17th Dec 2021 - Evening Daily News by Radio NUG



ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များနဲ့ နောက်ဆုံး ရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌လေးကေကော်မြို့သစ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ထိတိုက်ပွဲများဆက်လက်ဖြစ်ပေါ်ခဲ့ပီး စစ်ဘေးဒုက္ခည်များ ထိုင်းနိုင်ငံဘက်ကိုပြေးရှောင်နေကြ
📌အာဏာသိမ်းစစ်တပ်ကို ဝင်ငွေများထောက်ပံ့နေသည့် PTTEP ရဲ့ ကုမ္ပဏီသစ်ကို ရင်းနှီးမြုပ်နှံမှုအသစ်များမလုပ်ရန် တောင်းဆို
📌လေးကေကော်ဒေသ စစ်ဘေးရှောင်ပြည်သူများကို နယ်စပ်ဖြတ်ကျော်ခိုလှုံခွင့်ပေးဖို့ ထိုင်းအစိုးရနဲ့ နိုင်ငံတကာကို NUG မေတ္တာရပ်ခံစာပို့
📌ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌လေးကေကော်မြို့သစ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ထိတိုက်ပွဲများဆက်လက်ဖြစ်ပေါ်ခဲ့ပီး စစ်ဘေးဒုက္ခည်များ ထိုင်းနိုင်ငံဘက်ကိုပြေးရှောင်နေကြပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ကစတင်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်နှင့် KNU - KNLA တို့ရဲ့ ထိတွေ့တိုက်ပွဲများဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့ထိ ဆက်လက်ဖြစ်ပေါ်ခဲ့ပီး ဒေသခံ ထောင်ချီအရေအတွက်ဟာလည်း ဘေးလွတ်ရာကို စစ်ဘေးရှောင်ခဲ့ကြပါတယ်။ ဒုတိယနေ့အဖြစ် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်ခဲ့ပီး မဲ့ထော်သလေးရွာအဝင်နေရာ မှစလို့ သာမန်ပြည်သူများဖြတ်သန်းသွားလာခွင့်မရအောင် စစ်ကောင်စီအဖွဲ့မှ တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ မြဝတီကနေပြီး မဲ့ထော်သလေး ရွာဘက်ကို သွားလို့မရ တော့ဘူး။ အားလုံးကိုလှည့်ပြန်ခိုင်းကြောင်း စျေးသည်အမျိုးသားတဦးက ဒီဇင်ဘာလ ၁၆ ရက်နေ့အခြေအနေကို ပြောပြပါတယ်။ တချိန်တည်းမှာပဲ မြဝတီတောင်ဘက် ခြမ်း ကျေးရွာများဖြစ်ကြတဲ့ မဲ့ထော်သလေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ပဟိကလော်၊ လေးကေကော်၊ ရသေ့ဂူ အစရှိသောရွာများမှ ပြည်သူအရေအတွက် ၄၀၀၀ ခန့်ဟာ နီးစပ်ရာတောတွင်းနေရာများမှာ ပုန်းခိုနေရတာတွေရှိသလို သောင်ရင်းမြစ်ကိုဖြတ်ပီး ထိုင်းဘက်ခြမ်း စစ်ရှောင်သွားရတာတွေလည်း ရှိနေပါတယ်။ ထိုရက်မှာပဲ ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်အချို့ကျရောက်ခဲ့တာကြောင့် စစ်ဘေးရှောင်သက်ကြီးတဦး ဒဏ်ရာရခဲ့ပါတယ် ။ ထိုင်းအာဏာပိုင်တွေကတော့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ကောင်းစွာ လက်ခံထားတာကိုလည်း ရုပ်သံမှတ်တမ်းများအရ သိရှိရပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျဆုံးများပြားတဲ့သတင်းနှင့် အလောင်းများကောက်ယူခွင့်ကို KNLA တပ်ဖွဲ့များထံခွင့်တောင်းပီး သယ်ယူနေကြတဲ့သတင်းတွေလည်း သိရပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က မြဝတီဘက်သို့ အင်အားဖြည့်ရန် တက်လာတဲ့ စစ်ကောင်စီ ကား ၅ စီး ခန့်အား KNLA အဖွဲ့မှ အာရှလမ်း တောနော်ရေတံခွန်အနီးနှင့် မွေးမြူရေးဇုန်နေရာတို့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပြန်ပါတယ်။ ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦး အပါအဝင် ၁၀ ဦးခန့်သေဆုံးသွားပီး အလောင်းများထံမှ KNLA တပ်ဖွဲ့များက လက်နက်အချို့သိမ်းယူနိုင်ခဲ့ကြပါတယ်။ ခုလို စစ်ကူကားများအား ကြားဖြတ်မိုင်းဆွဲခံရပီးမှာတော့ စစ်ကောင်စီတပ်တွေဟာ ညနေ ၆ နာရီခန့်တွင် ကော့နွဲ့ရွာဘက်ခြမ်းကို လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြတဲ့အကြောင်း ကော့နွဲကျေးရွာအနီးနေထိုင်သူက ပြောပါတယ်။ အခုလိုတိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်နေပီး မြဝတီကော့ကရိတ်အာရှလမ်းမပေါ်မှာ စစ်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်နေတာကြောင့် ခရီးသွားလာမှုများ မပြုလုပ်ရန် တိုက်တွန်းနှိုးဆော်မှုတွေလည်း ရှိခဲ့ပါတယ်

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းကစလို့ နယ်မြေခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ ၆ နယ်မြေ လေးကေကော်မြို့ သစ်ကို စစ်ကောင်စီအဖွဲ့မှကျူးကျော် ဝင်ရောက်ပြီး စစ်အာဏာရှင် ဆန့်ကျင်သူများအားရှာဖွေဖမ်းဆီးရာမှ ခုလို ခုခံတော်လှန်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ရပါတယ်။

========================

📌📌အာဏာသိမ်းစစ်တပ်ကို ဝင်ငွေများထောက်ပံ့နေသည့် PTTEP ရဲ့ ကုမ္ပဏီသစ်ကို ရင်းနှီးမြုပ်နှံမှုအသစ်များမလုပ်ရန် တောင်းဆိုလိုက်ပါတယ်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေးကုမ္ပဏီ PTTEP သည် အာဏာသိမ်းစစ်တပ်နှင့် ကိုယ်ကျိုးရှာစီးပွားရေးအတွက် Delta Gas Transportation ကိုထပ်မံတည်ထောင်လိုက်ပါတယ် အဆိုပါကုမ္ပဏီကို အောက်တိုဘာလ ၂၆ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA တွင် မှတ်ပုံတင်ခဲ့တာပါ။ ထို့နောက် ကုမ္ပဏီအသစ် ထပ်မံတည်ထောင်မှုကို PTTEP က သတင်းထုတ်ပြန်ခဲ့ပြီး ကုမ္ပဏီကို PTTEP ၏ စင်ကာပူကုမ္ပဏီခွဲ Delta Gas Transportation SG Holding Pte. Ltd.က ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
PTTEP အနေဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ(၁)ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံတွင်ဆောင်ရွက်နေသော ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ နှင့် Delta Gas Transportation ၏ လုပ်ငန်းအစီအစဉ်သစ်များအကြောင်းကို Justice For Myanmar အဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း စာဖြင့်မေးမြန်းပေးပို့ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။ အဆိုပါထိုင်းကုမ္ပဏီ PTTEP ဟာ ၂၀၂၂ တွင် မြန်မာနိုင်ငံရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်ဖြစ်သည့် ဇောတိက စီမံကိန်းကို တိုးချဲ့ရန် စီစဉ်ထားတယ်လို့ Justice For Myanma အဖွဲ့က ဖော်ထုတ်ရေးသားခဲ့ပါတယ်။ ​Justice For Myanmar အဖွဲ့သည် နွေဦးတော်လှန်ရေးအောင်မြင်ရေးတွင် စစ်ကောင်စီ၏ ဝင်ငွေဒေါက်တိုင်များကို အဓိက ပစ်မှတ်ထား တားဆီးရန်ကြိုးစားလျက်ရှိပီး သွေးစွန်းငွေရပ်တန့်ရေး လှုပ်ရှားမှုများကို အစဉ်တစိုက်ဦးဆောင်လှုပ်ရှားနေတာလည်းဖြစ်ပါတယ် ရတနာ၊ ရဲတံခွန် နှင့် ဇောတိက စီမံကိန်းများမှ ထွက်ရှိလာသော သဘာဝဓါတ်ငွေ့ များကို ထိုင်းနိုင်ငံသို့ တင်ပို့နေသော PTTEP ၏ ဓါတ်ငွေ့ပို့ဆောင်ရေးလုပ်ငန်း ဝင်ငွေများသည် စစ်ကောင်စီအတွက် ပင်မဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်ပါတယ် ။ ထိုသို့ဝင်ငွေအမြောက်အများစီးဆင်းမှုက မြန်မာနိုင်ငံတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုများ လူ့အခွင့်အရေးချိုးဖောက်မှုများ ညှင်းပမ်းနှိပ်စက်မှုများ၊နှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ရေးအတွက် အထောက်အပံ့ဖြစ်နေကြတာပါ။ Justice For Myanmar အဖွဲ့က ဖော်ထုတ်ရေးသားမှုတွင် PTTEP နှင့် အခြားသောရေနံနှင့်သဘာဝဓါတ်ငွေ့ စီးပွားရေးလုပ်ငန်းအားလုံးအနေဖြင့် တရားမဝင် စစ်ကောင်စီထံ ငွေပေးချေမှုများကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး၊ ထိုဘဏ္ဌာငွေများကို ကာကွယ် ထိန်းသိမ်းထားသည့် ဘဏ်အကောင့်တစ်ခုတွင် ထိမ်းသိမ်းထားရပါမည်ဟု ရေးသားထားပါတယ်။ ဒါ့အပြင် PTTEP အနေဖြင့် တရားဝင်ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒများနှင့်အညီ လိုက်နာပြီး၊ အသစ်တည်ထောင်လိုက်သော Delta Gas Transportation အတွက်လျာထား လုပ်ငန်းများကို ထုတ်ဖော်ပြောကြားရန်လိုကြောင်း၊ စစ်ကောင်စီထိန်းချုပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းပီး ရင်းနှီးမြှပ်နှံမှုအဆိုပြုလွှာအသစ်များ သို့မဟုတ် သဘောတူညီချက်အသစ်များကို ကျူးလွန်လုပ် ဆောင်ခြင်း မပြုလုပ်ရန် လိုကြောင်း သတိပေး တောင်းဆိုထားတယ်လို့ သိရပါတယ်။

========================

📌📌လေးကေကော်ဒေသ စစ်ဘေးရှောင်ပြည်သူများကို နယ်စပ်ဖြတ်ကျော်ခိုလှုံခွင့်ပေးဖို့ ထိုင်းအစိုးရနဲ့ နိုင်ငံတကာကို NUG မေတ္တာရပ်ခံစာပို့တဲ့ သတင်းကို ပြောပြပေးပါမယ်

လေးကေကော်ဒေသက စစ်ဘေးရှောင်ပြည်သူတွေကို နယ်စပ်ဖြတ်ကျော်ခိုလှုံခွင့်ပေးဖို့ ထိုင်းအစိုးရထံ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အရေးပေါ်မေတ္တာရပ်ခံစာပေးပို့ထားတယ်လို့သိရပါတယ်။
ဒီဇင်ဘာလ ၁၆ ရက် ရက်စွဲ့နဲ့ ပေးပို့ထားတဲ့ မေတ္တာရပ်ခံစာမှာ ကရင်ပြည်နယ် လေးကေကော်က နေရပ်တိမ်းရှောင်လာသူတွေကို ထိုင်းအစိုးရက နယ်စပ်တလျှောက် တတ်နိုင်သမျှ လုံခြုံမှုပေးရန်၊ ခိုလှုံခွင့်ပေးရန် အရေးပေါ်တောင်းဆိုထားကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။ လေးကေကော်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တုန့်ပြန်ဆောင်ရွက်ရေးနဲ့ပက်သက်လို့ NUG ဟာ ထိုင်းအစိုးရ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အဆင်သင့်ရှိကြောင်းလည်းပါဝင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လေးကေကော်မှ နေရပ်တိမ်းရှောင်လာသူတွေအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီနဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေကို ဆောင်ရွက်ပေးရန် NUG ကမေတ္တာရပ်ခံထားပါတယ်။ ဒါ့ပြင် မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေတိုးမြှင့်မလာရေး နိုင်ငံတကာ အသိုင်းအဝိုင်းကို အလေးအနက်တောင်းဆိုကြောင်းလည်း ဖော်ပြပါရှိပါတယ်
မြန်မာစစ်တပ်ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ KNU/KNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေကော်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်အပါအဝင် အယောက် ၃၀ မှ ၆၀ အကြားကိုဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက စတင်ကာ ကရင်လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ မြန်မာစစ်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်း NUG ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ လေးကေကော်က အရပ်သားတွေကို မြန်မာစစ်တပ်က ဖမ်းဆီးခြင်းဟာ စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေအပေါ် ရက်စက်ယုတ်မာမှုတွေဆက်လက်ကျူးလွန်နေမှုရဲ့ နောက်ထပ်ဥပမာဖြစ်ကြောင်းလည်းဆိုပါတယ်။
ဒါ့အပြင် လေးကေကော်ဖြစ်စဉ်ဟာ မြန်မာပြည်သူတွေ အထူးသဖြင့် ကရင်နဲ့ အခြားသော တိုင်းရင်းသားတွေက စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို ငြင်းပယ်ကြောင်း ညွှန်ပြနေခြင်းဖြစ်တယ်လို့လဲ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ လေးကေကော်ဒေသတိုက်ပွဲကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့နယ်ကို ရောက်ရှိနေတဲ့ မြန်မာစစ်ဘေးရှောင် အရေအတွက်မှာ ယနေ့ (ဒီဇင်ဘာ၁၇)အထိ ၂,၅၀၃ ဦးရှိကြောင်း ကရင်အမျိုးသား မီဒီယာက အသိပေးထားတာကိုလဲတွေ့ရပါတယ်။ ကလေးငယ် ၇၈၉ဦး အပါအဝင် အမျိုးသား ၈၀၄ဦးနဲ့ အမျိုးသမီး ၉၁၀ဦးတို့ဖြစ်ပါတယ်။ စစ်ဘေးရှောင်မိသားစုတွေအတွက် အထောက်အပံ့ပစ္စည်းတွေ အရေးပေါ်လိုအပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ပေးပို့ထောက်ပံ့နိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

========================

📌📌ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ ကို ပြန်လည်ဖတ်ကြားပေးပ့ါမယ်
သတင်းခေါင်းစဉ်တွေကတော့ -
- မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က ကျဆုံးစစ်သည်တွေအတွက် ဆုတောင်းပွဲပြုလုပ်ခဲ့တဲ့သတင်း
- စစ်ရေးလှုပ်ရှားမှုသတင်းများနဲ့ပက်သက်ပီး စောင့်ထိန်းစရာ သိမှတ်စရာများကို လူ့အခွင့်အရေးဝန်ကြီးက ထပ်မံသတိပေးတဲ့သတင်း
- မိုင်းဆတ်မြို့ ကိုဗစ် - ၁၉ လူနာ တစ်ဦး သိန်း (၂၀)ကျပ် ပေးဆောင်နေရတဲ့သတင်း
- ပေါင်ရဲစခန်းတွင် အချုပ်သားများ အစုလိုက် ကိုဗစ်ကူးစက်ခံထားရတဲ့သတင်း
- မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်ကို ကြားနာစစ်ဆေးနေပီဆိုတဲ့သတင်း
- စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင်ကျောက်စိမ်းတူးဖော်မှုများ ပိုများလာနေတဲ့သတင်း စသည်တို့ဖြစ်ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment