သတင်းခေါင်းစဉ်များ -
📌ပညာရေးဝန်ကြီးဌာနမှ ကြားကာလပညာရေးအစီအစဉ်အရမူလတန်း ဆရာအတတ်ပညာသင်တန်း ဝင်ခွင့်လျှောက်လွှာများခေါ်ယူ
📌မုံရွာ အလုံဘုန်းကြီးကျောင်းမှာ ဘုန်းတော်ကြီးနဲ့ သတင်းထောက် အပါအဝင် ပြည်သူ (၁၂)ဦး ဖမ်းဆီးခံရ
📌တောင်ကြီးမြို့ နိုင်ငံရေးသမားနှင့် နိုင်ကျဥ်းဟောင်းများကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပညာရေးဝန်ကြီးဌာနမှ ကြားကာလပညာရေးအစီအစဉ်အရမူလတန်း ဆရာအတတ်ပညာသင်တန်း ဝင်ခွင့်လျှောက်လွှာများခေါ်ယူနေပါတယ်
အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား/သူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလပညာရေးအစီအစဉ်အရအကောင်အထည်ဖော်ဆောင်သော မူလတန်း ဆရာအတတ်ပညာသင်တန်း ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ပါတယ်။
ထိုကြေငြာချက်တွင်ဖော်ပြပါရှိတာကတော့
ဤသင်တန်းသည် စစ်အာဏာရှင် အမြစ်ပြတ်ပျောက်ကွယ်သွားသည်အထိ နည်းအမျိုးမျိုးဖြင့် တော်လှန်ဆန့်ကျင်သောပြည်သူများအတွက် ပညာရေးအခွင့်အလမ်းမဆုံးရှုံးစေရန်နှင့် ဆရာအင်အားပြန်လည်ဖြည့်တင်းနိုင်ရန် အတွက် ရည်ရွယ်၍ အမျိူးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သော ဆရာအတတ်ပညာသင်တန်း ဖြစ်ပါသည်။
လျှောက်ထားသူသည်
(က) တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
(ခ) စစ်ကောင်စီ၏အုပ်ချုပ်မှုယန္တရားတွင် တာဝန်ထမ်းဆောင်နေသူ/ သင်တန်းတက်ရောက်နေသူ (လုံး၀) မဖြစ်စေရ။
(ဂ) အသက် (၃၀) နှစ် ထက်မကြီးရ။ (PPPT ဝင်ခွင့် အောင်မြင်ပြီးသူဖြစ်ပါက အသက်ကန့်သတ်ချက်ကို ဖြေလျော့ပေးပါမည်။)
(ဃ) သတ်မှတ်ထားသည့်သင်တန်းကို ပြီးဆုံးအောင်တက်ရောက်နိုင်သူဖြစ်ရမည်။
(င) ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒများအရ သတ်မှတ်ပေးသည့်တာဝန်ကို ထမ်းဆောင်နိုင်သူဖြစ်ရမည်။
Online Learning အတွက် သင်တန်းကာလ (၆) ပတ် တက်ရောက်ရမည် ဖြစ်ပါသည်။
လျှောက်လွှာပိတ်ရက်မှာ (ဇန်နဝါရီလ (၁၄) ရက်နေ့၊ ၂၀၂၂ ခုနှစ်၊ ည (၁၁:၅၉) နာရီအထိ) ဖြစ်ပါသည်။ စုံစမ်းမေးမြန်းလိုသည်များရှိပါက aspirationteachers@protonmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ဟု ဖော်ပြပါရှိပါတယ် သင်တန်းလျှောက်ထားရန် ပုံစံ Form Link ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘလူးမတ် အမှတ်အသားပါ ပညာရေးဝန်ကြီးဌာန ဖေ့ဘွတ်စာမျက်နှာတွင် သွားရောက်ရယူနိုင်ပါတယ်။
========================
📌📌မုံရွာ အလုံဘုန်းကြီးကျောင်းမှာ ဘုန်းတော်ကြီးနဲ့ သတင်းထောက် အပါအဝင် ပြည်သူ (၁၂)ဦး ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်း မုံရွာမြို့ အလုံရပ်ကွက်က ချမ်းသာကြီး ဘုန်းတော်ကြီးကျောင်းမှာ ဒီဇင်ဘာ ၁၂ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီး ကျောင်းထိုင်ဘုန်းတော်ကြီးဦးဩဘာသနဲ့ မုံရွာအခြေစိုက် Regional News Agency (RNA)ကသတင်းထောက် ကိုမင်းသိုက်ထွန်းအပါအဝင် ပြည်သူ (၁၂)ဦးကို အင်အားသုံး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ဖမ်းဆီးမှုကို စစ်ကောင်စီဘက်က အင်အား (၂၀၀)နီးပါး အသုံးပြုခဲ့ပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ကျောင်းထိုင်ဘုန်းတော်ကြီး ဦးဩဘာသ အပါအဝင် လူပေါင်း ၉ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
“အဓိကတော့ ဘုန်းကြီးကျောင်းကိုအမြင်ကတ်လို့ လုပ်တာဗျ။ အဲဒီကျောင်းက ကိုမင်းကိုနိုင်တို့တွေ စာပေဟောပြောပွဲ လုပ်ဖူးတယ်။ အရင်ကတက်တက်ကြွကြွ လုပ်ခဲ့ဖူးတော့ အဲဒီအညှိုးနဲ့လုပ်တာ။ သတင်းထောက်ကိုလည်း သူတို့လိုက်နေတာ ၃ လလောက်ရှိပြီ။ တပ်ထဲက ဖရဲသီးနဲ့အဆက်အသွယ်ရှိလို့ဆိုပြီး လိုက်နေတာပေါ့” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက်က ဖမ်းဆီးမှုမှာ ဦးဩဘာသ(ခ)အောင်ဇော်ထွန်း (၄၉ နှစ်)၊ သိန်းစိုးမင်း(ခ)ကိုစိုး (၄၀ နှစ်)၊ မျိုးသူ (၂၅ နှစ်)၊ အောင်ချစ် (၂၁ နှစ်)၊ ကျော်ဇင် (၃၀ နှစ်)၊ သူရိန်စိုး (၁၆ နှစ်)၊ စောမင်းထိုက် (၂၁ နှစ်)၊ ရဲထက်(ခ)ရဲထွဋ်ဇော် (၂၉ နှစ်)နဲ့ ခိုင်ဇော်ဦး (၃၅ နှစ်) စုစုပေါင်း ၉ ဦးတို့ကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
၎င်းတို့နဲ့အတူ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်လေသေနတ် ၅ လက်၊ လက်လုပ်သေနတ်တို ၁ လက်၊ ပြုလုပ်ဆဲလက်လုပ်သေနတ် ၇ လကျ၊ လက်လုပ်ကျည်ခွံ (၉၆)ခု၊ ပြုလုပ်ဆဲ လက်လုပ်ဗုံး ၇ လုံး၊ ၇.၆၂ ကျည် ၃ တောင့်၊ ပွိုင့် ၂၂ ကျည်အတောင့် (၂၀)၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ ထုတ်ပြန်ချက်ထဲမှာပါတဲ့ အသက် (၁၆)နှစ်အရွယ်ရှိ သူရိန်စိုးဆိုသူဟာ RNA က သတင်းထောက် မင်းသိုက်ထွန်းဖြစ်ပြီး လက်ရှိအချိန်အထိမိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ မပါဝင်သူ ၃ ဦးရဲ့အခြေအနေကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
========================
📌📌တောင်ကြီးမြို့ နိုင်ငံရေးသမားနှင့် နိုင်ကျဥ်းဟောင်းများကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ တောင်လေးလုံးအကျဥ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးပါတီဝင်များနှင့် နိုင်ငံရေး အကျဥ်းသားဟောင်း ၄ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဦးဖြူ (NLD ရပ်ကျေး ဥက္ကဌ)၊ ကိုမြင့်ဌေး (နိုင်/ကျဉ်း)၊ ကိုဝင်းကို (ပြည်သူ့ပါတီ)၊ ကိုညီညီရွှေ (NLD ခရိုင်အတွင်းရေးမှူး) တို့ကို ထောင်တွင်းတရားရုံး၌ပင် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ကြောင်း ရှေ့နေတစ်ဦးက ပြောပါတယ်။
“ဒီနေ့ နေ့လည်ပိုင်းမှာပဲ အမိန့်ချလိုက်တာပါ၊ သူတို့လေးယောက်မှာ နှစ်ယောက်က ဘေး/စီ ပုဒ်မနဲ့၊ နောက်နှစ်ယောက်ကတော့ ၅၀၅ (က)နဲ့ အမိန့်ချထားတာ” ဟု ၎င်း ရှေ့နေက ပြောသည်။
စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြင့်ဌေး (ခ) ကိုဘယ်ကျော် ကို ဖေဖော်ဝါရီလ ၉ ရက်တွင်လည်းကောင်း၊ ပြည်သူ့ပါတီမှ ဦးဝင်းကို ကို ဖေဖော်ဝါရီလ ၁၀ ရက်တွင်လည်းကောင်း၊ ၈၈ မျိုးဆက် ကျောင်းသားဟောင်း နှင့် NLD ပါတီရဲ့ တောင်ကြီးခရိုင် အတွင်းရေးမှူးဖြစ်ခဲ့သူ ဦးညီညီရွှေ ကို ဖေဖော်ဝါရီလ ၂၀ ရက်တွင်လည်းကောင်း ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံပြီး ၁၀ လခန့်အကြာတွင် စစ်ကောင်စီတရားရုံးမှ အမိန့်ချခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် တောင်ကြီးမြို့နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ထောင်တွင်းမှ အမှုရင်ဆိုင်နေကြရသူတွေကို ယခုရက်ပိုင်းအတွင်း ထောင်တွင်းတရားရုံးက အမိန့် ချမှတ်မယ်လို့လည်း သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment