သတင်းခေါင်းစဉ်များ -
📌မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ်မှာ ပြင်းထန်နေတဲ့စစ်ရေးအခြေအနေသတင်းများ
📌မော်လမြိုင်တွင် ပရဟိတဆရာဝန်တစ်ဦးကိုဖမ်းဆီးခဲ့ပီး အာဏာသိမ်းဆန့်ကျင်သူတွေကို စစ်ကောင်စီက ငွေညှစ်
📌တိုက်ပွဲပြင်းထန်လာချိန်မှာ ကေအဲန်ယူ- သထုံမြို့နယ် အလုပ်အမှု ဆောင်ကော်မတီမှပြည်သူလူထု လိုက်နာရမည့် အချက်(၄)ချက်ကိုထုတ်ပြန်ကြေငြာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ်မှာ ပြင်းထန်နေတဲ့စစ်ရေးအခြေအနေသတင်းများကို တင်ပြပေးပါ့မယ်
လေးကေကော်မြို့သစ်မှာ ကျူးကျော်သူနှင့်ခုခံတော်လှန်သူတို့ရဲ့စစ်ရေးအခြေအနေများတင်းမာနေဆဲရှိပါတယ်
မြဝတီတောင်ဘက် လေးကေကော် မြို့သစ်နေပြည်သူများနှင့် စစ်အာဏာရှင်ဆန့်ကျင်သူအပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို အာဏာသိမ်းတပ်က အဓမ္မဝင်ရောက်ဖမ်းဆီးရာမှ ကေအန်ယူတပ်မဟာ ၆ က ပြန်လည်ခုခံခဲ့ရတဲ့ စစ်ရေးအခြေအနေဟာ လေးရက်မြောက်သည်အထိ တင်းမာနေဆဲဖြစ်ပါတယ် ဒီဇင်ဘာလ ၁၅ ရက်မှာစခဲ့တဲ့ KNLA ပူးပေါင်းတပ်ဖွဲ့များရဲ့ ခုခံတိုက်ပွဲများမှာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၇ ဦးခန့်ကျဆုံးတယ်လို့သိရပီး စစ်ကောင်စီတပ်နှင့်လက်အောက်ခံ BGF တွေကိုတော့ ၈ ဦးထိ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်သူ သုံးဆယ်ဦးခန့်ကို စစ်ကောင်စီကဖမ်းသွားနိုင်ခဲ့တယ်သတင်းများထွက်ပေါ်ခဲ့ပီး အရေအတွက်အတိအကျကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ ဖမ်းခံလိုက်ရသူများထဲမှာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်နှင့်ဒေါက်တာပြည့်ဖြိုးတို့နှစ်ဦးရဲ့ အသက်အန္တရာယ်ကိုတော့ ဖမ်းဆီးသွားတဲ့သူတွေကတာဝန်ခံရမယ်လို့ လွှတ်တော်ကိုယ်စားလှယ်အချို့က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ သတိပေးထုတ်ပြန်ခဲ့ပီးဖြစ်ပါတယ်။ သူတို့ဟာ ဖမ်းဆီးခံရပီးသုံးရက်မြောက်သည်ထိ အဆက်အသွယ်မရရှိသေးဘူးလို့ဆိုပါတယ်။ တချိန်တည်းမှာပဲ လေးကေကော်အနီးက စစ်ကောင်စီတပ်ဖွဲ့ဦးရေ ၈၀ ခန့်ရှိတဲ့ အမြောက်ကုန်းကို KNLA နှင့်ပူးပေါင်းအဖွဲ့က စောင့်ကြည့်ပိတ်ဆို့ထးတာကြောင့် ရိက္ခာပြတ်လပ်မှုတွေ ကြုံနေရတယ်လို့ သတင်းရင်းမြစ်များက ဆိုပါတယ် ။ ရက်အတန်ကြာလာပြီဖြစ်တဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ဒေသခံများဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ဖြတ်ကျော်ခိုလှုံနေရသူတွေဟာ ၂၀၀၀ အထိရှိလာနေပီဖြစ်တယ်လို့ ဒေသခံတင်းရင်းမြစ်များကဖော်ပြထားပါတယ်။ ဒီဇင်ဘာ ၁၈ ရက်နေ့အရောက်မှာတော့ မနက်ပိုင်းကစလို့ ဘားအံမှ သံချပ်ကာ ကား ၂ စီးအပါအဝင် စစ်ယာဉ်တန်း ၁၄ စီး မြ၀တီဘက်သို့ ဆင်းလာနေ ကြောင်း၊ တောင်ငူမှ စစ်ရဟတ်ယာဉ် ၂ စီးလည်း ပျံသန်းသွားပြီး ဘားအံဘက်သို့ ဦးတည်နိုင်ကြောင်း ဒေသခံများက ပြောဆိုသတင်းပေးခဲ့ကြပီး မကြာခင် ညနေပိုင်းမှာပဲ အဆိုပါစစ်ယာဉ်တန်းကို (၉)တိုင်လမ်းဆုံနှင့် တံတားကျိုးနေရာအနီးတွင် တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တစ်စုမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။ ရှေ့ထွက်မိုင်း (၄)လုံးတိတိ ဖောက်ခွဲခံရပြီးနောက် စခယာဉ်တန်းသည် တရကြမ်းမောင်းပြေးပြီး မြင်မြင်ရာ ပြည်သူလူထုကြားသို့ ပစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ "သူတို့လာတာ အရှေ့က ဖောကား (၁)စီး ကြားထဲမှာ သံချပ်ကာ (၂)စီးပြီးမှ နောက်ဆုံးမှာ ဖောကား (၁)စီးနဲ့လာကြတာ။ အရှေ့က ဖောကား (၁)စီးက မိုင်းမိသွားတော့ မောင်းပြေးပြီး လမ်းတောက်လျှောက်ကို ရမ်းပစ်သွားတယ်" ဟု ဒေသခံတဦးကပြောပါတယ်။ လေးကေကော်မြို့တိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က အထိနာခဲ့ပြီးတဲ့နောက် စစ်ရေးအင်အားတိုးချဲ့မှုတွေပိုမို လုပ်ဆောင်နေတာကြောင့် စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေဆဲပါပဲ ။ လက်ရှိအချိန်မှာ မြဝတီ − ဝေါ်လေ ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဟာ အင်အား အများအပြားရောက်ရှိနေသလို ဒီဇင်ဘာလ ၁၈ ရက် မနက်ပိုင်းမှာလည်း လေးကေကော်မြို့အနီး ထိုင်း - မြန်မာနယ်စပ်မှာတည်ရှိနေတဲ့ မဲထော်သလေးရွာဘက်မှာ စစ်ကောင်စီဘက်က လေယာဉ် ပျံဝဲခဲ့တယ်လို့ နယ်မြေ သတင်းပေးပို့ချက်အရ သိရပါတယ်။
"နည်းနည်းတော့ထူးတယ်၊ လေယာဉ်ပျံတစ်စီးဝဲနေတယ်၊မဲထော်သလေးဘက်မှာ၊ လမ်းမှာတော့ စစ်ကားသက်သက်ပဲ၊ အခြေအနေကတော့ မကောင်းဘူး၊ အသွားအလာလည်းမရှိဘူး" လို့နယ်မြေခံတစ်ဦးက ပြောပါတယ်။ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ကရင်လူ့အခွင်အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးပြောတာကတော့ "လူသားချင်းစာနာထောက်ထားမှု အကူအညီ ရိက္ခာတွေအရေးပေါ်လိုအပ်နေတယ်ထိုင်းဘက်ကိုရောက်နေတဲ့ ဒုက္ခသည်တွေအတွက် ထိုင်းအာဏာပိုင်တွေဘက်က ကူညီလက်ခံထားပေးတာရှိတယ်။ ရိက္ခာတွေပေးပို့နိုင်ဖို့အတွက် နည်းနည်းစကားပြောရသေးတယ်၊ ပြီးခဲ့တဲ့ မိနစ် ၂၀ ခန့်က သေ့ဘောဘိုးဘက်မှာ သေနတ်သံတွေကြားနေရတယ် အလုံးကြီးပစ်သံတွေကြားရတယ်။ ကြားရတဲ့မြေပြင်သတင်းတွေအရ စစ်ရေးကပိုမိုပြင်းထန်
လာဖို့ရှိသလို ဒေသခံတွေကလည်း လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကို အရမ်းစိုးရိမ်နေကြလို့ မဲထော်သလေဘက်မှာဆိုရင် အားလုံးနီးပါးက ထွက်ပြေး ကုန်ကြပီ။ တိုက်ပွဲတွေ ဘယ်အချိန်ထိဆက်ဖြစ်နေဦးမလဲဆိုတာတော့ ခန့်မှန်းမရဘူးလို့ ၊ ကရင့်လူ့အခွင့်အရေးအဖွဲ့မှ ဒုက္ခသည်များကိုကူညီနေတဲ့ စောနန္ဒဆူးက ပြောပြခဲ့ပါတယ်။
========================
📌📌မော်လမြိုင်တွင် ပရဟိတဆရာဝန်တစ်ဦးကိုဖမ်းဆီးခဲ့ပီး အာဏာသိမ်းဆန့်ကျင်သူတွေကို စစ်ကောင်စီက ငွေညှစ်ခဲ့ကြပါတယ်
မော်လမြိုင်မြို့ ငွေမိုးဆေးရုံမှာ အလုပ်ဝင်နေတဲ့ ဒေါက်တာချမ်းမြေ့အောင်ကို စစ်ကောင်စီလက်အောက်ခံအဖွဲံများက အင်အားအများအပြားဖြင့် ဒီဇင်ဘာ ၅ ရက်နေ့က လာရောက်ဖမ်းဆီးသွားပါတယ် ပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ခံခဲ့ရပီးနောက်မှာတော့ ဒီဇင်ဘာ ၁၇ ရက်က အမှုဖွင့်လှစ်ကာ ကျိုက်မရောအကျဥ်းထောင်သို့ပို့ဆောင်လိုက်ကြောင်း ဒေါက်တာနှင့်နီးစပ်သည့် မိသားစုများကပြောပါတယ်။ ဒေါက်တာချမ်းမြေ့အောင်သည် ယခင်က အထူးကုစစ်ဆရာဝန်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်နှစ်နှစ်ခန့်က အလုပ်ရပ်နားခဲ့ကာ အပြင်ဆေးရုံနှင့် ပရဟိတအသင်းတချို့တွင် စေတနာ့ဝန်ထမ်းဆရာဝန်တစ်ဦးအဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူဟာ မော်လမြိုင်မြို့အတွင်း ပထမဆုံးဖမ်းခံရတဲ့ စေတနာ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်းတဦးလည်းဖြစ်ပါတယ်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ငွေတိုက်စာချုပ်များကိုဝယ်ယူခဲ့သည်ဟုဆိုပြီး စစ်တပ်နှင့် ရဲအင်အားအများအပြားဖြင့် ငွေမိုးဆေးရုံကို လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပါတယ်။ ဒေါက်တာချမ်းမြေ့အောင်ထံမှ NUG ငွေတိုက်စာချုပ်ဝယ်ယူကြောင်း အထောက်အထားများ မတွေ့ရှိခဲ့ပါဘူး။ ဒါပေမယ့် စစ်တပ်နှင့်ပက်သက်ပြီး ဝေဖန်ရေးပြုလုပ်သည့်ပို့စ်များ လူမှုကွန်ရက် စာမျက်နှာတွင် ထပ်ဆင့်ဝေမျှထားသည့်အကြောင်းများကိုကြည့်ပီး နိုင်ငံရေးပုဒ်မ-၅၀၅(က)ဖြင့်စွဲဆိုခဲ့ကြခြင်းပါ။ “လာဖမ်းသွားတာ။ စစ်သားကော ရဲကောအင်အားနဲနဲပါတယ်။ လူ ၁၅ ယောက်ရှိမယ်။ အရပ်ဝတ်တွေနဲ့။ လာမဖမ်းခင်မှာ ဆေးရုံကို အရပ်ဝတ်တွေနဲ့လာပြီးစုံစမ်းတာတွေရှိခဲ့ပါတယ်"ဟု အဆိုပါဒေါက်တာနှင့် နီးစပ်သူတစ်ဦးကပြောသည်။ မွန်ပြည်နယ်တွင်းရှိ ဘီးလင်း သထုံ ပေါင်မြို့နယ်များတွင်လည်း စစ်ကောင်စီလာက်အောက်ခံ အဖွဲ့များသည် လူမှုကွန်ရက်စာမျက်နှာအကောင့်များတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လိုဂိုတင်ထားသူအပါအဝင် PDF တို့ကိုထောက်ပံံ့ပေးနေသည်ဟု သံသယရှိသူလူငယ်များကို အတင်းအကျပ်ဖမ်းဆီးစစ်ဆေးခဲ့ကြပါတယ်။ စစ်ဆေးပြီးနောက်မှာတော့ ငွေကြေးအမြောက်အများတောင်းခံကာ ပြန်ပေးဆွဲသည့်ပုံစံဖြင့် ပြန်လည်လွတ်ပေးခဲ့တာရှိကြောင်း ဖမ်းဆီးခြင်းခံရသူ မိသားစုဝင်တစ်ဦးကပြောပါတယ်။
"အဓိက ဖုန်းတွေစစ်တာ။ အဲ့မှာ NUG ထောက်ခံတာတို့ PDF တွေကို ထောက်ပံ့တဲ့အကြောင်းတွေ တွေ့တာနဲ့ တန်းဖမ်းသွားတာပဲ။ NUG ကိုထောက်ခံတဲ့ လိုဂိုတင်တာနဲ့ကိုတန်းဖမ်း။ အနီးအနားကတပ်စခန်းထဲ ခေါ်စစ်တော့တာပါပဲလို့ ဖမ်းဆီးခံခဲ့ရသူ မိသားစုဝင်တွေက ပြောပါတယ်။ ထို့နောက်မှာတော့ ဖမ်းဆီးခံထားရသူများကို စိတ်ပူပီးလိုက်လာသော မိသားစုဝင်များဆီက ငွေကြေးညှိနှိုင်းကာ ပြန်လွှတ်ပေးကြောင်း သိရပါတယ် ပြန်လည်လွတ်မြောက်ခဲ့သူတချို့မှာ ငွေကြေးတစ်သိန်းမှ ၂၀ သိန်းအထိ ပေးအပ်ခဲ့ရခြင်းများရှိခဲ့ပြီး တချို့မှာ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့လည်းသိရပါတယ်။
========================
📌📌တိုက်ပွဲပြင်းထန်လာချိန်မှာ ကေအဲန်ယူ- သထုံမြို့နယ် အလုပ်အမှု ဆောင်ကော်မတီမှပြည်သူလူထု လိုက်နာရမည့် အချက်(၄)ချက်ကိုထုတ်ပြန်ကြေငြာခဲ့ပါတယ်
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၈ရက်၊ သထုံခရိုင် ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ် အလုပ်မှုဆောင်ကော်မတီမှ (၁၅-၁၂-၂၀၂၁) ရက်နေ့ ရက်စွဲဖြင့်
ပြည်သူလူထုများ လိုက်နာရမည့် အချက် (၄)ချက်ပါ ကြေငြာချက်တစ်စောင်ကို အောက်ပါအတိုင်း ထုက်ပြန်ကြေငြာလိုက်သည်။ ရေးသားချက်မှာပါရှိတာကတော့
(၁) ခရီးသွားလာခွင့်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာခွင့်ပြုသည်။ ၎င်းကန့်သတ်ချိန်ကို ကျော်လွန်၍ ခရီးသွားလာခွင့်မပြုပါ။
(၂) သထုံခရိုင်-သထုံမြို့နယ်၊ တပ်ရင်း (၂)ထိန်းချုပ်နယ်မြေအတွင်း မော်တော်ယာဥ်ဖြစ်သည့် ကားဖြင့်ခရီး သွားလာပါက ကားမှန်များကို ချ၍မောင်းနှင်ရန်။
(၃) မော်တော်ကား၊ ဆိုင်ကယ် စက်တပ်ယာဥ်များဖြင့် ခရီးသွားလာရာတွင် တာဝန်အရ စစ်ဆေးလိုပါက ကြည်ဖြူစွာ လက်ခံပေးရန်။
(၄) ပြည်သူများအနေဖြင့် အရေးပေါ် ကိစ္စရပ်များ ရှိလာပါက သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များထံ ဆက်သွယ် အကြောင်းကြားရန် တို့ဖြစ်သည်။
ကေအဲန်ယူ-သထုံမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေကြသော ပြည်သူများအနေဖြင့် ထုက်ပြန်ကြေငြာချက်ပါ အချက်များကို လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူမည်မဟုတ်ဟု ပါရှိတာဖြစ်ပါတယ်။ အဆိုပါ ကေအဲန်ယူ-သထုံခရိုင် KNLA နှင့် PDFပူးပေါင်းတပ်ဖွဲ့များသည် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် (၆)နာရီအချိန်က ကြသောင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ BGF-၁၀၁၃ တပ်စခန်းအား တက်ရောက်သိမ်းယူနိုင်ခဲ့ကြပါတယ်။ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ (၁)၊ တပ်ရင်း(၁)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည(၉)နာရီ ၃၀ မိနစ်၌ BGF-၁၀၁၃ စခန်းအား သိမ်းယူနိုင်ခဲ့ကြခြင်းပါ။ အောင်ပွဲရပီးပြန်လာသော KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့အား ဒေသခံပြည်သူလူထုမှ ပန်းကုံးများ၊ သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြပီး မှတ်တမ်းဓာတ်ပုံများမှာ လူမှုကွန်ရက်များတွင်ဝေဝေဆာဆာဖော်ပြခံခဲ့ရပီး စစ်အာဏာရှင်ဆန့်ကျင်သောပြည်သူအပေါင်းက ဝမ်းသာအားရဖြစ်နေကြပါတယ်။ အခုလို အောင်ပွဲရ တော်လှန်ရေးစစ်သည်များကိုဂုဏ်ပြုကြိုဆိုရာမှာ ဦးဆောင်သူအမျိုးသမီးတဦးက "ဒီနယ်မြေမှာ BGFစခန်းဖြစ်ဖြစ်၊ စစ်ကောင်စီစခန်းဖြစ်ဖြစ် လုံးဝအလိုမရှိဘူး၊
အခု BGFစခန်းကို သိမ်းနိုင်တယ်ဆိုတော့ ကိုယ့်ရဲ့စစ်သားတွေ အတွက်ဂုဏ်ပြုပေးတာပါ" လို့ ပြောကြားခဲ့ပါတယ်။ KNU-KNLA တပ်မဟာများနှင့် စစ်ကောင်စီတပ်တို့ ထိပ်တိုက်စစ်ပွဲတွေ အခုလိုပြင်းထန်နေစဉ်မှာပဲ စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ နယ်ခြားစောင့်တပ်အမည်ခံ BGF အဖွဲ့ကတော့ မြဝတီမြို့၌ တပ်ဖွဲ့ဝင်များသည် ညအချိန် တာဝန်မှအပ ယူနီဖောင်း မဝတ်ဆင်ဖို့ သတိပေးစာတစောင်ကိုထုတ်ပြန်ခဲ့ကြတာကိုလည်း တွေ့ရှိရပါတယ်
ဒီဇင်ဘာလ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပီး BGF ၁၀၁၇ တပ်မှူးကိုယ်စား လက်မှတ်ထိုးထားတဲ့အဆိုပါအသိပေးစာမှာတော့ မြဝတီတွင်းရှိ တပ်ရင်းတပ်နယ်တပ်ဖွဲ့များအားလုံးသည် စာပါရက်စွဲမှစလို့ ညချိန်ခါတွင် တာဝန်မှအပ ယူနီဖောင်းအပြည့် ၎င်း တပိုင်းသော်၎င်း ဝတ်ဆင်ခြင်းမပြုရန် သတိပေးထုတ်ပြန်ခဲ့ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment