19th Dec 2021 - Morning Daily News by Radio NUG



ဒီဇင်ဘာလ ၁၈ ရက်နေ့ ရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌လူမျိုးရေးပဋိပက္ခကို ဆင်ခြင်သတိထားကြရန်ထုတ်ပြန်ကြေငြာချက်တရပ်ကို ရခိုင့်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်
📌ကနီမြို့နယ်ထဲမှာ ပျားမွေးမြူသူတစ်ချို့ ပိတ်မိနေ
📌ညောင်ရမ်းတောင်ရပ်ကွက်ရှိ နေအိမ်အချို့ကို စကစတပ်များဝင်စီးပြီး လူငယ်သုံးဦးကို ဖမ်းသွား
📌နှမ်းခါးရွာကို စစ်ကောင်စီက ရဟတ်ယာဉ် ၃စီးဖြင့် ပစ်ခတ်မှုကြောင့် ရွာသား ၃ ဦးဒဏ်ရာရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌လူမျိုးရေးပဋိပက္ခကို ဆင်ခြင်သတိထားကြရန်ထုတ်ပြန်ကြေငြာချက်တရပ်ကို ရခိုင့်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ခဲ့ပါတယ်

လူမျိုးရေးပဋိပက္ခများအထိ ဦးတည်သွားစေနိုင်သော ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်
ထိုဖြစ်စဉ်များမှာ
မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာ မှာ ဒီဇင်ဘာလ ၉ ရက်နေ့က စပါးရိတ်သိမ်းခြွေလှေ့စက်နှစ်လုံးကို ညအချိန်မီးတိုက်ဖျက်ဆီးခဲ့သောဖြစ်စဉ်
ဒီဇင်ဘာလ ၁၁ ရက် လောင်းကြက်ရွာအနားတွင် ရိတ်သိမ်းပီးသော ကောက်လှိုင်းစည်းများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့သောဖြစ်စဉ်
ဒီဇင်ဘလာ ၁၂ ရက်နေ့ ကျောက်တော်မြို့နယ်တွင် ရခိုင်အမျိုးသမီးတဦးအားမုဒိမ်းကျင့်ရန်ကြိုးစားခဲ့သည့်ဖြစ်စဉ်
ဒီဇင်ဘာ ၁၃ ရက်တွင် ဂွမြို့ ရွာမရပ်ကွက်တွင် မူလတန်းလွန်ကျောင်းအား မီးတိုက်သည့်ဖြစ်စဉ်
ဒီဇင်ဘာလ ၁၄ ရက်တွင် ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာတွင် ရိတ်သိမ်းပီးသောစပါးများကို မီးတိုက်ခဲ့သောဖြစ်စဉ် စသည်ဖြင့် ထူးခြားဖြစ်စဉ်များကို ရခိုင့်အမျိုးသားအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်
အဆိုပါဖြစ်ရပ်များသည် မူဆလင်ကျေးရွာအနီးတွင်ဖြစ်ပွားခဲ့ခြင်းရှိသကဲ့သို့ ရခိုင်ကျေးရွာအနီးတွင်လည်း တပြိုင်နက် ရှေ့ဆင့်နောက်ဆင့်ဖြစ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ် ထိုအချက်များကြောင့် အဖွဲ့အစည်းတခုခုသည် မကောင်းသည့်ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးလှုံ့ဆော်မှုဖြင့် နောက်ကွယ်က ကြိုးကိုင်နေသည်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း ရခိုင့်အမျိုးသားအဖွဲ့ချုပ်ကယူဆထားပါတယ် ဖြစ်ရပ်များသည် လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများနှင့်အတူ လူမျိုးရေးပဋိပက္ခများကိုဦးတည်သွားစေနိုင်တာဖြစ်လို့ ဒါတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးသောလုပ်ရပ်များဖြစ်ကြောင်း ထို့ကြောင့်မြို့ရွာအသီးသီးမှာ ရှိကြတဲ့ ပြည်သူတွေဟာ မီးဘေးနှင့်စည်းစိမ်အိုးအိမ်လုံခြုံရေးအတွက် လူစိမ်းအဝင်အထွက်များကို သတိထားရန်လိုကြောင်း ရေးသားထားတဲ့အပြင် ရခိုင့်တပ်မတော်သည် ပြည်သူ့လုံခြုံရေးကိုတာဝန်ယူမှာလည်း ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ် စစ်အာဏာသိမ်းခံရပီးနောက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်တွင်းက ဒီမိုကရေစီလိုလားသူများရဲ့ စစ်ကောင်စီအပေါ် နည်းပေါင်းစုံတော်လှန်ရေးများဟာ နေ့စဉ်အရှိန်မြင့်လျက်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ လူထုထောက်ခံမှုအားကောင်းပီး အင်အားကြီးလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်လာနေတဲ့ AA ရက္ခိုင့်တပ်တော်ကတော့ ခုချိန်ထိ အာဏာသိမ်းစစ်ကောင်စီနဲ့ တိုက်ပွဲကြီးကြီးမားမားမရှိသေးသော်လည်း စစ်ရေးတင်းမာမှုတွေကတော့ ဒီဇင်ဘာ ပထမပတ်မှာ ပိုမိုထင်ရှားလာနေပါတယ် ။ အခုလိုလူမျိုးရေးပဋိပက္ခဆိုင်ရာသတိပေးချက်များ ထွက်ပေါ်လာချိန်ဟာ ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးများအား လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ Universal Jurisdiction ဥပဒေအောက်မှတင်သွင်းလိုက်သော စွဲချက်များကို အာဂျင်တီးနားတရားရုံးက လက်ခံကြားနာနေတဲ့အချိန်လည်းဖြစ်ပါတယ်။

========================

📌📌ကနီမြို့နယ်ထဲမှာ ပျားမွေးမြူသူတစ်ချို့ ပိတ်မိနေ

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲ ပျားအုံတွေ ရွှေ့ပြောင်းမွေးမြူထားတဲ့ ပုဂ္ဂလိက ပျားမွေးမြူသူတစ်ချို့ဟာ လုံခြုံရေး အခြေအနေကြောင့် ပြန်လည် ထွက်ခွာနိုင်ခြင်းမရှိဘဲ ပိတ်မိနေတယ်လို့ ပျားမွေးမြူရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ ပျားအုံပေါင်း ၁ ထောင်ကျော် ပါရှိတဲ့ ပုဂ္ဂလိက ပျားမွေးမြူသူ ၅ ဦးဟာ စက်တင်ဘာလကတည်းက ကနီမြို့နယ်မှာ ဇီးပျားရည် ထုတ်လုပ်ဖို့ချထားမွေးမြူခဲ့ပြီး ယခုအခါ ပျားရည်ထုတ်ရာသီ ကုန်ဆုံးသွားတဲ့အတွက်ပြန်လည်ရွှေ့ပြောင်းရမယ့် ကာလထက် ရက်သတ္တပတ် ၄ ပတ် ကျော်လွန်နေပေမဲ့ ပျားအုံတွေ ချထားမွေးမြူထားတဲ့ ကျေးရွာဟာ ကြံ့ခိုင်ရေးပါတီအမာခံကျေးရွာ ဖြစ်နေတာကြောင့် လုံခြုံရေးအရ ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ ပိတ်မိနေတာပါ။ “ကနီ ပျားစားကျက်က အောက်တိုဘာ လကုန်ပိုင်းလောက်ဆို ပျားစာကုန်ပြီ။နိုဝင်ဘာလထဲမှာ ပျားအုံတွေကို ရှမ်းပြည်ဘက်က ပန်းနှမ်းစိုက်ခင်းတွေကို ပြန်ရွှေ့တာများတယ်။ အခု သူတို့ပြန်ရွှေ့လို့ မရတဲ့အပြင် အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့အနေအထား ဖြစ်နေပြီ။ ဒီအတိုင်း နောက် ၃ လလောက် ဆက်သွားရင် ပျားအုံတွေ ဆုံးရှုံးမယ်။ စီးပွားပျက်မယ်ပေါ့ဗျာ” လို့ ပုဂ္ဂလိက ပျား မွေးမြူသူတစ်ဦးက ပြောပါတယ်။ ပိတ်မိနေတဲ့ ပျားမွေးမြူသူ ၅ ဦးနဲ့အတူ ပျားစခန်းလုပ်သား စုစုပေါင်း (၅၀)ကျော်လည်း ပါဝင်တာကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရတဲ့အတွက် အမြန်ဆုံး ပြန်လည် ရွှေ့ပြောင်းလိုနေတယ်လို့ ပိတ်မိနေသူလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
“ကျွန်တော်တို့က နှစ်တိုင်း ဒီဒေသကို လာချနေကြပါ။ အခုကျမှ ကျွန်တော်တို့ ချထားတဲ့ရွာက ကြံ့ဖွံ့အမာခံရွာ ဖြစ်နေလို့ ကျွန်တော်တို့ကိုပါ တစ်ခြားရွာတွေက မယုံကြတော့ဘူး။ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး” ဆိုပြီး အဆိုပါ လုပ်ငန်းရှင်က ဆက်ပြောပါတယ်။ ကနီမြို့နယ်မှာရှိတဲ့ ပျား စားကျက်ကို မြန်မာတစ်နိုင်ငံလုံးက ရာနဲ့ချီတဲ့ ပျားမွေးမြူသူတွေဟာ ပေါင်းသောင်းနဲ့ချီတဲ့ ပျားအုံတွေကို နှစ်စဥ်ရွှေ့ပြောင်းမွေးမြူလေ့ရှိပြီး လက်ရှိအချိန်မှာ ပိတ်မိနေတဲ့ လုပ်ငန်းရှင်တစ်ချို့ကလွဲပြီး အားလုံးနီးပါး ပြန်လည်ရွှေ့ပြောင်းသွားပြီလို့ သိရပါတယ်။

========================

📌📌ညောင်ရမ်းတောင်ရပ်ကွက်ရှိ နေအိမ်အချို့ကို စကစတပ်များဝင်စီးပြီး လူငယ်သုံးဦးကို ဖမ်းသွား

ဒီဇင်ဘာလ ၁၇ ရက် မနက်က ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်၊ မျှော်အင်းကန်လမ်းရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ်သုံးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီဇင်ဘာလ ၁၇ ရက် မနက်အစောပိုင်း (၁၂)နာရီခွဲခန့် သန်ခေါင်ယံအချိန်က ညောင်ရမ်းတောင်ရပ်ကွက်နေ ကိုဝနကျော် ဆိုသူနှင့်အတူ သူငယ်ချင်းနှစ်ဦး စုစုပေါင်းသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောပါတယ်။
"လမ်းကြားထဲဝင်လာတာ Vigoကား(၂)စီး အင်အားအပြည့်ပါတယ်။ ဖမ်းခံရသူတွေက အိပ်မောကျနေကြတာ။ သူတို့က အိမ်နီးနားချင်းတွေပဲ၊အခုတလော လူငယ်ဆိုတာနဲ့ သူတို့က အကုန်လိုက်ဖမ်းနေတာပဲ။လူငယ်တွေလည်း မနေရဲကြတော့၊ကိုယ့်အိမ်မှာကိုယ်နေနေရင်တောင် မလုံခြုံတော့ဘူး၊ညတိုင်းလို လာဖမ်းနေတာ၊ဖမ်းသွားပြီးရင်လည်း အဆက်သွယ်ပြတ်သွားတယ်၊ သတင်းတွေကို မကြားတော့ဘူး"လို့၎င်းကပြောပါတယ်။
ဖမ်းဆီးခံရသူများမှာ လက်နက်ခဲယမ်းများနှင့် ပက်သက်မှုရှိသည့်အတွက် ဖမ်းဆီးခြင်းဟု စစ်ကောင်စီတပ်ဘက်မှ သတင်းထွက်ပေါ်လာပေမဲ့လည်း ယင်းမှာစွပ်စွဲဖမ်းဆီးခြင်းသာဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း ဒေသခံတွေက ပြောပါတယ်။

========================

📌📌နှမ်းခါးရွာကို စစ်ကောင်စီက ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်မှုကြောင့် ရွာသား ၃ ဦးဒဏ်ရာရ

ဒီဇင်ဘာ ၁၇ ရက်နေ့နေ့မွန်းလွဲပိုင်း ၂ နာရီကျော်ခန့်က စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို လေကြောင်းမှ ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွာသား ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံကပြောပါတယ်။

" အနီးနားကရွာက လူခံတွေစုပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ကိစ္စ၊ သစ်မှောင်ခိုတိုက်ဖျက်ဖို့ကိစ္စတွေပေါ့၊ အဲ့ဒါတွေအတွက် အစည်းအဝေးလုပ်တာ။ လုပ်နေတုန်းအပစ်ခံရတော့ ၃ ဦးဒဏ်ရတယ်လို့ကြားတယ်။ ရွာခံတွေတော့မဟုတ်ဘူး။ တခြားရွာကနေ အစည်းအဝေးလာတက်တဲ့သူလို့သိရတယ်။ ရေရှင်ကတစ်ဦး၊ မွေ့လယ်ကတစ်ဦး နဲ့နောက်တစ်ဦးက ရွာနာမည်သေချမသိရဘူး" လို့ နှမ်းခါးရွာက ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီရဟတ်ယာဉ် ၃ စီးဟာ ပစ်ခတ်မှုပြုလုပ်ပြီးနောက် ရွာကိုလှည့်ပတ်ကြည့်ရှုကာ ပြန်ထွက်သွားကြောင်း သိရပါတယ်။ လက်ရှိတွင် စစ်တပ်အင်အား ၁ဝဝခန့်ဖြင့် နှမ်းခါးကျေးရွာကို ပိတ်ဆို့တပ်စွဲထားပြီး ကျေးရွာအတွင်း ပြည်သူများပိတ်မိနေကြောင်း ဂန့်ဂေါလူငယ်အသံအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
နှမ်းခါးရွာဟာ စစ်ကောင်စီတပ်ရဲ့ အကြိမ်ကြိမ်ဝင်ရောက် ဖျက်ဆီးမီးရှို့ခြင်းကိုခံထားရတဲ့ ရွာဖြစ်ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment