သတင်းခေါင်းစဉ်များ -
📌အကြမ်းဖက်အဏာသိမ်းတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကိုနှိမ်နင်းရန် ရွာသားများကိုစုဆောင်းနေ
📌မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်ကို ကြားနာစစ်ဆေးနေ
📌စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင်ကျောက်စိမ်းတူးဖော်မှုများ ပိုများလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အကြမ်းဖက်အဏာသိမ်းတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကိုနှိမ်နင်းရန် ရွာသားများကိုစုဆောင်းနေကြပါတယ်
အာဏာသိမ်းလိုက်ပီးကတည်းက မြန်မာပြည်တဝန်းမှာ ခုခံတော်လှန်စစ်ပွဲများ နေ့စဉ်ဖြစ်ပွားနေပါတယ် ၁ နှစ်နီးပါးကြာမြင့်ခဲ့ပေမယ့် ပြည်တွင်းပြည်ပ မြို့တွင်းတောတွင်း နေရာစုံအနှံ့အပြားမှာ စစ်ကောင်စီကို အာခံတော်လှန်သူတွေ အင်အားကောင်းနေဆဲပါ။ မြန်မာပြည်အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်း ချင်းပြည်နယ်ဘက်ခြမ်းမှာ ဒေသခံတောင်သူလယ်သမားတွေရဲ့ ရရာလက်နက်စွဲကိုင်မှုကို စစ်ကောင်စီဟာ ရဟတ်ယာဉ်များ လက်နက်ကြီးများ အင်အားသာလွန်သုံးသော်လည်း ယနေ့ထက်တိုင် နယ်မြေစိုးမိုးအုပ်ချုပ်နိုင်ခြင်းမရှိသေးပါဘူး။ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာတော့ knu တပ်ဖွဲ့များနှင့်ကြိုကြားတိုက်ပွဲဖြစ်နေရာမှ KNU - KNLA တပ်မဟာ ၆ နယ်မြေမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက်ခြမ်း ပြေးခိုလှုံရသည်ထိ ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်နေခဲ့ပါတယ် ။ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် အတွင်းရှိ မြို့နယ်အချို့မှာတော့ စစ်ကောင်စီတပ်ဟာ အခုလိုစစ်အာဏာရှင်ကိုဆန့်ကျင်သူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား နှိမ်နင်းဖို့အတွက် လူအင်အားတောင်းနေတယ်လို့ ဒေသအတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံမှ သိရပါတယ်။
ပုသိမ်ခရိုင် အတွင်းရှိ သာပေါင်း၊ ပုသိမ်၊ ကန်ထောင့်၊ ငပုတော စသည့် မြို့နယ်လေးမြို့နယ်ထဲမှ ရခိုင်ရိုးမ တောင်စွယ် အနီးနှင့် တောင်ပေါ်ရှိ ကျေးရွာများအား အခုလို လူအင်အားတောင်းခံနေတာပါ။ တစ်ရွာလျှင် လူ ၅ ဦးစီ စုပေးရန် ဒီဇင်ဘာလ ဒုတိယအပတ်က စတင်၍ တောင်းထားခြင်း ဖြစ်တယ်လို့လည်း ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူများက ပြောပြပါတယ်။ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်က ညွှန်ကြားစာနှင့်တကွ အတိအလင်းတောင်းခံတာမျိုးတော့မဟုတ်ကြောင်း တပ်စွဲထားတဲ့ စစ်တပ်က အလုပ်လက်မဲ့ရွာသားတွေကို စုထားပေးဖို့ ပြောနေကြောင်း ပုသိမ်-ချောင်းသာ ကားလမ်းပေါ်ရှိ ရွာတစ်ရွာ မှ အုပ်ချုပ်ရေး အဖွဲ့ ဝင်တစ်ဦးကဆိုပါတယ်။ စစ်ကောင်စီတပ်များနှင့်နီးစပ်သူတဦးအဆိုအရ ပုသိမ်ခရိုင်အတွင်းက တောတောင်များမှာရှိတဲ့ pdf များကို စစ်ဆင်ရေးအတွက် အခုလို အင်အား စုဆောင်းတာပါလို့ သိရပါတယ်။ စစ်ကောင်စီတပ်များဟာ ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် လွန်စွာစိုးရိမ်ပီး ခုလိုပြင်ဆင်နေကြတာလို့လည်း ဆိုပါတယ် ယင်းဒေသများ အတွင်းရှိ သစ်ခုတ် ဝါးခုတ် အမဲလိုက်သူများကိုလည်း စစ်ကောင်စီ တပ်စခန်းများထံ ခွင့်ပြုချက် ရယူပြီးမှသာ လုပ်ကိုင်ကြဖို့ ၊ သတ်မှတ်ချိန်ကျော်လွန်ပါက ပစ်သတ်မယ် ဆိုတဲ့အထိ ကြိမ်းမောင်း သတိပေးထားတဲ့အကြောင်း ဒေသခံများက ပြောပါတယ် "လူစုတဲ့ပုံစံက လမ်းပြအတွက်၊ ပေါ်တာအတွက် ဖြစ်နိုင်သလို စစ်ဆင်ရေးမှာ ရွာသားတွေကို လူသားဒိုင်းသဖွယ်အသုံးချဖို့လည်း ဖြစ်နိုင်တယ်" လို့ အသက် ၅၀ နှစ် အရွယ်ခန့်ရှိသည့် ပုသိမ်ခရိုင်အတွင်းက စစ်သားဟောင်း တစ်ဦး က ပြောပါတယ်။ စစ်ကောင်စီက ဒီဇင်ဘာလ ပထမပတ်မှ စတင်၍ ခရိုင်မြို့များရှိ ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးများနှင့် အရွယ်ရောက် သည့် မိသားစုဝင်များကို လက်နက်ငယ် စစ်သင်တန်းများပေးနေပါတယ်။ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပြောက်ကြားတပ်ဖွဲ့များသည် စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင်များကို ဗုံးခွဲဖျက် စီးခြင်း၊ စစ်ကောင်စီသတင်းပေး ဒလန်များကို သုတ်သင်ခြင်း၊ ရဲစခန်းအချို့နှင့် စစ်ကောင်စီယာဉ်တန်း အချို့ကို ဗုံးခွဲ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကိုလုပ်ဆောင်ခဲ့ကြပါသေးတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ဟော်တယ်ဝန်ကြီးနှင့် တိုင်းဝန်ကြီးချုပ် ယာဉ်တန်းကိုပါ ဖြတ်တိုက်နေသည်အထိ တော်လှန်စိတ်မြင့်မားနေသည့်အတွက် အခုလို စစ်ကောင်စိဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
========================
📌📌မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်ကို ကြားနာစစ်ဆေးနေပါပီ။
ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာများအဖွဲ့ BROUK ဥက္ကဌ ဦးထွန်းခင်က အာဂျင်တီးနား ပြည်ထောင်စုတရားရုံးမှာ စွဲဆိုထားတဲ့အမှုကို ဒီဇင်ဘာလ ၁၆ ရက် ကြာသပတေးနေ့မှာ စတင်ထွက်ဆိုတော့မှာပါ။ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့က သတင်းထုတ်ပြန်ရာမှာတော့ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန်တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်းဖော်ပြပါတယ်။ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ခံရမှု သမိုင်းဝင်တရားဝင်တရားစွဲဆိုမှု စတင်သည့်နေ့အဖြစ် အာဂျင်တီးနားစံတော်ချိန် ဒီဇင်ဘာ ၁၆ ရက် ကြာသပတေးနေ့ညနေ ၃ နာရီအချိန် အာဂျင်တီးနားတရားရုံးတွင် မြန်မာရိုဟင်ဂျာအဖွဲ့ UK ဥက္ကဋ္ဌ ဦးထွန်းခင်က သက်သေထွက်ဆိုမှာ ဖြစ်ပါတယ်
လွန်ခဲ့တဲ့ နိုဝင်ဘာလတွင်းက အာဂျင်တီးနားတရားစီရင်ရေးဌာနသည် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်ပီး မြန်မာစစ်တပ်အား တရားရုံးတွင် အမှုဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြတာပါ။ အချို့သောရာဇ၀တ်မှုများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ရာဇ၀တ်မှုများဖြစ်ပါတယ် လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုဖြစ်တာကြောင့် Universal Jurisdictionအရ စစ်ခေါင်းဆောင်များကို မည်သည့်နေရာတွင်မဆို စွဲချက်တင်နိုင်ကြောင်း ဆုံးဖြတ်ပြီး အခုကဲ့သို့ အမှုကို လက်ခံခဲ့ခြင်းလည်းဖြစ်ပါတယ် ဒီဇင်ဘာလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့ BROUK ရဲ့ ကြေညာချက်မှာတော့ - Buenos Aires မှာရှိတဲ့ အာဂျင်တီးနား ဗဟိုတရားရုံးရှေ့မှောက်မှာ အဖွဲ့ဥက္ကဌ ဦးထွန်းခင် ထွက်ဆိုချက်ပေးမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ၁၉၇၈ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်သော နဂါးမင်း စစ်ဆင်ရေးအပြီးတွင် ဦးထွန်းခင်၏မိဘများသည် လူပေါင်း ၂၀၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအကြပ်ပို့ခံရမှုတွင် ပါဝင်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဆယ်စုနှစ်တွေနဲ့ချီပြီး ကြိုးစားခဲ့ရတာဖြစ်ကြောင်း အခုလို ထွက်ဆိုခွင့်ရတာဟာ ရိုဟင်ဂျာတွေအတွက် သမိုင်းဝင် ဖြစ်ရပ်တခုဖြစ်ကြောင်း မြန်မာ-ရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင်က ပြောပါတယ် ။ “အမှုကို လက်ခံပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ ကျွန်တော် ထွက်ဆိုရမယ့်အချက်က ဒီအမှုဟာ မြန်မြန်ဆန်ဆန်နဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ရှေ့ကို ဆက်သွားနေတယ်ဆိုတာ ပြသနေပါတယ်။ စစ်တပ်ရဲ့ ကြောက်မက်ဖွယ်ရာ ရာဇ၀တ်မှုများကို တာဝန်ခံမှု ရှိစေရန် ကူညီဆောင်ရွက်ပေးတဲ့ အာဂျင်တီးနား တရားရေးမဏ္ဍိုင်ရဲ့ ကျင့်ဝတ်ဆိုင်ရာ ဦးဆောင်မှုနှင့် ရဲစွမ်းသတ္တိက ချီးကျူးဂုဏ်ပြုရပါ့မယ်”ဟု ၎င်းက ဆက်ပြောပါတယ်။
၂၀၁၇ ခုနှစ်မှာ စစ်သားများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များက ရိုဟင်ဂျာထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ၈ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပါတယ်။ ထိုအချိန်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ခြင်း အပါအဝင် စစ်တပ်၏လက်ရှိကျူးလွန်နေသော အာဏာသိမ်းပြီးနောက်ပိုင်း ရာဇ၀တ်မှုများကိုလည်း ထုတ်ဖော်နိုင်မည်ဖြစ်ကြောင်း သိရှိရပါတယ်။
ဒီအမှုကို ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအဖြစ် Universal Jurisdiction ဥပဒေအောက်မှာ စွဲဆိုခြင်းပါ။ မြန်မာ စစ်ဘက်နဲ့ အရပ်ဘက်ခေါင်းဆောင်တွေအပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ BROUK အဖွဲ့က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက အာဂျင်တီးနား ဗဟိုတရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာဖြစ်ပါတယ်
ရိုဟင်ဂျာလူမျိုးဆိုတဲ့ စကားလုံးသုံးစွဲမှုအပေါ်မှာ သဘောထားအမြင်မတူမှုတွေ မြန်မာပြည်မှာ ရှိကြသလို အာဏာသိမ်းမြန်မာစ်စတပ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ဒီအသုံးအနှုန်းကို လက်မခံကြောင်း ပြောပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ ကတော့ ရိုဟင်ဂျာလူမျိုးများအပေါ် တရားမျှတမှုရရှိစေရေး နိုင်ငံတကာနှင့် အတူပူးပေါင်းဆောင်ရွက်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
========================
📌📌စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင်ကျောက်စိမ်းတူးဖော်မှုများ ပိုများလာပါတယ်
အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု လောင်းကစားမှုများဟာ မြန်မာပြည်အနှံ့မှာ ပိုမိုဆိုးဝါးများပြားလာနေပီး တရားမဝင်ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းလည်း ပါဝင်လာပါတယ် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဖားကန့်-လုံးခင်း ရတနာနယ်မြေတွင် စက်ယန္တရားကြီး အလွန်အကျွံသုံးကာ တရားမဝင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများကို ပြောင်ပြောင်တင်းတင်းလုပ်နေပီး နိုင်ငံရေးမတည်ငြိမ်မှုများအပေါ် အသုံးချလျက်ရှိနေပါတယ်။ ဖားကန့်မြို့နယ် ဖားကန့်-လုံးခင်း ရတနာနယ်မြေလုပ်ကွက်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ်ခန့်က စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလုပ်ကွက်ကို အာဏာသိမ်း စစ်တပ်လက်အောက်ခံ နယ်မြေခံတပ် နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)တို့က လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း mizzima သတင်းဌာနက စုံစမ်းရေးသားခဲ့ပါတယ်။ ထိုကဲ့သို့ တရားမဝင် ကျောက်စိမ်းတူးဖော်လုပ်ငန်းအများစုကို ဝ တပ်ဖွဲ့ပိုင် မြန်မာတကောင်း ကုမ္ပဏီအုပ်စု၊ လောပန်း ဦကွေပင်း၏ KNDPC ကျောက်မျက်ကုမ္ပဏီနှင့် ပွင့်ထူးစံ ကျောက်မျက်ကုမ္ပဏီတို့က အများစု လုပ်ကိုင်နေကြပါတယ်။ ဒါ့အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်များအနေနဲ့ ဟွာကြင် စက်သုံးဆီရောင်းဝယ်ရေးမှ ဦးအားတောက်နှင့် မြို့မိမြို့ဖ ဖြစ်သည့် ဦးဆွဲအင်ဆိင်္ဂီတို့ကလည်း အများဆုံး တူးဖော်လုပ်ကိုင်လျက်ရှိကြောင်း ရေးသားထားပါတယ်
အဆိုပါတရားမဝင်ကျောက်စိမ်းလုပ်ကွက်များဟာ ကမ္ဘာ့အကောင်းဆုံး တန် ၂၀၀ ကျော် ကျောက်စိမ်းတုံးကြီး ထွက်ရှိခဲ့ရာ နေရာများဖြစ်ပါတယ်။ မြေမှန်ကြောရှိတဲ့ မက်လင်ချောင်က YYT တောင်နှင့် ကောင်စံရွာအနီးရှိ စိန်လုံတောင်၊ ဘော်ဒီသား ကျောက်စိမ်း အများဆုံးထွက်သည့် မှော်စီစာ ကဲ့သို့ နေရာများတွင် ကုမ္ပဏီကြီးများနှင့် လူပုဂ္ဂိုလ်တချို့က ချယ်လှယ်လုပ်ကိုင်နေကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဖော်ပြပါကျောက်စိမ်းတူးဖော်ရေးများကို အလွန်အကျွံလုပ်ဆောင်မှုကြောင့် စည်းကမ်းမဲ့သည့်မြေစာပစ်မှုများလည်း ဖြစ်ပေါ်နေပါတယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့်ပက်သက်ပီး စိုးရိမ်ရတဲ့အပြင် ယခင်က ဖြစ်နေကျ မိုးရာသီတွင်း ကမ်းပါးပြိုမှု မြေပြိုမှုများလည်း ပိုမိုဆိုးရွားလာနိုင်ဖွယ် ဖြစ်နေပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment