ဒီဇင်ဘာလ ၂၆ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ထီးမယ်ဝါးခီးတိုက်ပွဲမှာ သတင်းရယူနေသော သတင်းသမား ကဗျာဆရာတစ်ဦးကျဆုံးတဲ့သတင်း
📌ဖရူဆိုမှာ စစ်ကောင်စီတပ်က ပြည်သူ ၃၅ ဦးကို အစုလိုက်/အပြုံလိုက် မီးရှို့သတ်ဖြတ်
📌နတ်ချောင်းရွာ ဒေသခံ (၁၁)ဦးခန့် စစ်ကောင်စီတပ် သတ်ဖြတ်ထားပြီး၊ အလောင်းမကောက်နိုင်သေးတဲ့သတင်း
📌နမ့်စန်မြို့နယ် နားရိုင်း (နရိုင်း) ပြည်သူ့စစ်က ပြောင်းခြံပိုင်ရှင်များထံ ဆက်ကြေးကောက်ခံ
📌ရွှေညောင်မြို့ ရှိ စာသင်ကျောင်းလုံခြုံရေးကို ကျောင်းသားမိဘများ အလှည့်ကျကင်းစောင့်ရတဲ့သတင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပထမဦးစွာ ထီးမယ်ဝါးခီးတိုက်ပွဲမှာ သတင်းရယူနေသော သတင်းသမား ကဗျာဆရာတစ်ဦးကျဆုံးတဲ့သတင်းကို တင်ဆက်ပေးပါမယ်။
ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်အခြမ်း ထီးမယ်ဝါးခီးကျေးရွာအနီးမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်မှလေယာဥ်နဲ့ဗုံးကျဲခဲ့တာကြောင့် ဖယ်ဒရယ်လ်ဂျာနယ်ရဲ့ အက်ဒီတာချုပ်ဖြစ်သူ ကဗျာဆရာ အေစိုင်းကေ ကျဆုံးခဲ့ကြောင်းသိရပါတယ်။ ကိုအေစိုင်းကေဟာ ကဗျာဆရာတစ်ဦးဖြစ်တဲ့အပြင် ဖယ်ဒရယ်လ်ဂျာနယ်ရဲ့ အက်ဒီတာချုပ်တစ်ဦးလည်းဖြစ်ပြီး လေးကေ့ကော်မြို့ ထီးမယ်ဝါးခီးတိုက်ပွဲအတွင်း လက်နက်ကြီးဆထိမှန်ပြီးကျဆုံးသွားရပြီဖြစ်တယ်လို့သိရပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်လောက်မှာ စစ်ကောင်စီက လေယာဥ်နဲ့ ၂ ကြိမ်လာရောက် တိုက်ခိုက်ခဲ့ရာတွင် ထီးမယ်ဝါးခီးရွာထဲသို့ဗုံးများကျရောက်ခဲ့သောကြောင့် ရွာသာများသေဆုံးမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီထဲမှာ သတင်းသမားတစ်ဦးလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ ဦးခေါင်းကို လက်နက်ကြီးကျည်ဆထိမှန်ကျဆုံးခဲ့ရတဲ့ ကိုအေစိုင်းကေရဲ့ စျာပနအစီအစဥ်ကို ဒီဇင်ဘာလ ၂၆ ရက်နေ့မနက်ပိုင်းမှ စတင်ပြီးပြုလုပ်နေတယ်လို့သိရပါတယ်။ ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်မြို့သစ် ထီးမယ်ဝါးခီးကျေးရွာအနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ အဆက်မပျက်ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ထိမှန်ကာ PDF သုံးဦးကျဆုံးသွားခဲ့ရပြီး အဖမ်းခံရသူများနဲ့ ဒဏ်ရာရရှိသူများလည်းရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီနဲ့ တိုက်ပွဲအတွင်းမှာ အသက်စွန့်သွားခဲ့ရတဲ့ ဖယ်ဒရယ်လ်ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ကဗျာဆရာ အေစိုင်းကေနဲ့တကွ သူရဲကောင်းအပေါင်းတို့ ငြိမ်းချမ်းဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေကြောင်း RadioNUG အဖွဲ့သားတွေက ဝမ်းနည်းစွာနဲ့ ဆုတောင်းပေးလိုက်ရပါတယ်။
========================
📌📌ဖရူဆိုမှာ စစ်ကောင်စီတပ်က ပြည်သူ ၃၅ ဦးကို အစုလိုက်/အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တဲ့သတင်းကို တင်ပြပေးပါ့မယ်။
ဒီဇင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းက ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့ ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က နယ်ခြားစောင့်တပ် BGF မှ စစ်သား ၄ ဦးကို ကြိုးတုပ်ပြီး ပစ်သတ်ကာ ဒေသခံတွေရဲ့ မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၃၅ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရပါတယ်။ အဲ့ဒီနောက် အဆိုပါ ပြည်သူ ၃၅ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး မော်တော်ယာဉ်တွေနဲ့အတူ မီးရှို့ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသတ်ခံရတဲ့ ပြည်သူတွေဟာ စစ်ရှောင်ရင်း လမ်းခရီးမှာ အဖမ်းခံရပြီး ကလေးငယ်တွေနဲ့ မိန်းကလေးငယ်တွေ၊ အမျိုးသမီးတွေပါဝင်နေပြီး ရုပ်အလောင်းတွေ မီးကျွမ်းပြီး အရိုးတွေပဲ ကျန်တော့တာကြောင့် မည်သူမည်ဝါဖြစ်တယ်ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ပစ်သတ်ခံရတဲ့ BGF စစ်သည် ၄ ဦးဟာ ဒေသခံတွေကို မဖမ်းဆီးဖို့နဲ့ ကားတွေကို မီးမရှို့ဖို့ စစ်ကောင်စီတပ်ကို တားမြစ်ခဲ့တာကြောင့် ပစ်သတ်ခံရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ရွာသားတွေက သူတို့ကားတွေကို မီးမရှို့ဖို့ ပြောတယ်။ အဲ့ဒါကို သူတို့ကို ခံပြောတယ်ဆိုပြီး အကုန်လုံးကို ကြိုးတုပ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ပစ်တာ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ စစ်ကောင်စီဘက် အသိုင်းအဝိုင်းမှာတော့ သူတို့ဘက်က ပစ်သတ်လိုက်တဲ့ စစ်သား ၄ ဦးဟာ BGF မဟုတ်ကြောင်း လိမ်လည်သတင်းဖြန့်ဝေနေပေမယ့်လည်း မြေပြင်သတင်းဓါတ်ပုံတွေမှာ သေဆုံးစစ်သည်တွေဟာ BGF ယူနီဖောင်းဝတ် နယ်ခြားစောင့်စစ်သားတွေဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၃ ကြိမ် ကျူးလွန်ထားပြီး အခုကရင်နီပြည်နယ်အတွင်း ကျူးလွန်မှုကတော့ အများဆုံးသတ်ဖြတ်မှုဖြစ်ပါတယ်။
ဒါနဲ့ပက်သက်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကလည်း စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက အခုလိုကရင်နီပြည်သူတွေကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှုအပေါ်ပြင်းထန်စွာကန့်ကွက်ကြောင်းကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ KNPP အနေနဲ့ ပြည်သူလူထုနဲ့ တသားတည်းရပ်တည်ပြီး စစ်ကောင်စီကို အဆုံးစွန်အထိအပြင်းအထန်ဆုံးတန်ပြန်လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရနဲ့ အသိုင်းအဝိုင်းတွေအနေနဲ့လည်း စစ်ကောင်စီကို ပြင်းထန်တဲ့ ကန့်သတ်အရေးယူမှုနဲ့ ကျဥ်ဖယ်မှုတွေကို မနှေးအမြန်ဆောင်ရွက်ပေးဖို့ကိုလည်း ကြေညာချက်ထုတ်တောင်းဆိုထားကြောင်းသိရှိရပါတယ်။
========================
📌📌နတ်ချောင်းရွာ ဒေသခံ (၁၁)ဦးခန့် စစ်ကောင်စီတပ် သတ်ဖြတ်ထားပြီး၊ အလောင်းမကောက်နိုင်သေးတဲ့သတင်းကို ဆက်လက်တင်ပြပေးပါ့မယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ထားတဲ့ အလောင်းတွေကို ကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
"အခုလက်ရှိမှာ ပစ်ခတ်သံတွေပြန်ကြားနေရပြီတဲ့ခင်ဗျ။ နောက်ဆုံးကြားထားရတဲ့ သတင်းအရတော့ သေဆုံး(၁၁)ဦးလောက်ရှိပြီ အလောင်းမကောက်ရဲကြသေးဘူးလို့သိရပါတယ်"လို့ ဒေသရင်းမြစ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။နတ်ချောင်းရွာမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ဒေသခံပြည်သူအချို့ကို လိုက်လံဖမ်းဆီးမူတွေ ပြုလုပ်လာတဲ့အပြင် ရွာတွင်း ဝင်ရောက်တပ်ဆွဲထားပြီး နေအိမ်တွေကို ဖျက်ဆီးတာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနောက် အဆိုပါ ည (၇) နာရီဝန်းကျင်မှာ စာသင်ကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ နတ်ချောင်းကျေးရွာမှ စစ်ကား (၈) စီးနဲ့ ပြန်ထွက်ခွါသွားရာ လမ်းမှာ ပကဖ (ကလေး) နဲ့ CNDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် ယာဉ်တစ်စီးအပါအဝင် စစ်ကောင်စီဘက်က ၁၆ ဦးခန့် သေဆုံးကြောင်း ဒေသအရင်းမြစ်က ပြောပါတယ်။
"သူတို့ဘက်က အထိနာနေလို့ မနေ့က ရဟတ်ယာဉ် (၂) စီးသုံးတဲ့အထိ ဖြစ်လာတယ်လို့ ယူဆရတယ်။ တစ်ခါမှ ဒီလောက်ထိမပစ်ဖူးဘူး။ မြို့ထဲလည်း ခရီးသည်တင်လေယာဉ်က ပိတ်ထားတော့ လေဆိပ်ကို သူတို့စိတ်ကြိုက်သုံးလို့ရနေတာ။ ကျောင်းဝန်းထဲမှာလည်း တပ်စွဲထားတယ်။ လေဆိပ်ဘေးက ဒကစ တပ်ဆိုတော့ လက်နက်၊ ကျည်၊ လူအင်အားဖြည့်ပြီး ပြန်ပစ်မယ့် အနေအထားရှိနေတယ်။ ဒီမနက် ခနငြိမ်တဲ့အချိန် တစ်ချို့က ထွက်ပြေးကုန်ပြီ။ ပိတ်မိနေတဲ့သူတွေလည်း ရှိနေသေးတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ ကျေးရွာအတွင်းသတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတချို့ကို ကောက်ယူနိုင်ခြင်းမရှိသေးတဲ့အပြင် သတ်ဖြတ်ခံထားရတဲ့ ပြည်သူတွေရဲ့ စာရင်းအတိအကျကိုလည်း မသိရှိနိုင်သေးကြောင်း နှင့် သတ်ဖြတ်ခံရသူ အခုထက် ပိုများနိုင်ကြောင်း သူက ဆက်ပြောပါတယ်။ နတ်ချောင်းရွာမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့မှစပြီး MPT ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက် ထွက်ပြေးသူတချို့မှာလည်း ဖုန်းလိုင်းမမိတဲ့ နေရာတွေမှာ ရောက်ရှိနေတာကြောင့် အန္တရာယ်ကင်း/ မကင်းကို သိရှိရခြင်းမရှိသေးဘူးလို့ သိရပါတယ်။ နတ်ချောင်းရွာဟာ အိမ်ခြေ ၂၀၀၀ ဝန်းကျင်ရှိပြီး ကလေးမြို့ တောင်ဘက် ၁၅ မိုင်အကွာခန့်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။
========================
📌📌ဆက်လက်ပြီး နမ့်စန်မြို့နယ် နားရိုင်း (နရိုင်း) ပြည်သူ့စစ်က ပြောင်းခြံပိုင်ရှင်များထံ ဆက်ကြေးကောက်ခံနေတဲ့သတင်းကို တင်ပြပေးပါမယ်။
ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နားရိုင်း (နရိုင်း) ပြည်သူ့စစ်မှ ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နမ့်စန်မြို့နယ် လိုက်ခါးကျေးရွာရှိ ပြောင်းစိုက်တဲ့ ခြံပိုင်ရှင်တွေထံမှ ဒီဇင်ဘာ (၂၆) ရက်နေ့ နောက်ဆုံးထားပြီး ဆက်ကြေးလာပေးရမယ်လို့ လိုက်ခါးကျေးရွာ ပြောင်းခြံပိုင်ရှင် တစ်ဦးထံမှ သိရပါတယ်။
“ဒီနှစ်မှ သူတို့ စကောက်လာတယ်။ တစ်ခါမှ မကောက်ဖူးသေးဘူး။ တစ်ရွာလုံးကို (၅၅)သိန်း သွားသွင်းခိုင်းတယ်။ ကျနော်တို့ တစ်ရွာလုံးနီးပါး ပြောင်းခြံတွေ စိုက်ကြတယ်။ လယ်ယာအခွန်လို့ ပြောတယ်” လို့ လိုက်ခါးကျေးရွာဒေသခံ ပြောင်းခြံပိုင်ရှင် အမျိုးသားတစ်ဦးက ပြောပါတယ်။
နားရိုင်း (နရိုင်း) ပြည်သူ့စစ်မှ နမ့်စန်မြို့နယ် လိုက်ခါးကျေးရွာ၊ ဟိုနားကျေးရွာ၊ ဦးမာန်ကျေးရွာနဲ့ နောင်မိုကျေးရွာတို့ရှိ ပြောင်းခြံပိုင်ရှင်တွေထံက အခုလို ဆက်ကြေးကောက်နေတယ်လို့ သိရပါတယ်။
“ဒီလိုအခွန်က မရှိသင့်ဘူး။ ဘိုးဘွားစဉ်ဆက်လုပ်လာတာ တခါမှ မပေးရဘူး။ ပြည်သူတွေက ရှာစားရတာ ခက်ခဲတယ်။ ရောဂါအခြေနေ၊ နိုင်ငံရေး အခြေနေတွေကြောင့် ငွေတွေက ရှာရခက်တယ်။ ပြောင်းကလဲ အလုပ်သိပ်မဖြစ်တော့ဘူး” ဟု လိုက်ခါးကျေးရွာဒေသခံ ပြောင်းခြံပိုင်ရှင် ကပဲ ဆက်ပြောပြပါတယ်။
နားရိုင်း (နရိုင်း) ပြည်သူ့စစ် ဆက်ကြေးလာကောက်တဲ့ လိုက်ခါးကျေးရွာနဲ့ ဟိုနားကျေးရွာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/ SSA)တို့ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး ဦးမာန်ကျေးရွာနဲ့ နောင်မိုကျေးရွာဟာ နားရိုင်းပြည်သူ့စစ် လှုပ်ရှားရာနယ်မြေ ဖြစ်ပါတယ်။
နားရိုင်းပြည်သူ့စစ်အဖွဲ့ဟာ ဒေသတွင်းရှိ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားပြီး အင်အား (၁၀၀၀) ကျော်ခန့် ရှိပါတယ်။ ၁၉၉၆ ခုနှစ်တွင် (မုန်တိုင်းတပ်မတော်) MTA မှ လက်နက်ချပြီးနောက် နားရိုင်းပြည်သူ့စစ်အဖွဲ့ကို ကိုဂျိုးဆန်းက ဦးဆောင်ပြီး မတ်ကျိုင်း ပြည်သူ့စစ်ကို ဦးစိုင်းလူက ခေါင်းဆောင်ကာ စစ်အစိုးရမှ ပြည်သူ့စစ်အဖြစ် ပြန်လည် တာဝန်ခန့်အပ်ခဲ့တဲ့ အဖွဲ့တွေဖြစ်ကြတယ်လို့ သတင်းနှင့်မီဒီယာကွန်ယက်မှ ဖော်ပြထားပါတယ်။
========================
📌📌ရွှေညောင်မြို့ ရှိ စာသင်ကျောင်းလုံခြုံရေးကို ကျောင်းသားမိဘများ အလှည့်ကျကင်းစောင့်ရတဲ့သတင်းကို ဆက်လက်တင်ပြပေးပါ့မယ်။
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ စာသင်ကျောင်းတချို့မှာ ကျောင်းသားမိဘတွေ အလှည့်ကျ ကင်းစောင့်ရတယ်လို့ သိရပါတယ်။
ညောင်ရွှေမြို့တွင်းမှ အမှတ် ၉ အထက်တန်းကျောင်းနှင့် တခြားသော အလကကျောင်းတွေမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေရဲ့ မိဘတွေကို ကျောင်းသားတွေလုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်ဖြင့် အလှည့်ကျ ကင်းစောင့်ဖို့ ညွှန်ကြားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
“ဒီဇင်ဘာ ၁၇ ရက်နေ့ကစပြီးတော့ ကျောင်းသားမိဘတွေက ကိုယ့်သားသမီးတက်နေတဲ့ ကျောင်းမှာ တစ်နေ့ သုံးယောက်နဲ့ အလှည့်ကျ ကင်းစောင့်ပေးရတယ်၊ အထက ၉ မှာက ကျောင်းတဲ ရှိတယ်လေ၊ အဲ့မှာနေပြီးတော့ စောင့်ပေးရတယ်၊ အရင်တုန်းကတော့ စစ်သားတွေ စောင့်တဲ့နေရာပေါ့” လို့ ရွှေညောင်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အထက အမှတ် (၉) အပြင် ညောင်ရွှေမြို့က မီးသတ်ကျောင်းလို့ အများကခေါ်ဆိုကြတဲ့ အလက အမှတ် ၂ ကျောင်းမှာလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၀ ရက်နေ့ကစပြီး ကျောင်းသားမိဘတွေက ကျောင်းဂိတ်ပေါက်မှာ လုံခြုံရေးအတွက် စောင့်ပေးနေရကြောင်းသိရပါတယ်။
“မြို့နယ်ထွေအုပ်အစည်းအဝေးမှာ ဒီကျောင်းက လုံခြုံမှုမရှိဘူးဆိုပြီး တင်ပြထားတာရှိလို့ အခုလိုလုပ်ရတာတဲ့၊ ဒီကျောင်းက မီးသတ်၊ ဘဏ်နဲ့လည်း နီးတယ်၊ အဲ့ကြောင့်လည်း ပါမယ်ထင်တယ်” လို့ ကျောင်းနှင့် နီးစပ်သူ ရွှေညောင်မြို့ခံ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့ ညွှန်ကြားနှိုးဆော်ချက်ကြောင့် ရွှေညောင်မြို့အတွင်းရှိ ကျောင်းသူ/သားတချို့မှာ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီး နိုင်ငံရေးမငြိမ်မသက်မှုတွေကြားက ကျောင်းတက်ရတာဖြစ်ပြီး ကျောင်းသားမိဘတွေက ကျောင်းမှာ ကိုယ့်ကလေး လုံခြုံရေးအတွက် ကိုယ်တိုင် ကင်းစောင့်နေရတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment