ဒီဇင်ဘာလ ၂၈ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌မြန်မာပြည်သူတို့ရဲ့ အသက်အိုးအိမ်ကို အမြန်ဆုံးကယ်တင်ပေးဖို့ လုံခြုံရေးကောင်စီထံသံအမတ်ကြီးဦးကျော်မိုးထွန်းစာပေးပို့တောင်းဆို
📌နတ်ချောင်းကျေးရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ပစ်သတ်ထားသည့် ဒေသခံပြည်သူများ၏ အလောင်းများ ကောက်ယူရန် ခက်ခဲနေဆဲ
📌ရှမ်းတောင်မှာ RCSSက လူသစ်စုဆောင်းလို့ ရွာခံတွေ တောထဲထွက်ပြေးတိမ်းရှောင်နေရ
📌ပလက်ဝမြို့နယ် ဆမီးမြို့မှ NLD လွှတ်တော်အမတ်တစ်ဦး၏ နေအိမ်ချိတ်ပိတ်ခံရ
📌ရေဖြူနယ်၊ ရလိုင်ရွာတွင် စစ်တပ်သတင်းပေးဟု နာမည်ကြီးသူတစ်ဦး ပစ်ခတ်ခံရပြီးနောက် စကစတပ်က ရွာရှိ NLD ဥက္ကဋ္ဌအပါအဝင် ၃ ဦးကို ဖမ်းဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌မြန်မာပြည်သူတို့ရဲ့ အသက်အိုးအိမ်ကို အမြန်ဆုံးကယ်တင်ပေးဖို့ လုံခြုံရေးကောင်စီထံသံအမတ်ကြီးဦးကျော်မိုးထွန်းစာပေးပို့တောင်းဆို
ကုလလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အမြန်ဆုံးကယ်တင်ပေးစေလိုကြောင်းသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်က ကယားပြည်နယ်အတွင်း အရပ်သားပြည်သူတွေကို မီးရှို့သတ်ဖြတ်မှုအပေါ် အရေးယူပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ NUG အစိုးရရဲ့ ကုလအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းက စာရေးသားပေးပို့တောင်းဆိုရာမှာ အဲဒီလိုဖော်ပြထားပါ တယ်။
မြန်မာ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေကို လူမဆန်စွာ နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ လွတ်လပ်ပြီးဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းဖို့အထူးပင် အရေးတကြီးလိုအပ်နေကြောင်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။
လုံခြုံရေးကောင်စီထံဦးကျော်မိုးထွန်းပေးပို့တဲ့ စာထဲမှာ ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ၊ ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်မှုကြောင့်အရပ်သားတွေ သေဆုံးဒဏ်ရာရနေတာ၊ မကွေးတိုင်း ဂန့်ဂေါ မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်သုံးရဟတ်ယာဉ်တွေနဲ့ လက်နက်ကြီးတွေအသုံးပြုပြီးတိုက်ခိုက်တဲ့အတွက် နေအိမ်တွေ ထောင်နဲ့ ချီ ပျက်ဆီးခဲ့သလို ဒေသခံပြည်သူတွေလည်း သေဆုံး၊ ဒဏ်ရာရတာနဲ့ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေရတာတွေကိုပါ ထည့်သွင်းရေးသားထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ အနေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လုံခြုံစိတ်ချရမဲ့ နေရာတခု နယ်စပ်မှာ အမြန်ဆုံး လုပ်ပေးစေလိုတယ်လို့တောင်းဆိုထားပါတယ်။
ဒီဇင်ဘာ၂၄ရက်နေ့ကကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ တိုက်ပွဲကြောင့်ထွက်ပြေးလာတဲ့ ကလေးသူငယ်နဲ့အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ၃၅ဦးကျော်ကို အကြမ်းဖက်စစ်တပ်က အရှင်လတ် လတ် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးကုလအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အထူးစိုးရိမ်ထိတ်လန့်မိကြောင်းကြေညာချက်ထုတ်ပြန်ကာ ရှုတ်ချခဲ့ပါတယ်။
========================
📌📌နတ်ချောင်းကျေးရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ပစ်သတ်ထားသည့် ဒေသခံပြည်သူများ၏ အလောင်းများ ကောက်ယူရန် ခက်ခဲနေဆဲ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက်ရှိ နတ်ချောင်းကျေးရွာအနီး ဒီဇင်ဘာလ ၂၂ ရက်ည မှစပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ထားတဲ့ ဒေသခံပြည်သူ အလောင်းများ ကောက်ရန်ခက်ခံနေကြောင်း နီးစပ်သူများထံမှ သိရပါတယ်။
"ကျနော်တို့ဆီမှာ ဒီနေ့ နောက်ဆုံးကြားရတဲ့ သတင်းအရတော့ ၁၄ လောင်းလောက်ရှိနေပြီလို့ သိရတယ်ခင်ဗျ လောလောဆယ်တော့ အဲရွာနားတစ်ဝိုက် တိုက်ပွဲဖြစ်နေသေးလို့ သေနေတဲ့အလောင်းကောက်ယူဖို့တောင် တော်တော်ခက်နေတယ်" လို့ အမည်မဖော်လို ဒေသခံတစ်ဦးကပြောပါတယ်။
ပစ်သတ်ခံထားရတဲ့ သေဆုံးသူတွေရဲ့ အလောင်းတွေကို နာရေးကူညီမူအသင်းက ကူညီသယ်ထုတ်ပေးနေပေမဲ့လည်း တိုက်ပွဲပြင်းထန်နေတဲ့အတွက် ၄ လောင်းသာ သယ်ယူနိုင်သေးကြောင်း ၎င်းကဆက်ပြောပါတယ်။
" ရွာမှာလည်း တိုက်ပွဲက ဆက်ဖြစ်နေသေးတော့ နာရေးကူညီမူအသင်းကလည်း ဝင်ရခက် အလောင်းက ခု သိထားတာ ၁၄လောင်းထဲက ၄လောင်းဘဲ သယ်လို့ရသေးတယ်။ သေထားတာက ဒီထက်များရင်လည်း များနိုင်သေးတယ် " လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
နတ်ချောင်းရွာတွင် ဒီဇက်ဘာလ ၂၂ရက်နေ့မှစပြီး စစ်ကောင်စီတပ်မှ ဒေသခံပြည်သူအချို့ကို လိုက်လံဖမ်းဆီးမူတွေ ပြုလုပ်လာတဲ့အပြင် ရွာတွင်း ဝင်ရောက်တပ်ဆွဲထားပြီး နေအိမ်များဖျက်ဆီးခြင်း ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးခြင်းပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် PDF (kalay ) ၏ ယနေ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၂၆ရက်ညမှ ဒီဇင်ဘာလ ၂၇ရက်နေ့ နံနက် ၆နာရီဝန်းကျင်ထိ အဆိုပါ နတ်ချောင်းရွာအတွင်း ဝင်ရောက်တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ကို ပကဖ ပူးပေါင်းအဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်မူတွေ ပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ PDF (kalay) မှ ၁ဦး၊ CNDF မှ ၁ဦး ကျဆုံးပြီး ဒဏ်ရာရရှိသူ ၄ဦးရှိခဲ့ကာ စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမူများနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။
ဒါ့အပြင် နတ်ချောင်းရွာမှာ ဒီဇင်ဘာလ ၂၂ရက်နေ့ကနေ MPT ဖုန်းလိုင်းများဖြတ်တောက်ခံ ထားတဲ့အတွက် ထွက်ပြေးသူ အချို့တွေလည်း ဖုန်းလိုင်းတွေမမိတဲ့ နေရာတွေမှာ ရောက်ရှိနေတာကြောင့် အန္တရာယ်ရှိမရှိ မသိနိုင်သေးပါဘူး။
နတ်ချောင်းရွာဟာ အိမ်ခြေ ၂၀၀၀ ဝန်းကျင်ရှိပြီး ကလေးမြို့တောင်ဘက် ၁၅ မိုင်အကွာခန့်တွင် တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး လက်ရှိချိန် စစ်ရှောင်နေသူ ၂၀၀၀ ဝန်းကျင်ခန့်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
ထို့ပြင် ကလေးမြို့နယ်တောင်ပိုင်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အတွက် ကလေး- ဂန့်ဂေါလမ်းမကြီးမှာ ဖြတ်သန်းသွားလာခြင်း မပြုရန်လည်း pdf( kalay) မှ သတိပေးထားပါတယ်။
========================
📌📌ရှမ်းတောင်မှာ RCSSက လူသစ်စုဆောင်းလို့ ရွာခံတွေ တောထဲထွက်ပြေးတိမ်းရှောင်နေရ
ရှမ်းပြည်နယ်တောင် မိုင်းကိုင်၊ လဲချားနဲ့ ကျေးသီးမြို့နယ်က ကျေးရွာတွေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကာင်စီ(RCSS) က လူသစ်စုဆောင်းတာကြောင့် မနေ့ ဒီဇင်ဘာလ ၂၆ ရက်မှာ ရွာခံတွေထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးသီးမြို့နယ်က ဒေသခံတစ်ဦးက “Rcssတွေက ရွာမှာ စစ်သားလာကောက်တော့ အကုန်ထွက်ပြေးလာကြတယ်။ အခုတလော သူတို့တော်တော်ကောက်နေတယ်။ လောလော ဆယ် တောထဲမှာ ပြေးနေရတယ်။ အခုထိတောင်ထမင်းမစားရသေးဘူး”လို့ ဒေသခံတွေပြောပါတယ်။
စစ်ကောက်ခံရတဲ့ ကျေးရွာတွေမှာ လဲချားမြို့နယ်က ခိုင်းတွန်းရွာ (၆)ယာက်၊ ပန်ညောင်း (၃)ယောက်၊ လုံးတောင်ရွာ ၃ယောက် မိုင်းကိုင်မြို့နယ်မှာ ဟိုရုပ်ကျေးရွာ (၁၀)ယောက်၊ လွိုင်လန်၊ ပန်လော့၊ ကီ့ပူ၊ လှုပ်ခါး စတဲ့ကျေးရွာတွေမှာ ၃ယောက်စီနဲ့ ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲမှ ပန်ထွန်း၊ နားလင်းလိုင်၊ ဖက်ရန်း အဲရွာတွေမှာ ၃ယောက်စီ ကောက်ခံနေတာဖြစ်ပါတယ်။
စစ်သားကောက်ခံနေရတဲ့ လုံတောင်ရွာခံတစ်ဦးက “အိမ်ထဲမှာဝင်မွှေပြီး ပစ္စည်းတွေလည်းယူသွားတယ်။ မွေးမြူထားတဲ့ ကျွဲ၊ နွား တိရိတ္ဆန်တွေကိုလည်းယူသွားတယ်”လို့ ပြောပါတယ်။
စစ်ကောက်ခံထားရတဲ့ အဲရွာတွေထဲမှာမှ လုံတောင်ရွာခံနဲ့ ဟိုရုပ်ရွာခံတွေဟာ ရွာလုံကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSSတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံမေးမြန်းရာမှာ“ကျွန်တော်အဲသတင်းမကြားရသေးဘူး။ ဘာဖြစ်လဲဆိုတော့ နယ်မြေမတည်ငြိမ်မှုလည်းဖြစ်တယ်။ စစ်ပြေးဒုက္ခသည် IDPတွေရှိနေတယ်။ နောက်တစ်ခုက စစ်ရေးတင်းမားမှုလည်းရှိတော့ မသိရသေးဘူး”လို့ ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းမှာ မိုင်းကိုမြို့နယ်နဲ့ ကျေးသီးမြို့နယ်ဘက်မှာ RCSSနဲ့ SSPPတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားတဲ့ နယ်မြေဒေသလည်းဖြစ်ပါတယ်။
========================
📌📌ပလက်ဝမြို့နယ် ဆမီးမြို့မှ NLD လွှတ်တော်အမတ်တစ်ဦး၏ နေအိမ်ချိတ်ပိတ်ခံရ
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်ကို ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် ညနေ ၁၂ နာရီအချိန်တွင် ချိတ်ပိတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းဦးမျိုးထိုက်ရဲ့ နေအိမ်ကို စစ်သားနဲ့ ရဲတပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်လူကြီးတစ်ချို့ လာရောက်ပြီး နေအိမ်ကို ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
အဆိုပါ လွှတ်တော်အမတ်အိမ်သို့ စစ်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများသွားရောက်ပြီး ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ပြုလုပ်ခဲ့တဲ့အကြောင်းရင်းကို သေချာသိရှိမှုမရှိဘူးလို့ ဆမီးမြို့မှ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဦးသန်းနိုင် က ပြောပါတယ်။
“သူကကျနော်တို့ရပ်ကွက်ကပါ။ မနေ့က ကျနော့်ကိုအကြောင်းကြားလာတာတယ်။ သူ့အိမ်ကိုသွားမယ် ရပ်မိရပ်ဖတွေ ခေါ်ပြီး စောင့်နေဆိုပြီး။ အဲ့တော့ ၁၂ နာရီလောက်မှာ ကျနော်တို့သွားပြီး ချိတ်ပိတ်ခဲ့တာပါ။ သူ့အိမ်သွားတဲ့အထဲမှာ စစ်သားက ၅ ယောက်။ ဒုရဲအုပ်၊ စခန်းမှူးအပါအဝင် ရဲက ၅ ယောက်ပါတယ်။ ဘာကြောင့်ပိတ်တယ်။ဘယ်လောက်ကြာအောင် ပိတ်မယ် ဆိုတောတော့ ကျနော်လည်းသေချာမသိဘူး” လို့ ပြောပါတယ်။
NLD လွှတ်တော်အမတ် ဦးမျိုးထိုက်နေအိမ်တွင်းရှိ လက်ကိုင်ဖုန်းတွေနဲ့ ပစ္စည်းတစ်ချို့ကို သက်ဆိုင်ရာက သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
========================
📌📌ရေဖြူနယ်၊ ရလိုင်ရွာတွင် စစ်တပ်သတင်းပေးဟု နာမည်ကြီးသူတစ်ဦး ပစ်ခတ်ခံရပြီးနောက် စကစတပ်က ရွာရှိ NLD ဥက္ကဋ္ဌအပါအဝင် ၃ ဦးကို ဖမ်းဆီး
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရလိုင်ရွာမှာ စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ရွာရှိ NLD ဥက္ကဋ္ဌအပါအဝင် ပါတီအဖွဲ့ဝင် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၂၆ ရက်၊ မနက် ၅ ခွဲခန့်က ရွာရှိ သတင်းပေးဒလန်ဟုနာမည်ကြီးသူ ဦးကိုလေးလွင်ဆိုသူမှာ သေနတ်ဖြင့်ပစ်ခံရပြီး နောက် ရွာရှိ NLDပါတီဝင်များကို သံသယရှိသည်ဟူသောစွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
"သေနတ်ပစ်ခံရသူက ထားဝယ်တိုင်းရင်းသားပါတီက ပါတီဝင်တစ်ဦးပဲ။ စစ်တပ်နဲ့ ပူးပေါင်းပြီး ရွာထဲမှာဒုက္ခပေးနေတဲ့တစ်ယောက်"လို့ သူက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး NLD(ဥက္ကဋ္ဌ) ဦးတင်စိုး၊ (အဖွဲ့ဝင်)ဦးနေဆန်းလင်း၊ (အဖွဲ့ဝင်)ကိုဝေယံနိုင် တို့သုံးဦးကို ဖမ်းဆီးသွားကြောင်း ၎င်းကထပ်မံပြောဆိုပါတယ်။
ဖမ်းဆီးခံရသူများမှာ PDF အဖွဲ့အစည်းနဲ့ အချိတ်အဆက်ရှိသည်ဟု စွပ်စွဲခံရပြီး ရေဖြူမြို့နယ်ရဲစခန်းတွင် ရိုက်နှက်စစ်ဆေးခံနေရကြောင်း ဒေသခံက ပြောသည်။
ပစ်ခတ်ခံရသူ ဦးကိုလေးလွင်မှာ လက်ရှိတွင် မယ်ဒီလန်းဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ၎င်းအား မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သည်ကို မသိရသေးပေ။
========================
📌📌General Strike Coordination Body - GSCB
"ဖက်ဒရယ်ဒီမိုကရေစီ New Year !!!”
နှစ်သစ်ကိုလည်းကြိုမယ် ဖက်ဆစ်ကိုလည်းဖြိုမယ်
မကြာခင် ခရစ်နှစ်အရ ၂၀၂၁ ဆိုတဲ့ နှစ်ဟောင်းကုန်လို့ ၂၀၂၂ နှစ်သစ်ကို ကူးပြောင်း ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုက အချိန် (၁၁) လ ထဲ ရောက်ရှိလာပေမယ့် ပြည်သူတွေက စစ်အာဏာသိမ်းအကြမ်းဖက်ဒါကို လက်မခံဘူး၊ အကြမ်းဖက် စစ်အုပ်ချုပ်ရေးယန္တယားအောက်မှာ သွေးကြောင်မသွားဘူး၊ အသားကျမသွားဘူးဆိုတာကို နည်းလမ်းမျိုးစုံနဲ့ ဖော်ထုတ်ပြသလျက်ရှိကြပါတယ်။ အခုလာမယ့် ခရစ်နှစ်သစ်ကူးကာလမှာလည်း ပြည်သူများအနေဖြင့် “နှစ်သစ်ကိုလည်း ကြိုသလို ဖက်ဆစ်ကိုလည်း ဆက်ဖြို” နေကြဖို့ပါပဲ။
ယခုလာမယ့် ခရစ်နှစ်သစ်ကူးဟာ တော်လှန်ရေးကာလရဲ့ တော်လှန်သော နှစ်သစ်ကူးပဲ ဖြစ်ရပါလိမ့်မယ်။ ပြည်သူတွေ နှစ်သစ်ဆုမွန်တောင်းကြမယ်ဆိုရင် တောင်းရမယ့်ဆုက လာမယ့် နှစ်သစ် (၂၀၂၂) သည် တိုင်းသူပြည်သားအားလုံး လိုလားတောင့်တနေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိမယ့် “ဖက်ဒရယ်ဒီမိုကရေစီ New Year” ဖြစ်ပါစေဆိုတဲ့ ဆုတောင်းစကားပဲ ဖြစ်ပါတယ်။
ကျနော်/ကျန်မတို့ နှုတ်က ဒီလို နှစ်သစ်ဆုမွန်တောင်းကြတဲ့အပြင် ပန်းတိုင်ကို တကယ်ရောက်နိုင်ဖို့ တော်လှန်ရေးမှာ ကာယကံမြောက်လည်း အားလုံးဆက်လက် ပါဝင်ကြိုးပမ်းကြမယ်ဆိုတာကို ယုံကြည်လျက်ပါ။
ဒါ့ကြောင့် ယခုလာမယ့် (၃၁ ရက် ဒီဇင်ဘာ ၂၀၂၁) နဲ့ (၁ ရက် ဇန်နဝါရီ ၂၀၂၂) ရက်တွေမှာ ပြည်သူလူထုအနေနဲ့ အောက်ဖော်ပြပါ တော်လှန်သော နှစ်သစ်လှုပ်ရှားမှုတွေမှာ ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျား/ရှင်
∎ New Year ကြွေးကြော်သံ
#Federal_Democracy_NewYear
နှစ်သစ်ကူးည (၃၁ ဒီဇင်ဘာ ၂၀၂၁) မှာတော့ နိုင်ငံရေးအရ အနှစ်သာရရှိပြီး ကျနော်တို့ရဲ့ ဘုံပန်းတိုင်လည်းဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီ New Year” လို့ ဆုမွန်တောင်းကြရင်းအော်ကြမယ်။ နှစ်သစ်ကူးတဲ့ ည (၁၂) နာရီမှာ အော်ဟစ်ပြီး ဆုတောင်းနိုင်သူများ၊ အခြေအနေပေးသူများကလည်း အော်ဟစ်ပြီး ဆုတောင်းကြပါ။
(မှတ်ချက်။ အော်ဟစ်ဆုတောင်းရေးမှာ လုံခြုံရေးအနေအထားနှင့် မိမိတို့ ဘေးကင်းစေရေးကို အထူး ဦးစားပေး၊ ဂရုပြုစေလိုပါတယ်၊ အန္တရာယ်ရှိက မစွန့်စားစေလိုပါ)
∎တော်လှန်နှစ်သစ်ဆုတောင်းပွဲ
#PrayerStrike
တော်လှန်ရေးအဆက်ဆက် အသက်၊သွေး၊ချွေးများ ထည့်ဝင်ပေးဆပ်သွားကြတဲ့ အာဇာနည်တွေ၊ သူရဲကောင်းတွေ၊ နောက် အကျဥ်းထောင်တွေထဲက သူရဲကောင်းရဲဘော်တွေ၊ PDF တပ်သားတွေ၊ တော်လှန်နေကြသော ပြည်သူတွေအတွက်လည်း (၃၁)ရက်နေ့ညမှာ ဝိုင်းဆုတောင်းကြပါမယ်။
ဘာသာပေါင်းစုံ မိမိယုံကြည်ကိုးကွယ်ရာအလိုက် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေဆုတောင်းပေးကြပါ။
ဆုတောင်းတဲ့အခါ ဖယောင်းတိုင်ထွန်းတာ၊ ဝမ်းနည်းခြင်းနှင်းဆီတွေ ပြန့်ကြဲတာ စသည်ဖြင့်ကြိုက်နှစ်သက်သည့်ပုံစံဖြင့် ဆုတောင်းပေးကြပါ။
ဆုတောင်းမှုကို ဓါတ်ပုံမှတ်တမ်းတင်ပြီး social media တွေမှာ တင်ကြရင်း သွေးမအေးကြောင်းပြသကြပါစို့
ခရစ်နှစ်သစ်ကူးမှာ “ဖက်ဒရယ်ဒီမိုကရေစီ New Year” လို့ ဆုတောင်းကြွေးကြော်ရင်း “နှစ်သစ်ကိုလည်း ကြို ဖက်ဆစ်ကိုလည်း ဖြို” မယ့် တော်လှန်ခရီးကို အတူဆက်ကြမယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment