆင်းရတဲ့ အချိန်တွင် ငွေကြေးကို တခါထဲ ပေးဆောင်ရပြီး ဆေးဖိုး ငွေဖြတ်ပိုင်း လက်မှတ်တောင်းရာတွင်လည်း မရရှိကြောင်း သိရပါတယ်။
ဒါ့အပြင် ဒေသခံတချို့က ကိုဗစ် - ၁၉ ကြောင့် သေဆုံးသွားပြီး ဆေးရုံတွင် ဆေးကုသစရိတ်အတွက် အကြွေးတင်ကျန်နေသူများလည်း ရှိကြောင်း သိရပါတယ်။ “ဆေးရုံဆင်းပြီး ပြန်လာတဲ့သူတွေကို မေးကြည့်တော့ ဆေးရုံဆင်းရတဲ့နေ့မှာ ဆေးလာပေးပြီး ပိုက်ဆံ တခါထဲကောက်သွားတယ်တဲ့။ ငွေဖြတ်ပိုင်းလက်မှတ်လည်းမရဘူး။ ဆေးဖိုးယူပြီးသွားလိုက်တာ။ သူတို့က ကိုဗစ် ဆေးအကောင်းစား သုံးပြီး ကုပေးတာလို့ပြောတယ်။ တချို့ ကိုဗစ်ကြောင့်သေတဲ့သူဆို ဆေးရုံမှာ အကြွေးတင်နေကြသေးတယ်” လို့ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ ငွေကြေး အဆမတန်တောင်းခံမှုကြောင့် ကိုဗစ် - ၁၉ ကူးစက်ခံရတဲ့ဒေသခံတချို့က ဆေးရုံတွင် ဆေးသွားမကုဘဲ နေအိမ်တွင် ကြိတ်ကုနေလျက်ရှိကြောင်း သိရပါတယ်။ မိုင်းဆတ်မြို့တွင် လက်ရှိ အချိန်ထိ ကိုဗစ် - ၁၉ ပိုးတွေ့လူနာ ကျဆင်းလာခြင်းမရှိသေးကြောင်း သိရပါတယ်။
“မနေ့ကဘဲ စစ်တာ ၉ ယောက်လောက်တွေ့တယ်။ ကျနော်တို့မြို့မှာက ဆေးရုံသွားတက်ရင် ပိုက်ဆံအများကြီးပေးရ‌တော့ တချို့ ပြည်သူတွေက ကိုဗစ် ဖြစ်ရင် နေအိမ်မှာဘဲ ကြိတ်ကုလာတာမျိုးရှိတယ်။ ဆေးရုံမှာ မသွားကုကြတော့ဘူး။ အိမ်မှာ ဖြစ်သလိုကုကြတယ်” လို့အထက်ပါဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ မိုင်းဆတ်မြို့တွင် ဒီဇင်ဘာ ၁၅ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ (၁၆၀)ကျော် ကျန်ရှိနေသေးကြောင်း သိရပါတယ်။

========================

📌📌ပေါင်ရဲစခန်းတွင် အချုပ်သားများ အစုလိုက် ကိုဗစ်ကူးစက်ခံရ

မွန်ပြည်နယ် ပေါင်မြို့ မြို့မရဲစခန်းတွင် အကျဥ်းကျနေတဲ့ အချုပ်သားတွေ ကိုဗစ်ရောဂါ အစုလိုက် ကူးစက်ခံထားရကြောင်း သိရပါတယ်။ပေါင်မြို့မရဲစခန်းတွင် နေမကောင်းဖြစ်နေတဲ့ အချုပ်သားတစ်ဦးကို ကိုဗစ် ရောဂါပိုးရှိ၊မရှိ ဒီဇင်ဘာ ၁၀ရက်နေ့က စစ်ဆေးခဲ့ရာမှာ ရောဂါပိုး စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါ ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ အချုပ်သားနဲ့ ထိတွေ့ဆက်စပ်နေတဲ့ အချုပ်သား ၃၂ဦးကို ထပ်မံစစ်ဆေးခဲ့ရာ အချုပ်သား ၁၆ဦးတွင် ရောဂါပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း ပေါင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။
ရောဂါပိုးတွေ့ရှိတဲ့ အချုပ်သာတွေကို သီးခြားထားပြီး ဆေးကုသမှုပေးထားကြောင်း ၎င်းတို့ရဲ့ ကျန်းမာရေးအခြေနေဟာလည်း ကောင်းမွန်နေကြောင်းသိရပါတယ်။ ပေါင်မြို့နယ်အတွင်း အောက်တိုဘာလကတည်းက ကိုဗစ်ကူးစက်လူနာအသစ်များ တွေ့ရှိမှုမရှိခဲ့ပဲ ယခု ဒီဇင်ဘာလအတွင်းတွင် ကိုဗစ်ပိုးတွေ့လူနာသစ်များ ပြန်လည်တွေ့ရှိလာကြောင်း ကိုဗစ်အရေး ကူညီပေးနေသူထံကနေ သိရပါတယ်။ မွန်ပြည်နယ်တွင် သြဂုတ်လခန့်ကနေစပြီး ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှု လျော့နည်းကျဆင်းလာခဲ့ပြီး ဒီဇင်ဘာလအတွင်း မြို့နယ်အချို့တို့တွင် ကိုဗစ်ပိုးတွေ့လူနာသစ်များ ပြန်လည်များပြားလာခဲ့ကြောင်း သိရပါတယ်။လက်ရှိ ကိုဗစ်ပိုးတွေ့လူနာသစ်များ ပြန်လည်တွေ့ရှိနေသည်မှာ ကိုဗစ်တစ်ကျော့ပြန်လာခြင်းမဟုတ်ပဲ ကိုဗစ် တတိယလှိုင်းလက်ကျန်များသာဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုထားပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment