၂၀၂၅ အောက်တိုဘာလ ၁၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာပြည်သူတွေ အကြောက်တရားစိုးမိုးနေစေဖို့ အကြမ်းဖက်စစ်တပ်က ရက်စက်ကြမ်းကြုပ်တဲ့လုပ်ရပ်တွေ ဆက်တိုက်လုပ်နေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
📌 ၂။ မြန်မာနိုင်ငံ အနာဂတ်သစ်ကိုရယူဖို့ ကြိုးပမ်းနေတဲ့ မြန်မာပြည်သူဘက်က ရပ်တည်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး တိုက်တွန်း
📌 ၃။ ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသား ၁၇ ဦး ထောင်တွင်း လူစုလူဝေးလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ထား
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အကြမ်းဖက် စစ်ရှုံးတပ်က အရပ်သားတွေကို ပိုပြီးတိုက်ခိုက်လာတဲ့အတွက် စစ်ရေးသတိရှိကြဖို့ AA တိုက်တွန်း
🚩 ၂။ သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေကို နေ့မနားညမအိပ် ခုခံကာကွယ်နေတယ်လို့ KNDF ပြော
🚩 ၃။ မြန်မာနိုင်ငံအပါအဝင် သေဒဏ်ပေးမှု ဖျက်သိမ်းရေးမှာ မပါဝင်သေးတဲ့ နိုင်ငံတိုင်း သေဒဏ်ပေးတာကို တရားဝင် ဆိုင်းငံ့ထားဖို့ EU သတိပေး
🚩 ၄။ စေတုတ္တရာ - ငဖဲလမ်းပိုင်းနဲ့ စေတုတ္တရာ - စလင်းလမ်းပိုင်းမှာ စစ်အုပ်စုရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့ စေတုတ္တရာ PDF ပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာပြည်သူတွေ အကြောက်တရားစိုးမိုးနေစေဖို့ အကြမ်းဖက်စစ်တပ်က ရက်စက်ကြမ်းကြုပ်တဲ့လုပ်ရပ်တွေ ဆက်တိုက်လုပ်နေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
အောက်တိုဘာလ (၁၁)ရက်
မြန်မာပြည်သူတွေ အကြောက်တရားစိုးမိုးနေစေဖို့ အကြမ်းဖက်စစ်တပ်က ရက်စက်ကြမ်းကြုပ်တဲ့လုပ်ရပ်တွေ ဆက်တိုက် လုပ်နေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီရဲ့ လူမှုရေးဖွံ့ဖြိုး တိုးတက်မှု ခေါင်းစဉ်အောက်က အထွေထွေမိန့်ခွန်းပြောကြားမှု အစီအစဉ်ကို အောက်တို့ဘာ ၉ ရက်နေ့က ကျင်းပခဲ့ရာမှာ မြန်မာသံအမတ်ကြီးက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
စစ်အုပ်စုဟာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ အကြောက်တရား စိုးမိုးစေဖို့နဲ့ ရက်စက်ကြမ်းကြုပ်တဲ့လုပ်ရပ်တွေ ဆက်တိုက် လုပ်နေတာဟာ သူတို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် သေချာတွက်ချက်ပြီး ကျူးလွန် နေတယ်ဆိုတာ သိသာထင်ရှားနေတယ်ဆိုတာ အစည်းအဝေးတက်ရောက်လာသူတွေကို အသိပေးလိုက်တာလည်း ဖြစ်ပါတယ်။
ပြည်သူတွေအနေဖြင့် အခက်အခဲ မျိုးစုံကြုံတွေ့နေရချိန်မှာ စစ်တပ်က ပြည်သူလူထုအပေါ် လူမဆန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှု၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးမှုနဲ့အတင်းအကျပ် နေရပ်စွန့်ခွာစေမှု စတဲ့ ဒဏ်တွေပါ ခံနေရ တယ်လို့လည်း ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။
ဒီလုပ်ရပ်တွေဟာ စစ်တပ်အနေနဲ့ သူတို့ကို ဆန့်ကျင်နေသူတွေရဲ့ အသံတွေ ဆိတ်သုဉ်းစေဖို့နဲ့ ပြည်သူ့ဆန္ဒကို ရည်ရွယ်ချက် ရှိရှိ ဖိနှိပ်ဖို့ စနစ်တကျ မဟာဗျူဟာချပြီး ကျူးလွန်နေတဲ့ လုပ်ငန်းစဉ်တွေထဲက တစိတ်တပိုင်းဖြစ်တယ်လို့လည်း အသိပေး ခဲ့ပါတယ်။
အခုလို စစ်တပ်က အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ခွင့်ရနေတာဟာ နိုင်ငံတကာအသိုက်အဝန်းက ထိရောက်တဲ့ အရေးယူမှုမရှိတာ၊ အချို့သောနိုင်ငံတွေရဲ့ ပံ့ပိုးပေးနေမှုတို့ကြောင့်ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီအချက်တွေကို အခွင့်ကောင်းယူပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာကြောင့် ပြည်သူတွေအပေါ် ရက်စက်လွန်းတဲ့ လုပ်ရပ်တွေ ဆက်ပြီး ကျူးလွန်နေမယ်ဆိုတာ မြေကြီး လက်ခတ် မလွဲဘူးလို့လည်း နိုင်ငံတကာ အသိုက်အဝန်းကို သတိပေး ပြောကြားခဲ့ပါတယ်။
ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကယ်တင်ဖို့နဲ့ တိုင်းပြည်အခြေအနေ ပြန်လည်ကောင်းမွန်စေဖို့ဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးက အခရာကျနေတာ ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ နည်းလမ်းအစုံသုံးပြီး ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့လည်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။
လုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာနိုင်ငံအရေးကိစ္စတစုံလုံးကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို တင်သွင်းနိုင်တဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးနိုင်တဲ့အတွက် အချိန်မဆွဲသင့်တော့ဘူးလို့လည်း ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြံပြု ပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံ အနာဂတ်သစ်ကိုရယူဖို့ ကြိုးပမ်းနေတဲ့ မြန်မာပြည်သူဘက်က ရပ်တည်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး တိုက်တွန်း
အောက်တိုဘာလ (၁၁)ရက်
တရားမျှတပြီး ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံ အနာဂတ်သစ်ကိုရယူဖို့ ကြိုးပမ်းနေတဲ့ မြန်မာပြည်သူဘက်က ရပ်တည်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥပဒေရေးရာဆိုင်ရာကော်မတီ - ဆဋ္ဌမကော်မတီရဲ့ ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်များ၌ တရားဥပဒေစိုးမိုးရေး" ခေါင်းစဉ်အောက်က အထွေထွေဆွေးနွေးမှုကို အောက်တိုဘာ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ရာမှာ မြန်မာသံအမတ်ကြီးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၀၀ ခန့်က ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေပါ မိန့်ခွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ အောက်တိုဘာ ၉ ရက်နေ့မှာ မိန့်ခွန်းပြောကြားခွင့်ရတာလို့လည်း သိရပါတယ်။
တရားဥပဒေစိုးမိုးရင် ငြိမ်းချမ်းမှုနဲ့ ယုံကြည်မှုဆိုတာတွေ ခိုင်မာတည်တံ့မှာဖြစ်ပြီး တရားဥပဒေစိုးမိုးရေး စနစ် ပြိုလဲတဲ့အခါ ကျွန်ုပ်တို့အားလုံး မျက်ဝါးထင်ထင် မြင်တွေ့နေရတဲ့ မြန်မာနိုင်ငံမှာလို အာဏာရှင် စနစ် နဲ့ သူတို့ကျူးလွန်တဲ့ ပြစ်ဒဏ်တွေ ကင်းလွတ်ခွင့်ရနေတဲ့ ဓလေ့ အမြစ်တွယ်လာလိမ့်မယ်လို့ ဦးကျော်မိုးထွန်းက သတိပေး ပြောကြားခဲ့ပါတယ်။
တရားမဝင် စစ်အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး လုံးဝ ပြိုလဲပျက်စီးသွားတဲ့ အခြေအနေ ရောက်ရှိခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတဝှမ်းက အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ နေ့စဉ်နဲ့အမျှ မရေတွက်နိုင်အောင် ကျူးလွန်ခွင့်ရနေတယ်လို့ ထောက်ပြ ပြောဆိုခဲ့ ပါတယ်။
တရားဥပဒေစိုးမိုးတဲ့စနစ် ပြိုလဲသွားတာကြောင့် မြန်မာနိုင်ငံမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ အခြေပြုပေါက်ပွားရာ နေရာဒေသ ဖြစ်လာခဲ့တယ်လို့လည်း အသိပေးခဲ့ပါတယ်။
စစ်အုပ်စုက စီစဉ်နေတဲ့ အတုအယောင် အလိမ်အညာရွေးကောက်ပွဲဟာ ဥပဒေကြောင်းအရ တရားဝင်မှုမရှိတဲ့ ရွေးကောက် ပွဲဖြစ်ပြီး ဒီရွေးကောက်ပွဲဟာ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တရားဝင်ဖြစ်စေဖို့ လုပ်ဆောင်နေတာပဲလို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက အစည်းဝေးတက်ရောက်လာသူတွေကို ရှင်းပြခဲ့ပါတယ်။
ဒါကြောင့် စစ်အုပ်စုက စီစဉ်နေတဲ့ အတုအယောင် အလိမ်အညာရွေးကောက်ပွဲကို ပြတ်ပြတ်သားသားပယ်ချပြီး ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံ အနာဂတ်သစ်ကို ရယူဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးကြဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသား ၁၇ ဦး ထောင်တွင်း လူစုလူဝေးလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ထား
အောက်တိုဘာလ (၁၁)ရက်
ပဲခူးတိုင်းထဲက ဒိုက်ဦးအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၁၇ ဦးကို ထောင်တွင်း လူစုလူဝေးပြုလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က ဒီနေ့ အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒီနိုင်ငံရေး အကျဉ်းသား ၁၇ ဦးဟာ ဘာပြစ်မှုမှ ကျူးလွန်ခဲ့တာမရှိဘဲ နိုင်ငံရေးအကျဉ်းသားတဦးကို ရာဇဝတ်အကျဉ်းသား တွေက ဝိုင်းဝန်းထိုးကြိတ်တာကို မကျေနပ်တဲ့အတွက် ဖြေရှင်းပေးဖို့ အဆောင်မှူးကိုတင်ပြခဲ့တာကို ဖြေရှင်းပေးတာမရှိဘဲ လာရောက်တင်ပြသူတွေကို လူစုလူဝေးလုပ်တယ်ဆိုပြီး တိုက်ပိတ် ပြစ်ဒဏ်ပေးလိုက်တာလို့ PPNM က အသိပေးပါတယ်။
အောက်တိုဘာ ၂ ရက်နေ့ကစပြီး နိုင်ငံရေးအကျဉ်းသား ၁၇ ဦးကို ၅ ဦးတစုနှုန်းနဲ့ လူခွဲပြီး ပြစ်ဒဏ်တိုက်ခန်းတွေမှာ တိုက်ပိတ်ထားသလို ခြေကျင်းဒေါက်တွေပါ ခတ်ထားတယ်လို့ သိရပါတယ်။
မတရား တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ ကိုဉာဏ်လင်းနိုင်၊ ကိုသဲဦးပိုင်၊ ကိုခန့်ညားသူ၊ ကိုလင်း၊ ကိုကျော်လင်းမောင်၊ ကိုဇော်မျိုး၊ ကိုရှမ်းလေး၊ ကိုမင်းနိုင်ထွန်း ခေါ် ကြက်ဖကြီး၊ ကိုကျော်သူရဝင်း ခေါ် ကျော်ကြီး၊ ကိုဇော်မင်းထိုက်၊ ကိုမျိုးကြီး၊ ကိုဇော်ကြီး၊ ကိုဇင်မျိုးထိုက်၊ ကိုထက်လင်း၊ ကိုဇင်ကိုဖြိုး၊ ကိုအာကာမင်းနဲ့ ကိုဗူးသီး တို့ ဖြစ်တယ်လို့ PPNM ထုတ်ပြန်ချက်မှာဖော်ပြထားပြီး တိုက်ပိတ်ခံထားရသူနဲ့ဆိုင်တဲ့ နောက်ဆက်တွဲ ကိစ္စတွေအတွက် ဒိုက်ဦး ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းဦးစီးအရာရှိတွေ တာဝန်ယူရလိမ့်မယ်လို့ PPNM က သတိပေးထားပါတယ်။
မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင် ၄၀ ကျော်ကို PPNM က စောင့်ကြည့်နေရာမှာ ထောင်တွင်း လူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ ဒိုက်ဦးအကျဉ်းထောင်ဟာလည်း နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှု အများဆုံး ထောင် ၅ ခုထဲက တခုဖြစ်နေတယ်လို့ သိရပါတယ်။
ဒိုက်ဦးအကျဉ်းထောင်ဟာ အမျိုးသား နိုင်ငံရေးအကျဉ်းသားတွေတင်မဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသူတွေအပေါ်မှာလည်း ဖိနှိပ်မှုတွေ သိသိသာသာလုပ်ဆောင်လာတာတွေ့ရပြီး အခုနှစ် ဇူလိုင်လ ၂၂ ရက်နဲ့ ၂၃ ရက်မှာဆိုရင် နိုင်ငံရေးအကျဉ်းသူ ၈ ဦးကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ အဓမ္မ အင်အားသုံးခေါ်ဆောင်ပြီး အမျိုးသားအဆောင်တိုက်ဝန်းအတွင်း တိုက်ပိတ်ပြစ်ဒဏ်ချမှတ်ကာ အပြစ်ပေးခဲ့တာရှိတယ်လို့ PPNM မှတ်တမ်းတွေအရလည်း သိရပါတယ်။
မတရား တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး တိုက်ပြန်ဖွင့်ပေးပြီး မူလအဆောင်တွေ မှာထားဖို့ PPNM က တောင်းဆိုထားပြီး တရားမျှတမှုရအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က အသိပေးကြေညာထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အကြမ်းဖက် စစ်ရှုံးတပ်က အရပ်သားတွေကို ပိုပြီးတိုက်ခိုက်လာတဲ့အတွက် စစ်ရေးသတိရှိကြဖို့ AA တိုက်တွန်း
အောက်တိုဘာလ (၁၁)ရက်
အာရက္ခဒေသကို ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးတွေလုပ်နေပေမယ့် အရှုံးနဲ့သာရင်ဆိုင်နေရတဲ့ အကြမ်းဖက် စစ်ရှုံးတပ်ဟာ အရပ်သားပြည်သူတွေကို ပိုပြီး တိုက်ခိုက်လာတဲ့အတွက် စစ်ရေးသတိရှိကြဖို့ ရခိုင့်တပ်တော် AA က တိုက်တွန်းလိုက်ပါတယ်။
အကြမ်းဖက် စစ်ရှုံးတပ်ဟာ ပြီးခဲ့တဲ့ ၂ နှစ်နီးပါးတုန်းက ဆုံးရှုံးခဲ့ရတဲ့ တပ်ရင်း၊ တပ်မဌာနချုပ်၊ တိုင်းဌာနချုပ်တွေအပါအဝင် စစ်ရေးနဲ့ နိုင်ငံရေးအရ အချက်အချာကျတဲ့ နေရာတွေနဲ့ မြို့ရွာတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ မြန်မာနိုင်ငံအနှံ့ ထိုးစစ်ကြီး တွေ လုပ်လာတဲ့အတွက် AA က အခုလို အသိပေးလိုက်တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ရှုံးတပ်ဟာ အာရက္ခဒေသမှာလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးတွေလုပ်ပြီး အထူးသဖြင့် ကျောက်ဖြူဘက်ကို အခုနှစ် မတ်လဆန်းကစပြီး ထိုးစစ်တွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ထိရောက်မှုမရှိဘဲ အထိအခိုက် အကျအဆုံးနဲ့သာ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
AA အနေနဲ့ အာရက္ခဒေသထဲက သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့တွေကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေသလို အာရက္ခဒေသနဲ့ နယ်မြေချင်းထိစပ်နေတဲ့ မကွေးတိုင်းထဲက နတ်ရေကန်၊ ပဲခူးတိုင်းက ညောင်ကျိုးဗျူဟာကုန်းနဲ့ ဧရာဝတီတိုင်းအစပ် က လေးမျက်နှာမြိုနယ်တွေမှာလည်း ရန်သူ့ထိုးစစ်တိုင်းကို ကြံ့ကြံ့ခံပြီး တန်ပြန်ထိုးစစ်ဆင်တာကြောင့် အဲဒီနေရာတွေမှာလည်း တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်နေတယ်လို့ အသိပေးပါတယ်။
လက်ရှိမှာ နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျတဲ့ နေရာ ၅ ခုမှာ အပြန်အလှန် ထိုးစစ်တွေကြောင့် တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်နေတာ ရက်သတ္တပတ်ပေါင်းများစွာ ရှိနေပြီလို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ရှုံးတပ်ရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေ AA က ထုတ်ပြန်ရာမှာတော့ စစ်တပ် ဟာ အာရက္ခဒေသက မြို့ရွာတွေကို လေကြောင်းကနေတိုက်ခိုက်တာအပြင် ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောတွေကနေပါ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေကို ရမ်းသမ်းတိုက်ခိုက်နေတယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။
ဒါ့အပြင် ကမ်းနီးပင်လယ်ပြင်မှာ တနိုင်တပိုင် ဝမ်းစာရှာနေကြတဲ့ ရေလုပ်သားပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ အခုရက်ပိုင်းမှာ ဆက်တိုက်ပြုလုပ်လာတာတွေ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ရှုံးတပ်က အရပ်သားပြည်သူနေထိုင်ရာနေရာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေနဲ့ သာသနိကအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ရေကြောင်း၊ လေကြောင်းကနေ တိုက်ခိုက်နေတာ ကြောင့် ပင်လယ်ကမ်းအနီးက မြို့၊ ရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တွေကို အထူးသတိထားကြဖို့နဲ့ စစ်ရေးသတိရှိကြဖို့ ရခိုင်တပ်တော် AA က အသိပေး နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၂။ သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေကို နေ့မနားညမအိပ် ခုခံကာကွယ်နေတယ်လို့ KNDF ပြော
အောက်တိုဘာလ (၁၁)ရက်
ကရင်နီပြည်ထဲက ဖရူဆိုမြို့ ပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်တပ်က သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် စစ်ရေးပြင်းထန်နေပြီး နေ့မနား၊ ညမအိပ် ခုခံကာကွယ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၅ က မနေ့ အောက်တိုဘာ ၁ဝ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
စစ်ရေးပြင်းထန်နေတဲ့ ကာလဖြစ်တာကြောင့် စစ်တပ်ရဲ့ ထိုးစစ်ကို နေ့မနား၊ ညမအိပ် ခုခံကာကွယ်ပေးနေတဲ့ ရှေ့တန်း စစ်မြေပြင်က ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို KNDF တပ်ရင်း ၁၅ က ထုတ်ပြန်လာတာဖြစ်ပါတယ်။
စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် နေ့စဥ်နီးပါး တိုက်ပွဲတွေ ပြင်းထန်နေပြီး တော်လှန်ရေးတပ်ဖွဲ့ တွေဘက်က ခုခံကာကွယ်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်က ဖရူဆိုမြို့ပတ်ဝန်းကျင်ဒေသတွေကို သာလွန်အင်အားအပြင် လက်နက်ကြီးတွေ လေကြောင်းတို့နဲ့ပါ အပြင်းအထန် ထိုးစစ်ဆင်လာတဲ့အတွက် မိဘပြည်သူများအနေနဲ့ သတိဝိရိယနဲ့ သွားလာနေထိုင်ပေးကြဖို့လည်း KNDF တပ်ရင်း ၁၅ က မေတ္တာရပ်ခံထားပါတယ်။
လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေဖြစ်နေပြီး ဖယ်ခုံမြို့နယ်မှာလည်း စစ်တပ်နဲ့ PNO ပြည်သူ့စစ်တပ်တွေ စစ်ရေးလှုပ်ရှားနေသလို မိုးဗြဲမြို့နယ်မှာလည်း စစ်ရေးလှုပ်ရှား မှုတွေ ရှိနေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ KNDF ဗဟိုကလည်း အသိပေးထားပါတယ်။
========================
🚩🚩 ၃။ မြန်မာနိုင်ငံအပါအဝင် သေဒဏ်ပေးမှု ဖျက်သိမ်းရေးမှာ မပါဝင်သေးတဲ့ နိုင်ငံတိုင်း သေဒဏ်ပေးတာကို တရားဝင် ဆိုင်းငံ့ထားဖို့ EU သတိပေး
အောက်တိုဘာလ (၁၁)ရက်
မြန်မာနိုင်ငံအပါအဝင် သေဒဏ်ပေးမှု ဖျက်သိမ်းရေးမှာ မပါဝင်သေးတဲ့ နိုင်ငံတိုင်း သေဒဏ်ပေးတာကို တရားဝင် ဆိုင်းငံ့ထားဖို့ ဥရောပသမဂ္ဂ - EU က သတိပေးချက်တစောင် ထုတ်ပြန်ထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ သေဒဏ်ပေးမှုတားမြစ်ရေးနေ့ဖြစ်တဲ့ မနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဥရောပသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်နဲ့ ဥရောပကောင်စီအတွင်းရေးမှူးချုပ်တို့က ပူးတွဲကြေညာလိုက်တာဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ သေဒဏ်ပေးမှုဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ဥရောပသမဂ္ဂနဲ့ ဥရောပကောင်စီတို့က မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်း သေဒဏ်ပေးမှု ဖျက်သိမ်းရေးမှာ မပါဝင်သေးတဲ့ နိုင်ငံတိုင်း သေဒဏ်ပေးတာကို တရားဝင် ဆိုင်းငံ့ ထားဖို့ တောင်းဆိုထားပါတယ်။
ဥရောပသမဂ္ဂ - EU နဲ့ ဥရောပကောင်စီတို့က ဘယ်အမငတွေဖြစ်စေ ဘယ်လိုအခြေအနေမှာပဲဖြစ်စေ သေဒဏ်ပေးတာကို ပြတ်ပြတ်သားသား ဆန့်ကျင် ကန့်ကွက်တယ်လို့ ထပ်ပြီး အတည်ပြုထားပါတယ်။
နိုင်ငံအားလုံးရဲ့ သုံးပုံနှစ်ပုံကျော်ဟာ သေဒဏ်ပေးတာကို ဥပဒေအရ သို့မဟုတ် လက်တွေ့ ဖျက်သိမ်းခဲ့တာရှိပြီး ၂၀၂၄ ခုနှစ် မှာ ဇင်ဘာဘွေနိုင်ငံက သေဒဏ် ဖျက်သိမ်းခဲ့သလို ဇမ်ဘီယာနဲ့ Côte d’Ivoire တို့က အပြည်ပြည်ဆိုင်ရာ အရပ်ဘက်နှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ရဲ့ အပိုဆောင်းပဋိညာဉ် အတည်ပြုခဲ့တာကို ကြိုဆိုခဲ့ကြတယ်လို့ အသိပေး ထားပါတယ်။
အဲနှစ်ထဲမှာ နိုင်ငံပေါင်း ၁၃၀ နိုင်ငံက သေဒဏ်ပေးခြင်းကို ဆိုင်းငံ့ထားဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ကြတာကြောင့် ဒီအရေအတွက်ဟာ စံချိန်တင်အရေအတွက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
သေဒဏ်ဖျက်သိမ်းရေးအပေါ် ကမ္ဘာတဝှမ်း ထောက်ခံအားပေးမှုတွေ တိုးလာနေပေမယ့် အချို့သောနိုင်ငံတွေမှာတော့ သေဒဏ်ပေးတာတွေ ဆက်ရှိနေဆဲဖြစ်ပြီး ၂၀၂၄ ခုနှစ်ထဲမှာ သေဒဏ်အများဆုံးပေးတဲ့ နိုင်ငံတွေဟာ တရုတ်၊ အီရန်၊ ဆော်ဒီအာရေးဘီးယား၊ အီရတ်နဲ့ ယီမင် တို့ဖြစ်တယ်လို့ ဥရောပသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်နဲ့ ဥရောပကောင်စီ အတွင်းရေးမှူးချုပ်တို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဥရောပနိုင်ငံတွေထဲမှာဆိုရင် ဘီလာရုစ်နိုင်ငံဟာ သေဒဏ် မဖျက်သိမ်းသေးတဲ့ တခုတည်းသော နိုင်ငံဖြစ်ပြီး၊ အမေရိကန် ပြည်ထောင်စုမှာလည်း သေဒဏ်ပေးမှုတွေ ဆက်ရှိနေတယ်လို့ အဲဒီ ကြေညာချက်က ထောက်ပြထားပါတယ်။
သေဒဏ်ပေးတာကို ဆက်လက် အကောင်အထည်ဖော်နေတဲ့ နိုင်ငံအနည်းငယ်သာရှိတဲ့တွက် သေဒဏ်ပေးမှု လုံးဝ ဖျက်သိမ်းရေး ပထမအဆင့်အဖြစ် ဥပဒေဆိုင်ရာ ယာယီရပ်ဆိုင်းမှုကို စတင်ထုတ်ပြန်ဖို့ EU က တိုက်တွန်းထားပါတယ်။
သုတေသနအချက်အလက်တွေအရ သေဒဏ်ရှိတဲ့နိုင်ငံတွေဟာ သေဒဏ်မရှိတဲ့နိုင်ငံတွေထက် ရာဇဝတ်မှုမနည်းဘူးလို့ သိရသလို သေဒဏ်ဟာ မှားယွင်းတဲ့ တရားစွဲဆိုမှုတွေကို ပြန်လည်ပြင်ဆင်ခွင့်မရှိအောင် ပြုလုပ်ရာရောက်တဲ့အပြင် ပြုပြင်ပြောင်းလဲရေးနဲ့ လူမှုဘဝ ပြန်လည်ထူထောင်ရေးမှန်သမျှကိုလည်း ပျက်ပြားစေတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုထားပါတယ်။
ဥရောပကောင်စီနဲ့ ဥရောပသမဂ္ဂအနေနဲ့ ဥရောပအပါအဝင် သေဒဏ်ပေးမှုပြန်လည်စတင်တာတွေကို တုံ့ပြန်သွားမှာဖြစ်သ လို တားဆီးဆန့်ကျင်တာတွေ ဆက်လုပ်သွားမှာဖြစ်ပြီး ကမ္ဘာအနှံ့ သေဒဏ်ဖျက်သိမ်းရေး ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီ နည်းလမ်းတွေနဲ့ ဆွေးနွေးလှုံ့ဆော်သွားမယ်လို့ EU က ထုတ်ပြန်ထားပါတယ်။
အခုနှစ် နိုဝင်ဘာလမှာ ဂျပန်နိုင်ငံမှာကျင်းပမယ့် ဒေသတွင်း သေဒဏ်ပေးမှုတားမြစ်ရေးညီလာခံနဲ့ ၂၀၂၆ ခုနှစ်မှာ ပြင်သစ် နိုင်ငံမှာကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ သေဒဏ်ပေးမှုတားမြစ်ရေးညီလာခံကို EU က ကြိုဆိုလိုက်ပါတယ်။
သေဒဏ်ပေးတာနဲ့ ဒါကိုအကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေဟာ လူ့ဂုဏ်သိက္ခာကို ငြင်းပယ်တဲ့ လူမဆန်တဲ့ ယုတ်ညံ့ တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် ဥရောပသမဂ္ဂနဲ့ ဥရောပကောင်စီက သေဒဏ်ကို လုံးဝ ဖျက်သိမ်းဖို့ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၄။ စေတုတ္တရာ - ငဖဲလမ်းပိုင်းနဲ့ စေတုတ္တရာ - စလင်းလမ်းပိုင်းမှာ စစ်အုပ်စုရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့ စေတုတ္တရာ PDF ပြော
အောက်တိုဘာလ (၁၁)ရက်
မကွေးတိုင်းအတွင်းက စေတုတ္တရာ - ငဖဲလမ်းပိုင်းနဲ့ စေတုတ္တရာ - စလင်းလမ်းပိုင်းမှာ စစ်အုပ်စုရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နတယ်လို့ စေတုတ္တရာ PDF က ပြောကြားလိုက်ပါတယ်။
စေတုတ္တရာ PDF နဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးစီမံချက်တွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့အချက်အလက်တွေ ရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်တပ်က ရရှိထားတယ်လို့ သတင်းတွေထွက်နေတာကြောင့် စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အခုလို ပြောကြားလာတာဖြစ်ပါတယ်။
စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ စေတုတ္တရာ - ငဖဲလမ်းပိုင်းနဲ့ စေတုတ္တရာ - စလင်းလမ်းပိုင်းမှာ စစ်ရေး စီမံချက်တွေ လုပ်ဆောင်နေချိန်မှာ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ့ စစ်ရေးစီမံချက်တွေနဲ့ တပ်ဖွဲ့ရဲ့ အချက်အလက်တွေ အကြမ်းဖက်စစ်တပ်ထံ ပေါက်ကြားနေတာရှိတယ်လို့လည်း တပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးလှုပ်ရှားနယ်မြေဖြစ်တဲ့ စေတုတ္တရာ - ငဖဲလမ်းပိုင်း၊ စေတုတ္တရာ - စလင်းလမ်းပိုင်းနဲ့ စေတုတ္တရာမြို့နယ် တောင်ပိုင်းနယ်မြေတွေကို ဖြတ်သန်းသွားကြမယ့် တော်လှန်ရေး အင်အားစုတွေအနေနဲ့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ကြိုတင် အကြောင်းကြားပြီးမှ သွားကြဖို့ အသိပေး ထားပါတယ်။
အသိပေး အကြောင်းကြားတာမရှိဘဲ ဖြတ်သန်းသွားလာတာကြောင့် ဖြစ်ပေါ်လာတဲ့ပြသနာတွေကို ဖြတ်သန်းသွားလာသူနဲ့ အဖွဲ့အစည်းတွေက တာယူရမယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၁ဝ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment