ဒီဇင်ဘာလ ၂၅ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရသည် ကရင်နီပြည်နယ်တွင်စစ်ကောင်စီကျူးလွန်ခဲ့သောစစ်ရာဇဝတ်မှုများနဲ့ပက်သက်ပီး သဘောထားကြေညာ
📌ဖယ်ခုံမြို့နယ် စစ်ရှောင်ကလေးများအတွက် စာသင်ပေးမည့် ကျောင်းဆရာ၊ ဆရာမ လိုအပ်
📌ငြိမ်းချမ်းရေးနယ်မြေသတ်မှတ်ထားတဲ့ လေးကေကော်မြို့သစ်ကို စစ်ကောင်စီက သုံးကြိမ်မြောက်ဗုံးကြဲ
📌အာဏာသိမ်းစစ်တပ်၏ စစ်ရာဇဝတ်မှုကို ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦးက သဘောထားကြေညာချက်ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရသည် ကရင်နီပြည်နယ်တွင်စစ်ကောင်စီကျူးလွန်ခဲ့သောစစ်ရာဇဝတ်မှုများနဲ့ပက်သက်ပီး သဘောထားကြေညာချက်တရပ်ကို ထုတ်ပြန်ခဲ့ကြပါတယ်
ဒီဇင်ဘာလ ၂၅ ရက်တွင်ထုတ်ပြန်သောအဆိုပါကြေညာချက်မှာ
အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီပြည်နယ်အတွင်း ခရစ္စမတ်အကြိုနေ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်
၁။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် (ခရစ်စမတ်အကြိုနေ့) တွင် အကြမ်းဖက်စစ်အုပ်စုသည် ရက်စက်ကြမ်းကြုတ်ပြီး၊ လူမဆန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ကျူးလွန်ခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခရစ်ယာန်ဘာသာဝင်များ အထွတ်အမြတ်ထားသည့် ခရစ္စမတ်ကာလအတွင်း ခရစ်ယာန် ဘာသာဝင်များ အများစုနေထိုင်သည့် ကရင်နီပြည်နယ်သည် ယခုကဲ့သို့ စက်ဆုပ်ဖွယ် အကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရသဖြင့် သေဆုံးသူများနှင့် ထိခိုက်သူများ၏ မိသားစုဝင်များ၊ ပြည်နယ်သားများ၊ အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သော အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသော၊ ရင်ဆိုင်ကြုံတွေ့နေကြရသော ပြည်သူများနှင့် ထပ်တူကြေကွဲ ဝမ်းနည်းရပါကြောင်း ဖော်ပြလိုပါသည်။
၂။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်တွင် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့များက ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးသို့ နယ်မြေရှင်းလင်းရေးပြုလုပ်လာခဲ့ပြီး လမ်းကိုပိတ်ကာ ဒေသခံရွာသူရွာသားများ၊ လမ်းသွားလမ်းလာများအပါအဝင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့သည်။ နယ်ခြားစောင့်တပ်ရင်း (၁၀၀၄) မှ တပ်ဖွဲ့ဝင် လေးဦးက အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးထားခြင်းအား ပြန်လည်လွှတ်ပေးရန် သွားရောက်ညှိနှိုင်းခဲ့ရာ ၎င်းတို့လေးဦးကို ဖမ်းဆီးကာ ကြိုးဖြင့်တုတ်၍ ဦးခေါင်းကို အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။ ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ ပြည်သူ ၃၅-၄၀ ဦးခန့်ကိုလဲ ကြိုးဖြင့်တုတ်ကာ မီးရှို့သတ်ဖြတ်ခဲ့ပြီး၊ ယာဉ်ကြီး၊ ယာဉ်ငယ် ၁၁ စီးကိုလည်း တစ်ပါတည်းမီးရှို့ဖျက်ဆီးခဲ့သည်။
၃။ ယခုဖြစ်စဉ် မတိုင်မီကလဲ အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အရှင်လတ်လတ်မီးရှို့သတ်ခြင်းစသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်။ ဒီဇင်ဘာလ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သံဖိုကျေးရွာမှ ရွာသားတစ်ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် မီးရှို့သတ်ဖြတ်ခံထားရသည့် ၎င်း၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြရသည်။ ဒီဇင်ဘာလ ၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုံးတောရွာတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်ငါးဦးအပါအဝင် ရွာသား ၁၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ခေါင်းကွဲကျေးရွာတွင် မသန်စွမ်းသူတစ်ဦးအပါအဝင် ရွာသား ငါးဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်။
၄။ ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်း ခရစ်စမတ်ပွဲတော်ကို ဆင်နွှဲနေကြပြီး ပွဲတော်၏ ငြိမ်းချမ်းရေးသတင်းစကားကို မျှဝေသယ်ဆောင်နေကြချိန်ဖြစ်သည့်အလျောက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် ပိုမိုးတိုးမြှင့်ကျူးလွန်လာနေသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ချက်ချင်းရပ်တန့်စေရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ထိထိရောက်ရောက် ဝိုင်းဝန်းဆောင်ရွက်ကြပါရန် ထပ်လောင်းတောင်းဆိုပါသည်ဟု ရေးသားထုတ်ပြန်ခဲ့ပါတယ်။
========================
📌📌ဖယ်ခုံမြို့နယ် စစ်ရှောင်ကလေးများအတွက် စာသင်ပေးမည့် ကျောင်းဆရာ၊ ဆရာမ လိုအပ်
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းက စစ်ရှောင်ကလေးတွေကို စာသင်ပေးမဲ့ ကျောင်းဆရာ၊ ဆရာမတွေ လိုအပ်နေကြောင်း စုံစမ်းသိရှိရပါတယ်။
ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ဒေသခံ (၇၀၀)ကျော် ထွက်ပြေး တိမ်းရှောင်ကြရပြီး ကလေးတွေအတွက် ပညာရေး လိုအပ်လာကြောင်း သိရပါတယ်။
“ကလေးတွေအတွက် ဆရာ၊ ဆရာမတွေ လိုအပ်နေပါတယ်။ အခုတော့ တတ်နိုင်သလောက် ဆရာတွေနဲ့ ကလေးတွေကို စာသင်ပေးနေတာ ရှိတယ်။ ဆရာမတွေ လုံလောက်မှုမရှိတော့ စာကောင်းကောင်းမသင်ပေးနိုင်ဘူး” လို့ ဖယ်ခုံမြို့နယ်အတွင်း စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ရှောင်နေတဲ့ ကလေးတွေအတွက် အချိန်အလကား မဖြစ်စေဖို့နဲ့ စာမသင်ရပါက ကလေးငယ်တွေ အနာဂတ်ပျောက်သွားနိုင်တာကြောင့် စာသင်ပေးဖို့အတွက် ဆရာ၊ ဆရာမတွေ လိုအပ်နေကြောင်း သိရပါတယ်။
“ကလေးတွေ စာမသင်ရရင် နောက်ကျရင် စာမတတ်တာတွေ ဖြစ်တော့မယ်။ ပြီးတော့ သူတို့အနာဂတ်တွေ ပျောက်သွားနိုင်တယ်။ တချို့ဆို လမ်းကြောင်းမှားပြီး မူးယစ်ဆေးဝါး သွားသုံးမှာ စိုးရိမ်ရတယ်လေ။ ဒါကြောင့် စာသင်ပေးနိုင်ဖို့ ဆရာမတွေ လိုအပ်နေတာ” လို့ စစ်ရှောင်တွေကို ကူညီပေးတဲ့သူက ပြောပါတယ်။ လက်ရှိ ဖယ်ခုံမြို့နယ်အတွင်း စစ်ရှောင် (၇၀၀)ကျော် ရှိပြီး ကလေးသူငယ် (၃၀၀) ကျော်ရှိနေကြောင်း၊ အဲ့ဒီကလေးတွေကို စာသင်ပေးနေသည့် ဆရာ၊ ဆရာမ ဝန်ထမ်း (၆)ဦးသာ ရှိနေတယ်လို့ သိရပါတယ်။
========================
📌📌ငြိမ်းချမ်းရေးနယ်မြေသတ်မှတ်ထားတဲ့ လေးကေကော်မြို့သစ်ကို စစ်ကောင်စီက သုံးကြိမ်မြောက်ဗုံးကြဲလိုက်ပါတယ်
ဒီဇင်ဘာလ ၁၅ ရက်ကစလို့ စစ်ကောင်စီဘက်ကမြေပြင်မှာအထိနာပီးနောက် တိုက်လေယာဉ်နဲ့လာရောက်ဗုံးကြဲပစ်ခတ်မှုတွေဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်အခါသမယမှာပဲ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ် မြဝတီမြို့ တောင်ဘက်ခြမ်း လေးကေကော်ဒေသ အနီးဝန်းကျင်ကို ဒီဇင်ဘာလ ၂၅ ရက် မွန်းလွဲ ၁ နာရီမှစတင်ပီး လေယာဉ်ဖြင့် ထပ်မံပစ်ခတ်မှူများပြုလုပ်ခဲ့ကြပါတယ်။ လေးကေကော်ဒေသတွင် လေကြောင်းပျံသန်းမှု ကင်းမဲ့ ဇုန်အဖြစ် သတ်မှတ်ပေးဖို့ကုလသမဂ္ဂအဖွဲ့အစည်းထံ KNU-ကရင်အမျိုးသား အစည်းအရုံးဘက်က တောင်းဆိုနေမှုတွေဟာ အရာမထင်သေးဘဲ ခုချိန်ထိ ဒုက္ခသည်အမြောက်အမြားပြောင်းရွှေ့ထွက်ပြေးရတဲ့အပြင် ယခုအကြိမ် လေကြောင်းပစ်ခတ်မှုမှာတော့ ထိခိုက်မှုတွေ ရှိခဲ့ပါတယ် KNU ဘက်ကနိုင်ငံတကာအဖွဲ့အစည်းအားလုံးနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို ဒီဇင်ဘာလ ၂၀ ရက်နေ့က No Fly Zone စတင်တောင်းဆိုပြီးနောက် ဒါဟာဆိုရင် ၃ ရက်ဆက်တိုက်ဗုံးကြဲခံရခြင်းလည်းဖြစ်ပါတယ်
"ဒီကနေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ် အချိန်လောက်မှာ လာပစ်တာ။ ပြည်သူတွေ နေတဲ့နေရာကို ဦးတည်ပြီး ပစ်တာကိုး၊ ပြည်သူတွေ ထိမှန်တာပေါ့။
အဲဒီဒေသက တောက်လျှောက်ပဲ ပစ်သွားတာလို့” လေးကေကော်ဒေသခံတဦးကပြောပါတယ် ဒီဇင်ဘာလ ၂၅ ရက် နံနက်ကတည်းက အာဏာသိမ်းတပ်ဟာ ဖလူးကြီးကျေးရွာ၊ မယ်ဝါးခီးကျေးရွာနှင့် လေးကေကော် ရပ်ကွက်(၆) အနောက်ဘက်ကို လက်နက်ကြီးများနှင့် အချက်ပေါင်း ၅၀ ထက် မနည်းပစ်ခတ်ခဲ့ပီ မွန်းလွဲ ၁နာရီခွဲခန့်တွင် စစ်လေယာဉ်ဖြင့် ထပ်မံပစ်ခတ်ခြင်းဖြစ်ပါတယ် ကရင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRG ရဲ့သတင်းထုတ်ပြန်ချက်မှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတာတွေရှိနေပြီး နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ် လေးကေကော် ထီးမယ်ဝါးခီး ဖလူးကြီးကို စစ်ကောင်စီလေယာဉ်နှစ်စီးက တတိယအကြိမ်အဖြစ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေတယ်လို့ KHRG က ပြောခွင့်ရသူ စောနန္ဒဆူးက ပြောပါတယ်။
"ဒီနေ့ လေယာဉ်နှစ်စီး လာပစ်တာထိခိုက်မှုတွေရှိခဲ့တယ် အိမ်တွေဘာတွေလည်း ထိခိုက်မှုရှိတာပေါ့နော်။ လောလောဆယ် အိမ်ဘယ်နှစ်လုံးလည်းဆိုတာတော့ အတိအကျမသိရသေးဘူး။ အဓိက လေးကေကော်ကိုပဲ ပစ်မှတ်ထားတာဖြစ်ပေမယ့် လေးကေကော်အောက်ရွာဖြစ်တဲ့ ထီးမယ်၊ ဝါးခီး၊ ဖလူးကြီး အဲ့ဒီမှာ အဓိကထိမှန်ခဲ့တယ်။ လို့ စောနန္ဒဆူးက ပြောပါတယ်။ ထိုကဲ့သို့ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုတွေလုပ်တဲ့အပြင် မြေပြင်မှာလည်း အင်အား အများအပြားဖြင့် ထိုးစစ်ဆင်လာကြောင်း သိရှိရပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ်စမတ်နေ့တွင် ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်များမြေပြင် - ဝေဟင်ထိုးစစ်ဆင်နေသလို ဒီဇင်ဘာလ ၂၄ ရက်နေ့ ခရစ္စမတ်အကြိုနေ့မှာလည်း ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် အရပ်သား ၃၅ ဦးကို မီးရှို့သတ်ခဲ့ပီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦးကိုလည်း လက်ပြန်ကြိုးတုပ်သေ နတ်ဖြင့်ဦးခေါင်းကိုပစ်သတ်ခဲ့ကြပါသေးတယ်။
========================
📌📌အာဏာသိမ်းစစ်တပ်၏ စစ်ရာဇဝတ်မှုကို ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦးက သဘောထားကြေညာချက်ထုတ်ပြန်လိုက်ပါတယ်
ကယား(ကရင်နီပြည်)၊ ဖရိူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်
ဒီဇင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကို လက်ပြန်ကြိုးတုပ်ကာ သေနတ်ဖြင့် ဦးခေါင်းကို တေ့၍ပစ်သတ်ခဲ့သည်။
စစ်ကောင်စီတပ်သည် မိုဆိုကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာပြီး မော်တော်ကားနှင့် ဆိုင်ကယ် စုစုပေါင်း ၁၁ စီးကို မီးရှို့ဖျက်ဆီးသည့်အပြင် ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ရွာသား ၃၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ပါတယ်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးခံရွာသားများကို ပြန်လွှတ်ပေးရေး တောင်းဆိုညှိနှိုင်းရန်သွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း ပစ်သတ်လိုက်ပါတယ်။ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ကလလတ သည် အဆိုပါစစ်ရာဇဝတ်မှုနဲ့ပက်သက်သော သဘောထား ထုတ်ပြန်ချက်တရပ်ကို ဒီဇင်ဘာလ ၂၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြပါတယ်။ ထိုထုတန်ပြန်ချက်အပြည့်အစုံမှာ
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး
သဘောထားကြေငြာချက် ဒီဇင်ဘာလ ၂၅ ရက်
မိမိတို့ ကလလတ အဖွဲ့အစည်းသည် ၁၉၉၄ မေလ ၉ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်အရ
ငြိမ်းချမ်းရေး ရယူခဲ့ကြပါသည်။၂၀၀၉ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် တပ်မတော်အကြီးအကဲ၏ညှိနှိုင်းမှုကို ကလလတအနေဖြင့် နယ်စပ်ဒေသ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့ဘဝလုံခြုံရေးကိုရှေးရှုကာ နယ်ခြားစောင့်တပ်အဖြစ် လက်ခံဖွဲ့စည်းခဲ့ပါသည်။ ယမန်နေ့ ၂၄.၁၂.၂၀၂၁ ရက်နေ့တွင် ဖရူဆိုမြို့နယ် မူဆိုကျေးရွာအနီးတွင် ဒေသခံ ရွာသား ၃၅ ဦးကိုစစ်တပ်ကဖမ်းဆီးစဉ် ပြည်သူလူထုက နယ်ခြားစောင့်တပ်ကို အကူအညီတောင်းခံသည့်အတွက် မိမိတို့နယ်ခြားစောင့်တပ်မှ ရဲဘော် ၄ ဦးညှိနှိုင်းရန်သွားရောက်ရာ စစ်တပ်ကဖမ်းဆီးပီး လက်ပြန်ကြိုးတုပ်၍ သေနတ်ဖြင့် ဦးခေါင်းကိုပစ်ကာ ရက်ရက်စက်စက် သတ်ပစ်ခဲ့ကြသည်။ ၎င်းဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသော ကလေးနှင့်အမျိုးသမီးများအပါအဝင် အပြစ်မဲ့ရွာသား ၃၅ ဦးကို စစ်တပ်က ကားပေါ်ပစ်တင်၍ ဓါတ်ဆီလောင်းကာ လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုမြောက် အကြမ်းဖက်မှုကိုလည်း ကျူးလွန်ခဲ့ပါသည်။ မိမိတို့ ကလလတ နှင့် နယ်ခြားစောင့်တပ်မှာ ပြည်သူ့ဆန္ဒနှင့်အညီ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကိုထိန်းသိမ်းခဲ့ပါသည်။
သို့သော်လည်းစစ်တပ်က မိမိတို့ပြည်သူအပေါ် ဥပဒေမဲ့ အကြမ်းဖက်စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည့်အတွက် ကလလတ အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်ဟူ၍ ရေးသားထုတ်ပြန်ခဲ့ကြပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment