27th Dec 2021 - Morning Daily News by Radio NUG

ဒီဇင်ဘာလ ၂၆ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနသည် ထုတ်ပြန်ကြေငြာချက် အမှတ် ၁၅/၂၀၂၁
📌လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်စွဲထားသည့် ဆက်သွယ်ရေးအမှု ၂ မှုကို မနက်ဖြန်အမိန့်ချမည်
📌ကလေးသူငယ်များကူညီကယ်ဆယ်ရေး save the children အဖွဲ့ကြီးက စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုများကို ပြစ်တင်ရှုံ့ချ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနသည် ထုတ်ပြန်ကြေငြာချက် အမှတ် ၁၅/၂၀၂၁ ကိုဒီဇင်ဘာလ ၂၆ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်သည်။

အဆိုပါကြေငြာချက်အပြည့်အစုံကိုဖတ်ကြားပေးပါ့မယ် ......

၁။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များ အရ (၂၄-၁၂-၂၀၂၁) ရက်နေ့အထိ စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရသူ စုစုပေါင်း (၁,၃၇၅) ဦး ရှိပါသည်။ အပြစ်မဲ့ ပြည်သူစုစုပေါင်း (၈,၂၅၄) ဦး ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ယင်းအနက် (၁၈) နှစ်အောက် ကလေး (၂) ဦးအပါအဝင် (၃၉) ဦးမှာ သေဒဏ်ချမှတ်ခံထားရပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဝရမ်းထုတ်ခံရသောကြောင့် တိမ်းရှောင်နေရသူ (၁,၉၆၄) ဦး ရှိပါသည်။ အမှန်တကယ်အရေအတွက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။
၂။ ဒီဇင်ဘာလ (၂၄) ရက်နေ့၊ နံနက်ပိုင်းကလည်း ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် စစ်ဘေးရှောင် အရပ်သားပြည်သူ (၃၈) ဦး ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မော်တော်ယာဉ်များနှင့်အတူ ရက်ရက်စက်စက် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။ Save the Children in Myanmar ဝန်ထမ်းနှစ်ဦးသည်လည်း အနီးအနားရှိ ရပ်ရွာများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်အပြီး တာဝန်ထမ်းဆောင်ရာ ရုံးသို့ ပြန်နေစဉ် ယင်းတိုက်ခိုက်မှုအဖြစ်အပျက်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ပျောက်ဆုံးလျက်ရှိကြောင်းနှင့် ယင်းဝန်ထမ်းများ စီးနင်းလာသော မော်တော်ယာဉ်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အတည်ပြုချက်ရရှိခဲ့ပါသည်။
၃။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် ကရင်ပြည်နယ်၊ လေးကေကော်ဒေသအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် ပြည်သူကို ရန်သူသဖွယ်ဆက်ဆံပြီး မီးရှို့ဖျက်ဆီးခြင်း၊ လုယက်ဓားပြတိုက်ခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် ထိခိုက်သေဆုံးမှုများစွာ ဖြစ်ပေါ်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများစွာ နေရပ်စွန့်ခွာ၍ တိမ်းရှောင်နေရလျက်ရှိပါသည်။ ယခုကဲ့သို့ လုပ်ဆောင်မှုများသည် လူသားမျိုးနွယ်စုများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပါသည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာ နှိပ်စက်သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ရသော ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါအကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ပြစ်တင်ကန့်ကွက်ရှုတ်ချ ကြောင်းနှင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတို့အတွက် အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက်ထား၍ ထုတ်ပြန်အပ်ပါသည်ဟု ရေးသားပါရှိပါတယ်။

========================

📌📌လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်စွဲထားသည့် ဆက်သွယ်ရေးအမှု ၂ မှုကို မနက်ဖြန်အမိန့်ချမည်

အာဏာသိမ်းစစ်တပ်က အမှုပေါင်း ၁၂ မှုအထိ အဓမ္မစွဲဆိုပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးစီမံပုဒ်မနှင့် ပုဒ်မ ၅၀၅(ခ) နှစ်မှုအတွက် ထောင်ဒဏ်လေးနှစ်ချမှတ်ထားခဲ့ပီဖြစ်ပါတယ် ဆက်လက်ပီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အမှုနှင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ အမှု နှစ်မှုတို့အတွက် ဒီဇင်ဘာလ ၂၇ ရက်တွင် အပြီးသတ်အမိန့်ချမယ်လို့သိရှိရပါတယ်။ ထိုအမှုနှစ်မှုအတွက် ဒီဇင်ဘာ ၂၀ ရက်နေ့ကတည်းက စစ်ကောင်စီထိန်းချုပ်တဲ့တရားရုံးအဖွဲ့က အမိန့်ချရမှာဖြစ်ပေမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့ကြတာဖြစ်ပါတယ်။ အမိန့်ချခဲ့ပီဖြစ်တဲ့ ရှေ့နှစ်မှုမှာလည်း စစ်ကောင်စီနှင့် ၎င်းတို့ထိန်း ချုပ်ခံတရားသူကြီးများအဖွဲ့ဟာ အလားတူအတိုင်းပဲ ရက်ရွှေ့ဆိုင်းပီးမှ အမိန့်ချတာတွေကို ပြုလုပ်ခဲ့ကြပါသေးတယ်
“ အမှု အခြေအနေ ပေါ်ပေါက်တဲ့ပေါ် မူတည်ပြီး ရွှေ့ဆိုင်းလို့ ရပါတယ်။ ဥပဒေအရ သီးခြားကြီး ရွှေ့ဆိုင်းရမယ် မရွှေ့ဆိုင်းရဘူးလို့တော့ သတ်မှတ်ထားတာမရှိဘူး။ သို့သော် ကျင့်ဝတ်အရကတော့ ဒီနေ့ အမိန့်ချမယ်ဆိုရင်တော့ အဲ့ဒီနေ့မှာ အမိန့်ချဖြစ်အောင် ကြိုးစားကြရတာပေါ့။ သို့သော်လည်းပဲ အမှုရဲ့ အနေအထားအရ အများပြည်သူ စိတ်ဝင်စားတဲ့ အမှုမျိုးလည်း ဖြစ်မယ် နောက်ပြီး အမိန့် ချမှတ်လိုက်တဲ့ အပေါ်မှာလည်း ရိုက်ခတ်မှု ရှိနေနိုင်တယ်ဟေ့ ဆိုရင်တော့ တရားသူကြီးက လုံလောက်တဲ့ သုံးသပ်ချက်ရေးနိုင်ဖို့ အချိန်ယူတတ်ကြပါတယ်။ သို့သော်လည်းပဲ များသောအားဖြင့် တရားရုံး ညွှန်ကြားချက်တွေကတော့ ရုံးချိန်း နှစ်ချိန်းထက် ပိုပြီးတော့ ရွှေ့ဆိုင်းလို့ မရပါဘူး။ ဒါက ပြောမယ်ဆိုရင် လက်ရှိ ကျင့်သုံးနေတဲ့ တရားရုံးတွေရဲ့ ကျင့်ထုံးကျင့်စဉ်ပေါ့လေ” လို့ ဥပဒေပညာရှင် တစ်ဦးက ပြောပါတယ်။ အာဏာသိမ်းခံရရချင်း ဖေဖေါ်ဝါရီ ၁ ရက်နေ့ မနက်ခင်းမှာပဲ စစ်တပ်ခေါင်းဆောင်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံအိမ်ကို ဝင်ရောက်စီးနင်းပီး နေအိမ်ဝင်းအတွင်းရှိ လုံခြုံရေးအဖွဲ့များရဲ့အဆောင်တွင်း စကားပြောစက်နှင့် ဆက်သွယ်ရေးဖြတ်တောက်စက်တို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မအကြောင်းပြကာ တရားစွဲခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတဝန်းမှာရှိတဲ့ ပြည်သူတွေဟာ သူတို့ရဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့ပီး အာဏာသိမ်းခေါင်းဆောင်အမိန့်နဲ့ ထောင်ဒစ်နှစ်နှစ်ကိုလျှော့ပေါ့သတ်မှတ်ခဲ့ပေမယ့်လည်း ဒီကိစ္စအစား နိုင်ငံခေါင်းဆောင်အား ထောင်ဝတ်စုံဝတ်ဆင်စေခဲ့တဲ့အပေါ်မှာသာ ဒေါသထွက်နေခဲ့ကြပါတယ်။ အခုလို အမိန့်ချမှတ်ရမယ့်နေ့ရက်တွေကို အကြောင်းပြချက်မရှိဘဲ လိုသလိုရက်ရွှေ့နေတဲ့အချက်ကလည်းပဲ ဥပဒေအထက်မှာရှိနေတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ ကြိုးကိုင်ချယ်လှယ်မှုတရပ်အဖြစ် ရှုမြင်ကြတာပါ။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ စစ်အာဏာသိမ်းခံထားရသည့် နိုင်ငံတိုင်းတွင် တရားစီရင်ရေးသည် လွတ်လပ်မှု ကင်းမဲ့သွားတတ်ကြောင်း၊ တရားစီရင်ရေး မဏ္ဍိုင်သည် အုပ်ချုပ်ရေးမဏ္ဍိုင်၏ စေခိုင်းသည့် အတိုင်းသာ ဆုံးဖြတ်ရလေ့ရှိကြောင်း ဥပဒေအကြံပေးတဦးကပြောပါတယ် စစ်ကောင်စီဟာ မြန်မာပြည်အနှံ့အပြားမှာ NLD ပါတီခေါင်းဆောင်များ ဒီမိုကရေစီအရေးတက်ကြွသူများရဲ့ နေအိမ်တွေကို နေ့စဉ်လိုလိုလာရောက်ချိတ်ပိတ်နေတဲ့အပြင်ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်ဖြစ်တဲ့ ထိပ်ပိုင်းခေါင်းဆောင်များကိုလည်း လူ့သက်တမ်းထက်မကတဲ့ ထောင်ဒဏ်များကို အမှုရဲ့အမြင့်ဆုံးပြစ်ဒဏ်များအနေနဲ့ ချမှတ်ထားခဲ့ပီလည်းဖြစ်ပါတယ်။

========================

📌📌ကလေးသူငယ်များကူညီကယ်ဆယ်ရေး save the children အဖွဲ့ကြီးက စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုများကို ပြစ်တင်ရှုံ့ချလိုက်ပါတယ်

မြန်မာအပါအဝင် နိုင်ငံအဝန်းရှိ ကလေးသူငယ်များအား ကူညီကယ်ဆယ်ပေးရေးလုပ်ငန်းများဆောင်ရွက်နေတဲ့ save the children အဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၅ ရက်တွင် ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံလိုက်ရသည်ဟုယူဆရပီး ဝန်ထမ်းများစီးနင်းလာသောကားမှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ကိုအထည်ပြုနိုင်ခဲ့ပါတယ်။ အဆိုပါ ပြည်သူအရပ်သား အစုလိုက်အပြုံလိုက် မီးရှို့သတ်ခံလိုက်ရသည့်ဖြစ်စဉ်နဲ့ပက်သက်ပီး နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့ save the children ကသဘောထားတရပ်ကိုအောက်ပါအတိုင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ၊ ၂၀၂၁ ခုနစ်- မြန်မာနိုင်ငံအရှေ့ခြမ်း၊ ကယားပြည်နယ်တွင် မြန်မာစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အမျိုးသမီးများ၊ ကလေးများအပါအဝင် အရပ်သားပြည်သူ ၃၈ ဦးထက်မနည်း မီးရှို့သတ်ဖြတ်ခံရမှုကို Save the Children အနေဖြင့် ပြစ်တင်ရှုတ်ချလိုက်သည်။
ကျွန်ုပ်တို့၏ ဝန်ထမ်းနှစ်ဦးသည် အနီးအနားရှိ ရပ်ရွာများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်အပြီး တာဝန်ထမ်းဆောင်ရာရုံးသို့ပြန်နေစဉ် ယင်းတိုက်ခိုက်မှု အဖြစ်အပျက်နှင့် ရင်ဆိုင်ကြုံတွေ့ရပြီး ပျောက်ဆုံးလျက်ရှိသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းစီးနင်းသော မော်တော်ယာဉ်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အတည်ပြုချက်ရရှိခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း စစ်တပ်သည် ပြည်သူများအား အဓမ္မ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သတင်းများ ဖော်ပြချက်အရ ကြားသိခဲ့ရသည်။ ကျွန်ုပ်တို့ ဝန်ထမ်းများ၏ အသက်အန္တရာယ်သည် လွန်စွာမှ စိုးရိမ်နေရပြီး ကျွန်ုပ်တို့သည် အဆိုပါဝန်ထမ်းများ၏ မိသားစုဝင်များနှင့်လည်း အဆက်အသွယ်ထားရှိနေပါသည်။ Save the Children ၏ အမှုဆောင်ချုပ် (Chief Executive) ဖြစ်သည့် Inger Ashing က ပြောကြားခဲ့သည်မှာ -
“နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်သည့် ဤအကြမ်းဖက်လုပ်ရပ်ကို ကျွန်မတို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ထပ်လောင်းအသိပေးလိုပါတယ်။ အပြစ်မဲ့ ပြည်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်လျက်ရှိသည့် သန်းပေါင်းများစွာသော ကလေးသူငယ်များအား ကူညီပံ့ပိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ကျွန်မတို့ ဝန်ထမ်းများအား ဤသို့အကြမ်းဖက်ကျူးလွန်မှုအပေါ် လွန်စွာမှ ထိတ်လန့်အံ့ဩတုန်လှုပ်မိပါတယ်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးလျက် ရှိနေပြီး အကူအညီပေးရေးဝန်ထမ်းများအား တိုက်ခိုက်ခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မဟုတ်ပါ။ Save the Children သည် မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနစ်မှ စတင်ကာ ကျန်းမာရေး၊ အာဟာရ ၊ ပညာရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံချက်လုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော်နှင့် ဝန်ထမ်းပေါင်း ၉၀၀ ကျော်တို့ဖြင့် နိုင်ငံနှင့်အဝှမ်းတွင် လုပ်ကိုင်လျက်ရှိပါသည်။ ယခုအဖြစ်အပျက်ကြောင့် ကျွန်ုပ်တို့၏ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးရှိ ဒေသအချို့နှင့် ကရင်ပြည်နယ်ရှိ စီမံကိန်းများကို ယာယီရပ်ဆိုင်းထားသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအတွင်းရှိ အလိုအပ်ဆုံးသော အထူးသဖြင့် ယခုကဲ့သို့ တိုက်ပွဲများနှင့် အကျပ်အတည်းကာလတွင် ကလေးသူငယ်များအတွက် အကူအညီပေးရေးကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းရန် လုပ်ဆောင်သွားမည်ဖြစ်မှာဖြစ်တယ်လို့သဘောထားထုတ်ပြန်ခဲ့ကြပီး ကယားပြည်နယ် အပါအဝင် မြန်မာနိုင်ငံတွင်း နေရာတချို့က သူတို့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ယာယီဆိုင်းငံ့ထားလိုက်ပြီလို့ ကြေညာခဲ့ကြောင်းသိရှိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment