28th Dec 2021 - Morning Daily News by Radio NUG

ဒီဇင်ဘာလ ၂၇ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနသည် ဒီဇင်ဘာလ ၂၇ ရက်တွင် သတင်းအချက်အလက်ကောက်ယူရေးစစ်တမ်းတခုကို စတင်
📌ကုလအထူးကိုယ်စားလှယ်အသစ်က စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုစိုးရိမ်ကြောင်းစတင်ပြောဆို
📌ရန်ကုန်တက္ကသိုလ် ဘူမိတက္ကသိုလ် ကျောင်းသားတဦး အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ကြောရေးမှာကျဆုံး
📌စာရေးဆရာမဒေါ်သန်းမြင့်အောင်နှင့်သရုပ်ဆောင်ပိုင်တံခွန်တို့ကို စစ်ကောင်စီကထောင်ဒဏ်ချ
📌တိုင်းရင်းသားလက်နက်ကိုင်ညီနောင်မဟာမိတ် ၃ ဖွဲ့ကသဘောထားထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနသည် ဒီဇင်ဘာလ ၂၇ ရက်တွင် သတင်းအချက်အလက်ကောက်ယူရေးစစ်တမ်းတခုကို စတင်လိုက်ပါတယ်။

ထိုစစ်တမ်းကောက်ယူရေး လှုပ်ရှားမှုမှာ ငါတို့မြို့ငါတို့ပိုင်တယ် our city our rules ဟုရေးသားထားကာ " စစ်တမ်းမှာပူးပေါင်းပါဝင်ပီး တော်လှန်ရေးတပ်သားတွေအတွက် သတင်းအချက်အလက်ထောက်ပံ့ကူညီကြစို့ " ဟု နှိုးဆော်ထားပါတယ်။
ငါတို့ဟာ တရားမျှတမှုနဲ့လွတ်လပ်မှုကို ယုံကြည်တဲ့ နိုင်ငံသားကောင်းတွေ ဖြစ်တယ်။ ငါတို့ဟာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ နိုင်ငံသားတွေ ဖြစ်တယ်။ ငါတို့ဟာ တာဝန်ကျေတဲ့ လူတွေ ဖြစ်တယ်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဟာ ငါတို့ကို လုံးဝအုပ်ချုပ်ခွင့်မရစေရဘူး။ ငါတို့မြို့ရွာတွေကို လုံးဝအုပ်ချုပ်ခွင့်မရစေရ။ ငါတို့ရဲ့ အဓိဌာန်ဟာ ခိုင်မာတယ်၊ပြတ်သားတယ် ဆိုရင် ကောက်ယူထားတဲ့ စစ်တမ်းမှာ ကိုယ့်ရပ်ရွာ၊ရပ်ကွက်တွင်း လက်ရှိအခြေအနေတွေနဲ့ အုပ်ချုပ်ရေးယန္တရားဆိုင်ရာ အချက်အလက်တွေကို ပေးပို့ပြီး တော်လှန်ရေးတပ်သားအဖြစ် ပါဝင်ပါလို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဖြေဆိုသူဆိုင်ရာအချက်အလက်တွေကို မှတ်တမ်းတင်ထားမှာ မဟုတ်လို့ လုံခြုံစိတ်ချစွာဖြေဆိုနိုင်ကြောင်းကိုလည်း ကတိပေးထားပါသေးတယ် ။ အဆိုပါ သတင်းအချက်အလက်ပေးပို့ကူညီရေး စစ်တမ်းကိုတော့ အမျိုးသားညိညွတ်ရေးအစိုးရရဲ့ ဘလူးမတ်ပါ facebook စာမျက်နှာမှာ ဖော်ပြထားတာမို့ လူတိုင်းအလွယ်တကူ ဝင်ရောက်ဖြေဆိုနိုင်မှာပဲ ဖြစ်ပါတယ်။

========================

📌📌ကုလအထူးကိုယ်စားလှယ်အသစ်က စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုစိုးရိမ်ကြောင်းစတင်ပြောဆိုခဲ့ပါတယ်

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ရာထူးသက်တမ်းကုန်ဆုံးသွားတဲ့ ခရစ်စတင်းဘာဂနာ နေရာမှာ ကိုယ်စားလှယ်သစ်က အစားထိုးတာဝန်ထမ်းဆောင်လိုက်တာပါ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ်အဖြစ် Noeleen Heyzer က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ကရင် ကယားစတဲ့ ဒေသတွေအပြင်အခြားဒေသများမှာပါမကျန် အာဏာသိမ်းအုပ်စုရဲ့အကြမ်းဖက်မှုတွေ အရှိန်မြင့်လာနေတာမို့ အထူးစိုးရိမ်မိကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့မှာပဲစတင် ပြောဆိုသွားပါတယ် စင်ကပူနိုင်ငံသူတဦးဖြစ်သူ ဝါရင့်သံတမန်တဦးလည်းဖြစ်သူ နိုလင်းဟေဇာရဲ့ထုတ်ပြန်ပြောဆိုချက်မှာပါဝင်တာကတော့အမျိုးသမီးနှင့်ကလေးသူငယ်များအပါအဝင်စစ်ဘေးရှောင်ဒေသခံတွေအမြောက်အမြား အိုးအိမ်စွန့်ခွာနေရပီး ပိတ်မိနေသူတွေလည်းအများအပြားရှိကြောင်း ပဋိပက္ခမှာပါဝင် ပတ်သက်နေသူအားလုံးအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုထားတဲ့အတိုင်း ပြည်သူလူထုရဲ့အကျိုးစီးပွားကို ရှေ့ရှုပြီး ဒီပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားသင့်ကြောင်း ပါဝင်ပါတယ် ဒါ့အပြင်စစ်ခေါင်းဆောင်ကတိကဝတ်ပြုခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်မှာ ပါဝင်တဲ့အတိုင်း အကြမ်းဖက်မှုတွေကို ချက်ခြင်း ရပ်တန့်ဖို့အတွက်လည်း Noeleen Heyzer ရဲ့ ကြေညာချက်မှာ ပါဝင်ပါယ်။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ကမ္ဘာ့ကပ်ရောဂါကြောင့် လူမှုရေးစီးပွားရေး ဘက်စုံခက်ခဲရုန်းကန်နေကြတဲ့အပြင်အာဏာသိမ်းမှုကြောင့် စစ်ဘေးဒုက္ခတွေ ထပ်ဆင့်ခံစားနေကြရကြောင်း ဖော်ပြပြောဆိုပါတယ်။ ပြောလေ့ပြောထ သဘောဆန်တဲ့ သူမရဲ့စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုမှုဟာအဖိနှိပ်ခံ အကြမ်းဖက်ခံမြန်မာလူထုအတွက်တော့ ထူးမခြားနားဘူးဆိုရမှာဖြစ်ပေမယ့် အထူးကိုယ်စားလှယ်သစ်တဦးရဲ့ ပထမဆုံးထုတ်ဖော်ပြောဆိုမှုဟာ အာရုံစိုက်စရာဖြစ်လာစေပါတယ်။ မြန်မာပြည်သားတွေရဲ့ ဒုက္ခတွေအဆုံးသတ်နိုင်ဖို့ သေနတ်သံတွေ ချုပ်ငြိမ်းသွားအောင်လုပ်ဆောင်ပြီး ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီကြဖို့ လိုအပ်ကြောင်းပြောပါတယ် မြန်မာ့အရေးနဲ့ပက်သက်ပီး သက်ဆိုင်သူတွေနဲ့ တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဒီကိစ္စမှာ တိုက်ရိုက် ပါဝင် ပတ်သက်နေသူတွေနဲ့ ထိတွေ့ဆက်ဆံတာ၊ နားထောင်တာတွေ လုပ်ဆောင်သွား မယ်လို့ ဆိုပါတယ်။ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေသူများအတွက် ပံ့ပိုးမှုတွေလုပ်ဆောင်ရင်းတချိန်တည်းမှာပဲ ငြိမ်းချမ်းရေးရလာဒ်တွေကိုလည်း ပေါ်လာအောင်ကြိုးစားမယ်လို့ Noeleen Heyzer ကဆိုပါတယ်။ အထူးကိုယ်စားလှယ်သစ်ဖြစ်လာသူ စင်ကာပူအမျိုးသမီး Noeleen Heyzer ဟာ တချိန်က မြန်မာနိုင်ငံရဲ့ နာဂစ်ဆိုင်ကလုံး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာလည်း ၂၀၀၈- ၂၀၀၉ က အာဆီယံ၊ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့နဲ့ လက်တွဲပြီး မြန်မာနိုင်ငံဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျှော့ချရေး ဆွေးနွေးပွဲတွေကို ဦးဆောင်ခဲ့သူ တဦးဖြစ်ပါတယ် အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ တာဝန်ပီးဆုံးသွားသူ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်ခရစ်စတင်းဘာဂနာဟာ တာဝန်ချိန်ပြီးဆုံးခဲ့ပီဖြစ်တာမို့ နေပြည်တော်မှာရှိတဲ့ ကိုယ်စားလှယ်ရုံးကို ပိတ်ဖို့ ဒီဇင်ဘာ ၂၁ ရက် ဆုံးဖြတ်ခဲ့ကြပါတယ်။ ရာထူးသစ်တာဝန်များကို ဆက်လက်ထမ်းဆောင်တော့မှာဖြစ်တဲ့ နိုလင်းဟေဇာ သူ့အနေနဲ့ အထူးကိုယ်စားလှယ်ရာထူးကို လက်ခံပြီးတဲ့နောက် လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒါဟာပထမဆုံးအကြိမ် ကြေညာချက် ထုတ်ပြန်ခြင်းလည်း ဖြစ်ပါတယ်။

========================

📌📌ရန်ကုန်တက္ကသိုလ် ဘူမိတက္ကသိုလ် ကျောင်းသားတဦး အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ကြောရေးမှာကျဆုံးသွားပါတယ်

ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုအောင်ဘုန်းကျော်ဟာ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် တာမွေမြို့၌ စစ်ကောင်စီအဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပီး ၁ ရက်အကြာမှာပဲ သတ်ဖြတ်ခံလိုက်ရပါတယ်။ ကျဆုံးသွားတဲ့ ကိုအောင်ဘုန်းကျော်နှင့်အတူ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုသူရအောင်လည်းဖမ်းဆီးခံခဲ့ရပြီး ယခုတွင် စစ်ကြောရေးသို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။ ကိုအောင်ဘုန်းကျော် ကျဆုံးသည့်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဝမ်းနည်းကြောင်းသဝဏ်လွှာတစောင်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ဖော်ပြခဲ့တာကတော့ ကိုအောင်ဘုန်းကျော် 4th batch Geology သည် ဒီဇင်ဘာလ ၂၇ ရက်တွင် နွေဦးတော်လှန်ရေးအတွက်အသက်ပေးလှူခဲ့ကြောင်းကြားသိရသည်။ ဒီဇင်ဘာ ၂၆ ရက်မှာ တာမွေမြို့တွင်ဖမ်းခံခဲ့ရပီး စစ်ကောင်စီမှ စစ်ကြောရေးအဖွဲ့များက သတ်ပစ်ခဲ့ကြခြင်းဖြစ်သည် မြတ်သောကျဆုံးခြင်းဖြင့်အသက်ပေးလှူခဲ့သော ကိုအောင်ဘုန်းကျော်ကို ကျနော်တို့ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနရှိ ဆရာဆရာများနှင့် ကျောင်းသူကျောင်းသားများအားလုံးက မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲရသည်ဟု ရေးသားထားပါတယ်။

========================

📌📌စာရေးဆရာမဒေါ်သန်းမြင့်အောင်နှင့်သရုပ်ဆောင်ပိုင်တံခွန်တို့ကို စစ်ကောင်စီကထောင်ဒဏ်ချလိုက်ပါတယ်

အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ သရုပ်ဆောင်ပိုင်တံခွန်ကို ရန်ကုန်မြို့၊ အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားရာက ဒီဇင်ဘာလ၂၇ ရက်နေ့မှာပဲ စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ပါတယ်။ ဒါ့အပြင်စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်ကိုလည်း ဒီကနေ့ ဒီဇင်ဘာလ (၂၇) ရက်မှာ အင်းစိန်ထောင်တွင်း စစ်ကောင်စီထိန်းချုပ်တဲ့ တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၃) နှစ် ချမှတ်ပါတယ်။ ပိုင်တံခွန်ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုကို အင်းစိန်ထောင်ထဲကနေ လပေါင်းများစွာရင်ဆိုင်ခဲ့ရပြီးမှခုလိုထောင်ဒဏ်ကျခံခဲ့ရတာဖြစ်ပါတယ်။

''တကယ်တော့ ဒီနေ့ဟာ ကိုပိုင်တံခွန်ကို အမိန့်ချရမယ့်နေ့မဟုတ်ပါဘူး လိုပြသက်သေ လာထွက်ရမယ့် ရုံးချိန်းပါ။ လိုပြသက်သေက ကျန်းမာရေးကြောင့် မလာနိုင်ဘူးဆိုတော့ အမှုစစ်ရှေ့နေနဲ့ တရားသူကြီးက ကိုပိုင်တံခွန်ကို ရှေ့ကို ခေါ်ထုတ်ပြီး အမှုတွဲမှာပါတဲ့ သပိတ်တုန်းကတုန်းက ဓာတ်ပုံတွေကို ပြပီးမေးပါတယ်။ အဲဒီလိုဆန္ဒပြတာမှန်လားမေးတာကိုပိုင်တံခွန်ကလည်း ဝန်ခံတယ်။ ဒါဆိုရင် အပြစ်ရှိကြောင်း ဝန်ခံတာပဲလို့ ဆိုပြီး အမိန့် တန်းချခဲ့တာပါ။ ကိုပိုင်တံခွန်ရဲ့ရှေ့နေရှိနေပေမဲ့ ရှေ့နေလည်း ပြောခွင့်မသာခဲ့ဘူး''လို့ ပိုင်တံခွန်ရဲ့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ရှေ့နေအဖွဲ့မှ ဥပ​ဒေအကြံ​ပေး ဦးခင်​မောင်မြင့်ကပြောပါတယ်။လုပ်ထုံးလုပ်နည်းအရဆိုရင် တရားလိုနဲ့ တရားလိုပြ သက်သေတွေစုံလင်အောင်စစ်ပြီးပြီဆိုရင် ပိုင်တံခွန်ရဲ့ရှေ့နေတွေဘက်က တစ်ဖက်စွပ်စွဲချက်တွေဟာခိုင်လံမှုမရှိတာကို ထောက်ပြပြီး အမှုကနေ လွှတ်ပေးဖို့ လာမယ့်ရုံးချိန်းတွေမှာ စွဲချက်လျှောက်လဲချက်တင်ရမှာဖြစ်ပါတယ်။
စွဲချက်တင်သင့်တယ်လို့ ဆုံးဖြတ်ရင်တောင် စွပ်စွဲခံရသူ ပိုင်တံခွန်ဘက်က သက်သေတွေကို တင်ပြတာ၊ သက်သေတွေကို စစ်ဆေးတာ၊ နောက်ဆုံးမှာ စွပ်စွဲခံရသူရဲ့ရှေ့နေဘက်က အပြီးသတ်လျှောက်လဲချက်တင်တာ၊ အဲဒီလျှောက်လဲချက်ကို တရားသူကြီးက ဆင်ခြင်သုံးသပ်မှုလုပ်ပြီးမှ အပြီးသတ်အမိန့်ချမှတ်တာမျိုး အဆင့်တွေ အများကြီးကျန်ပါသေငးတယ်။ အခုလိုအဆင့်များစွာကျော်ပီးတော့ အခုလို ဆုံးဖြတ်လိုက်တာလို့ ရှေ့နေအဖွဲ့ကပြောပါတယ်။ ချမှတ်လိုက်တဲ့ထောင်ဒဏ်မှာ ချုပ်ရက်တွေကို ထည့်သွင်းခံစားခွင့်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ တရားရုံးဆုံးဖြတ်ချက်ဟာ တရားရုံးကျင့်ထုံးကျင့်စဉ်တွေ၊ တရားရေးအတွေ့အကြုံတွေအရ တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးဘူးလို့ ရှေ့နေတွေက မှတ်ချက်ပြုခဲ့ကြပါတယ်။ သရုပ်​​ဆောင် ပိုင်တံခွန်ကို အာဏာသိမ်းစစ်​ကောင်စီအဖွဲ့က ပြီးခဲ့သည့် ဧပြီ ၈ရက်တွင် ​ဒဂုံမြို့သစ်​မြောက်ပိုင်းရှိ ​နေအိမ်တွင် မတရားဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။ပရဟိတသမားဖြစ်တဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကိုလည်း စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချပါတယ်။ စစ်တပ်ဟာ အာဏာသိမ်းစမှာပဲ ဆရာမဒေါ်သန်းမြင့်အောင် ကိုဖမ်းဆီးလိုက်ပီး စာပေဟောပြောပွဲ ၃ ခု ကိုအကြောင်းပြကာ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့စွဲချက်တင်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်ကောင်စီက ပုဒ်မတပ်စွဲချက်တင် ခဲ့တဲ့ ဆရာမရဲ့ စာပေဟောပြောပွဲများဟာ အာဏာသိမ်းဖြစ်စဉ်မတိုင်ခင်ကတည်းက တာမွေ ၊ ဧရာဝတီတိုင်း နှင့် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့တွေမှာ ကျင်းပခဲ့တဲ့စာပေဟောပြောပွဲတွေဖြစ်ကြပါတယ်။ အဆိုပါစာပေဟောပြောပွဲများဟာ အာဏာမသိမ်းခင်အစောပိုင်းကတည်းက ဖြစ်ပြီး တာမွေ၊ ဧရာဝတီတိုင်းနဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီတို့မှာပြုလုပ်ခဲ့တာပါ။
ဆည်းဆာရိပ်ဘိုးဘွားရိပ်သာတည်ထောင်သူဖြစ်ပြီး ပရဟိတလုပ်ငန်းတွေနဲ့လူသိများတဲ့ဆရာမဟာ NLD အစိုးရလက်ထက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ ကော်မတီအဖွဲ့၀င်တစ်ဦးဖြစ်ပါတယ်။ ဒါ့ပြင်ဆရာမဟာ အမျိုးသားစာပေဆု၊ စံပြ ပရဟိတဆု၊ ပြည်သူ့ဂုဏ်ရည်ဆု အစရှိတဲ့ လူမှုရေးထူးချွန်ဆုတွေကိုလည်း ရရှိခဲ့သူတဦးဖြစ်ပါတယ်။ ထောင်ဒဏ် ၃ နှစ်ကျခံရပီးနောက်ကျန်းမာရေးအခြေ အနေနဲ့ပက်သက်ပီး "အစ်မက နေမကောင်းဘူး ဆီးချိုလည်းရှိတယ် ဆေးကုသခွင့်မရဘူးလို့ ပြောတယ် စိတ်မကောင်းဘူး၊ ခုထောင်သုံးနှစ်ချတယ်ဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်တယ် "လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကပြောပါတယ်။

========================

📌📌တိုင်းရင်းသားလက်နက်ကိုင်ညီနောင်မဟာမိတ် ၃ ဖွဲ့ကသဘောထားထုတ်ပြန်

စစ်ကောင်စီသည် ကရင်နီပြည်သူများအားလူမဆန်စွာ အစုလိုက်အပြုံလိုက် အရှင်လတ်လတ်မီးရှို့သတ်ခြင်းနဲ့ပက်သက်၍ သဘောထားထုတ်ပြန်ချက်တရပ်ကို တိုင်းရင်းသားလက်နက်ကိုင်ညီနောင်မဟာမိတ် ၃ ဖွဲ့ကသဘောထားထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီရဲ့ လူသားမျိုးနွယ်ပေါ်ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုတွေကို ကမ္ဘာ့နိုင်ငံကြီးများက အရေးယူပေးဖို့ တောင်းဆိုပါရှိတဲ့ အဆိုပါထုတ်ပြန်ချက်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပီး အပြည့်အစုံမှာ
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး၌ စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၁၀၈) ဦးဆောင်သောတပ်များက တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် ဒေသခံ အပြစ်မဲ့ပြည်သူ (၃၅) ဦးကျော်အား ကားပေါ်တင်၍ ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှိသတ်ဖြတ်ခဲ့သည့်အပြင် ဖမ်းဆီးစဉ်က ညှိနှိင်းရန်သွားရောက်ခဲ့ကြသော နယ်ခြားစောင့် တပ်ရင်း (၁၀၀၄) မှ တပ်ဖွဲ့ဝင် (၄) ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မိုက်ရူးရဲဆန်စွာ တပါတည်း ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ကြားသိရသည်။
ယခုကဲ့သို့သော လုပ်ဆောင်မှုများသည် စစ်ကောင်စီ အနေဖြင့် စစ်မြေပြင်၌ စောင့်စည်းရမည့် စစ်ဥပဒေ၊ အရပ်သားများကို အကာအကွယ်ပေးရမည့် ဥပဒေများကို မျက်ကွယ်ပြုကာ လူသားမျိုးနွယ်အပေါ် ရည်ရွယ်ချက်ရှိရှိကျူးလွန်သည့် စစ်ရာဇဝတ်မှုများဖြစ်သည် အခြားတဖက်တွင် ဤကဲ့သို့သော လုပ်ရပ်များမှာ စစ်ကောင်စီ၏ မြန်မာ့တပ်မတော်အနေဖြင့် မိမိတို့၏ဒေသများ၌ လုပ်လေ့လုပ်ထရှိသော လုပ်ရပ်တစ်ခုသာဖြစ်ပြီး လူသားမျိုးနွယ်အပေါ်ကြီးမားသောပြစ်မှုများကို ကြိမ်ဖန်များစွာ ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျူးလွန်နေခြင်းလည်းဖြစ်သည်။
ခရစ္စမတ်အကြိုနေ့၌ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ပြီး ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှိ့သတ်ဖြတ်ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူလူထုများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ စစ်ကောင်စီ၏ ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည့်အပြင် ကမ္ဘာ့နိုင်ငံကြီးများအနေနှင့်လည်း စစ်ကောင်စီကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းများကို အမြန်ဆုံး ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သင့်ပါကြောင်း မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် သဘောထားထုတ်ပြန်ကြေငြာအပ်ပါသည်
အခုဖတ်ကြားခဲ့တာကတော့ စစ်ကောင်စီရဲ့လူမဆန်တဲ့စစ်ရာဇဝတ်မှုကို နိုင်ငံတကာကအရေးယူပေးဖို့ တိုင်းရင်းသားညီနောင်မဟာမိတ်သုံးဖွဲ့ကသဘောထားထုတ်ပြန်ချက်များပဲ ဖြစ်ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment