27th Dec 2021 - Evening Daily News by Radio NUG

ဒီဇင်ဘာလ ၂၇ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌မဲ့ထော်သလေးရွာအနီးတိုက်ပွဲဖြစ်ပြီး ပစ်ခတ်သံများကို မြဝတီမြို့တွင်းမှကြားနေရ
📌ကလေးမြို့၊ နတ်ချောင်းရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စကစတပ်က GTC ကျောင်းထဲမှ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ
📌ကရင်နီ( ကယားပြည်) အတွင်း Save the Children ဝန်ထမ်း (၂) ဦးပျောက်ဆုံးနေ
📌ဟိုပုံးမြို့၌ COVID-19 ပိုး ရှိသူ ကျောင်းသား/သူ ၅၂ ဦး ထပ်တွေ့
📌နတ်ချောင်းရွာတွင် စစ်ကောင်စီတပ်က ပစ်သတ်ထားသောသူအားလုံးမှာ အရပ်သားပြည်သူများဖြစ်နေ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မဲ့ထော်သလေးရွာအနီးတိုက်ပွဲဖြစ်ပြီး ပစ်ခတ်သံများကို မြဝတီမြို့တွင်းမှကြားနေရ

ကရင်ပြည်နယ် မဲ့ထော်သလေးရွာအနီး ဒီဇင်ဘာလ ၂၇ ရက်နေ့ ဒီကနေ့ မနက် ၄နာရီဝန်းကျင်းခန့်ကစပြီး တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေကို မြဝတီမြို့တွင်းကနေ ကြားနေရတဲ့အတွက် မြဝတီမြို့ပေါ်ရှိ ပြည်သူတွေကြား ထိတ်လန့် စိုးရိမ်မှုတွေ ရှိနေကြောင်း သိရပါတယ်။ မဲ့ထော်သလေးရွာဟာ မြဝတီမြို့ရဲ့ ၅မိုင်အကွာမှာ ရှိတဲ့အတွက် ပစ်ခတ်သံတွေကို ကြားနေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တိုက်ပွဲဖြစ်တာက မဲ့ထော်သလေးဆိုပေမဲ့ မြဝတီနဲ့က ၅မိုင်ပဲဝေးတာ၊လက်နက်ကြီးသံတွေက အတိုင်းသားကြားနေရတယ်၊ပစ်ခတ်သံက လေးနာရီထိကြာတယ်၊တနေ့ထက်တနေ့ အသံတွေ ပိုပိုနီးလာသလိုပဲ၊ မြို့ထဲကလူတွေလည်း ကြောက်လန့်နေကြတယ်” လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက် ၄ နာရီဝန်းကျင်ခန့်က မြဝတီမြို့ နဲ့ ၃မိုင်အကွာမှာရှိတဲ့ မေတ္တာလင်းမြိုင်ရွာအနီးနဲ့ ကျောက်လုံးကြီး အနောက်ဘက်ခြမ်းကနေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးတွေနဲ့ မဲ့ထော်သလေး၊ အင်ကြင်းမြိုင်၊ လေးကေကော်ဒေသဘက်ကို အဆက်မပြတ် ပစ်ခတ်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၆ ရက် ည ၁၁ နာရီကျော်ခန့်ကလည်း ကော့ကရိတ်မြို့ ရဲ့တောင်ဘက် ဒေါနတောင်ခြေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကစတင်ခဲ့တဲ့ စစ်ကောင်စီတပ် နဲ့ KNLA မဟာမိတ်အဖွဲ့တို့ရဲ့ လေးကေကော် ဒေသတိုက်ပွဲမှာ ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ထိ ၁၃ ရက်ကြာတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

========================

📌📌ဆက်လက်ပြီး ကလေးမြို့၊ နတ်ချောင်းရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စကစတပ်က GTC ကျောင်းထဲမှ လက်နက်ကြီးများဖြင့်ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကို တင်ပြပေးပါ့မယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်ကစတင်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ဒေသခံတွေဆီကနေတဆင့် သိရပါတယ်။
" အခုထိ တိုက်ပွဲပြင်းထန်နေတုန်းပဲ။ စကစတပ်တွေက GTC ကျောင်းထဲကနေ ၁၀၅ မမ တွေနဲ့ထုနေတယ်။ လောလောဆယ်တော့ အဲ့ဒီလောက်ပဲပြောလို့ရဦးမယ်" လို့ ဒေသခံတစ်ဦးက ဒီဇင်ဘာလ ၂၆ နေ့ည ၇ နာရီခွဲက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နတ်ချောင်းရွာစာသင်ကျောင်းအတွင်း အထိုင်တပ်စွဲထားပြီး ဒေသခံတွေဟာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ နေအိမ်တွေမှာ နွား/ ကျွဲတွေရှိတဲ့အတွက် မထွက်ပြေးဘဲ ပိတ်မိကာ ကျန်ရစ်နေသူတွေလည်းရှိကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က အောင်ဆုပန်ဘုန်းတော်ကြီးကျောင်းအနီးရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က မီးရှိုခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း နတ်ချောင်းရွာတွင် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ "ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သက်ဘဲ ပစ်သတ်ခံရတာက စုစုပေါင်း ၁၀ ဦးပေါ့နော်။ ဒါကကျနော်တို့ အတည်ပြုထားပြီးသား လူဦးရေပါ။ အဲ့ဒီအထဲမှာ အလောင်းပြန်ကောက်ထားနိုင်တာက ၄ ဦး။ ကျန်တာတွေကတော့ အလောင်းပြန်မကောက်နိုင်သေးဘူး" လို့ နတ်ချောင်းဒေသခံက ဆိုပါတယ်။

========================

📌📌ဆက်လက်ပြီး ကရင်နီ( ကယားပြည်) အတွင်း Save the Children ဝန်ထမ်း (၂) ဦးပျောက်ဆုံးနေတဲ့သတင်းကို တင်ပြပေးပါ့မယ်။

၂၀၂၁ ခုနစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က မြန်မာနိုင်ငံအရှေ့ခြမ်း၊ ကရင်နီပြည်နယ် (ကယားပြည်) မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတွေ ကလေးတွေ အပါအဝင် အရပ်သားပြည်သူ ၃၈ ဦး ထက်မနည်း မီးရှို့သတ်ဖြတ်ခံရမှုကို Save the Children အနေဖြင့် ပြစ်တင်ရှုံ့ချလိုက်ပါတယ်။
ကျွန်ုပ်တို့၏ ဝန်ထမ်းနှစ်ဦးသည် အနီးအနားရှိ ရပ်ရွာများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်အပြီး တာဝန်ထမ်းဆောင်ရာရုံးသို့ ပြန်နေစဉ် ယင်းတိုက်ခိုက်မှု အဖြစ်အပျက်နှင့် ရင်ဆိုင်ကြုံတွေ့ရပြီး ပျောက်ဆုံးလျက်ရှိသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်း စီးနင်းသော မော်တော်ယာဉ်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အတည်ပြုချက်ရရှိခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း စစ်တပ်သည် ပြည်သူများအား အဓမ္မ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သတင်းများ ဖော်ပြချက်အရ ကြားသိခဲ့ရသည်။ ကျွန်ုပ်တို့ ဝန်ထမ်းများ၏ အသက်အန္တရာယ်သည် လွန်စွာမှ စိုးရိမ်နေရပြီး ကျွနု်ပ်တို့သည် အဆိုပါဝန်ထမ်းများ၏ မိသားစုဝင်များနှင့်လည်း အဆက်အသွယ်ထားရှိနေပါသည်။
ဒီကိစ္စနဲ့ ပတ်သက်လို့ Save the Children ၏ အမှုဆောင်ချုပ် (Chief Executive) ဖြစ်သည့် Inger Ashing က ပြောကြားထားတာကတော့ -
“နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်သည့် ဤအကြမ်းဖက်လုပ်ရပ်ကို ကျွန်မတို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ထပ်လောင်းအသိပေးလိုပါတယ်။ အပြစ်မဲ့ ပြည်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်လျက်ရှိသည့် သန်းပေါင်းများစွာသော ကလေးသူငယ်များအား ကူညီပံ့ပိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ကျွန်မတို့ ဝန်ထမ်းများအား ဤသို့အကြမ်းဖက်ကျူးလွန်မှုအပေါ် လွန်စွာမှ ထိတ်လန့်အံ့ဩတုန်လှုပ်မိပါတယ်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးလျက် ရှိနေပြီး အကူအညီပေးရေးဝန်ထမ်းများအား တိုက်ခိုက်ခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မဟုတ်ပါ။”
Save the Children ဟာ မြန်မာနိုင်ငံမှာ ၁၉၉၅ ခုနစ်ကစပြီး ကျန်းမာရေး၊ အာဟာရ ၊ ပညာရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံချက်လုပ်ငန်းတွေကို မိတ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော် နဲ့ ဝန်ထမ်းပေါင်း ၉၀၀ ကျော်တို့ဖြင့် နိုင်ငံနှင့်အဝှမ်းမှာ လုပ်ကိုင်လျက်ရှိပါတယ်။ “ယခုအဖြစ်အပျက်ကြောင့် ကျွန်ုပ်တို့၏ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးရှိ ဒေသအချို့ နှင့် ကရင်ပြည်နယ်ရှိ စီမံကိန်းများကို ယာယီရပ်ဆိုင်းထားသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအတွင်းရှိ အလိုအပ်ဆုံးသော အထူးသဖြင့် ယခုကဲ့သို့ တိုက်ပွဲများနှင့် အကျပ်အတည်းကာလတွင် ကလေးသူငယ်များအတွက် အကူအညီပေးရေး ကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းရန် လုပ်ဆောင်သွားမည်ဖြစ်သည်။” လို့ထုတ်ပြန်ကြောငြာထားပါတယ်။

========================

📌📌အခုဆက်လက်ပြီး ဟိုပုံးမြို့၌ COVID-19 ပိုး ရှိသူ ကျောင်းသား/သူ ၅၂ ဦး ထပ်တွေ့

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့မှာ COVID-19 ပိုး ရှိသူ ကျောင်းသား/ သူ ၅၂ ဦးကို ဒီဇင်ဘာလ ၂၅ ရက်နေ့က ထပ်မံတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုထားသူ ၁၁၀၀ ဦးရဲ့ နှာခေါင်းတို့ဖက်တွေကို RDT ဖြင့် စစ်ဆေးခဲ့ရာ ၅၂ ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဟိုပုံးဆေးရုံက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ COVID-19 ပိုး တွေ့ရှိခဲ့တဲ့သူတွေမှာ နောင်တောင်ကျောင်းမှ ကျောင်းသား/သူတွေ ဖြစ်ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့မှာလည်း ကျောင်းသား/ သူ ၂၃ ဦးတွင် COVID-19 ပိုး တွေ့ခဲ့ပြီး ၎င်းတို့ကို သာသနာ့ဗိမ္မာန် Positive Center တွင် ထားရှိကြောင်းနှင့် လတ်တလောအခြေအနေအရ လူနာတွေဟာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရပါတယ်။ ဟိုပုံးမြို့နယ်မှာ COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၇၂၅ ဦး တွေ့ရှိခဲ့ပြီး ၄င်းတို့အနက် ၄၄ ဦး သေဆုံးခဲ့ပြီး ၁၅၇၇ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်တယ်လို့ သိရပါတယ်။

========================

📌📌နတ်ချောင်းရွာတွင် စစ်ကောင်စီတပ်က ပစ်သတ်ထားသောသူအားလုံးမှာ အရပ်သားပြည်သူများဖြစ်နေတယ်ဆိုတဲ့သတင်းကို ဆက်လက်တင်ပြပေးချင်ပါတယ်။

ကလေးမြို့နယ် နတ်ချောင်းရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက်နေ့ကစတင်ပြီး ရဟတ်ယာဉ်နဲ့ ပစ်ခတ်စီးနင်းထားပြီး ဒေသခံပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တာ ၁၀ ဦးကျော်လာပြီဖြစ်ကြောင်း ပြန်လည်တွေ့ရှိရတဲ့ အလောင်းတွေက သက်သေခံနေပါတယ်။ ၎င်းတို့ပစ်သတ်ထားတဲ့ ပြည်သူအလောင်းတွေအထဲက တချို့ကို ဒေသခံနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းနိုင်ပြီဖြစ်ပေမယ့်လည်း ကျန်အလောင်းတွေမှာ နေအိမ်တွေနဲ့ လမ်းမတွေပေါ်မှာ မူလအတိုင်း ရှိနေဆဲဖြစ်ကြောင်း၊ ပြန်လည်တွေ့ရှိတဲ့ အလောင်းတွေထဲမှာ စိတ်ဝေဒနာရှင်လူနာ ကိုမင်းဒင်ဆိုသူပါ ပါဝင်နေကြောင်း ဒေသခံထံက သိရပါတယ်။
ဒါ့အပြင်ပြန်လည်တွေ့ရှိရတဲ့ အလောင်းတွေထဲမှာ အမျိုးသမီးအလောင်းလည်းပါကြောင်း သိရပါတယ်။ စစ်ကောင်စီတပ်ဟာ နတ်ချောင်းရွာရှိ စာသင်ကျောင်းအတွင်း တပ်စွဲထားပြီး ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း ကျောင်းရှေ့ကနေ ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားတဲ့ အရပ်သား အမျိုးသမီးတစ်ဦးကို ပစ်သတ်လိုက်တာကို လူမှုကွန်ယက်စာမျက်နှာမှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်လည်း ပြန့်နှံ့နေခဲ့ပါတယ်။
အဆိုပါအလောင်းကိုလည်း မကောက်ယူနိုင်သေးဘူးလို့ သိရပါတယ်။
ဒီနေ့အထိ စစ်ကောင်စီတပ်ဟာ စာသင်ကျောင်းမှာ တပ်စွဲထားပြီး ၎င်းတို့မင်္သကာသောသူဆိုတဲ့ ခေါင်းစဉ်အောက်တွင် ပစ်ခတ်သတ်ဖြတ်မှုတွေပြုလုပ်လျက်ရှိနေရာမှာ ဒီနေ့မှာလည်း ဆေးရုံအနီးမှာ ပြည်သူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးထားကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment