ဒီဇင်ဘာလ ၂၈ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှ ထုတ်ပြန်ကြေငြာချက်
📌မြန်မာ့အရေးတွက်ပြင်ဆင်ထားတဲ့ NDAA ခေါ်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေကို သမ္မတဂျိုးဘိုင်ဒန်ကလက်မှတ်ထိုး
📌ကော့ကရိတ်မြဝတီအာရှလမ်းမကြီးမှာ အရပ်သားကားများဖြင့်စစ်အင်အားတိုးချဲ့နေမှုကြောင့် KNU ကစည်းကမ်းထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှ ထုတ်ပြန်ကြေငြာချက်တရပ်ကို ဒီဇင်ဘာလ ၂၈ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ပါသည်
ထိုကြေငြာချက်အပြည့်အစုံမှာ -
အကြမ်းဖက်စစ်ကောင်စီသည်အချိန်ကြာလာသည်နဲ့အမျှ နိုင်ငံနှင့်ပြည်သူကိုအကြောက်တရားဖြင့်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ အရပ်သားများကိုအဓိကပစ်မှတ်ထားကာရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်းနှိပ်စက်ခြိမ်းခြောက်သတ်ဖြတ်မှုများ လုပ်ဆောင်လာကြောင်းတွေ့ရသည်။ အကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းကာလ ၁၁ လ ကြာမြင့်ချိန်ထိ ၎င်းတို့၏အုပ်ချုပ်မှုကို လုံးဝလက်မခံဘဲ ဆက်လက်တွန်းလှန်နေကြသော ပြည်သူအပေါ် စစ်ရာဇဝတ်မှု ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုနှင့်လူမျိုးသုဉ်း သတ်ဖြတ်မှုများဖြစ်သည့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သည့်ပြည်သူအား ဦးခေါင်းတည့်တည့်ကိုပစ်ခတ်သတ်ဖြတ်ခြင်း - ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းကာဖြင့်တိုက်၍ ဖြိုခွင်းဖမ်းဆီးခြင်း၊ ကျန်မိသားစုဝင်များအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခြင်း၊ မသန်စွမ်းသူများ သက်ကြီးရွယ်အိုများ ၊ အမျိုးသမီးနှင့်ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်း မြို့ရွာများ လူနေအိမ်များ ဘာသာရေးအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း ၊ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း ၊ ဒေသခံပြည်သူတို့၏စိုက်ခင်းများ ၊ သိုလှောင်ထားသည့်စားနပ်ရိက္ခာများအား မီးရှို့ဖျက်ဆီးခြင်းနှင့်အတင်းအဓမ္မ လုယက်ခြင်းတို့ကို ပိုမိုဆိုးဝါးစွာ ကျူးလွန်လာကြောင်း တွေ့ရှိရသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းနှင့် ဒီဇင်ဘာလအတွင်း ချင်းပြည်နယ်စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ကယား(ကရင်နီပြည်နယ်) အပါအဝင် မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် အပြစ်မဲ့ပြည်သူ အနည်းဆုံး ၄၆ ဦးအစုလိုက်အပြုံလိုက် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။ ယင်းမာပင်မြို့နယ် ဒုန်းတောကျေးရွာတွင် ၁၁ ဦးနှင့် ကယား (ကရင်နီပြည်) ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် ၃၅ ဦးတို့ကို အကြမ်းဖက်စစ်အုပ်စုက အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပီး၊ ယင်းတို့တွင် ကလေးသူငယ်အမျိုးသမီး သက်ကြီးရွယ်အိုများနှင့် နိုင်ငံတကာ NGO မှဝန်ထမ်းများ ပါဝင်ခဲ့သည်။ မိုဆိုကျေးရွာ ဖြစ်စဉ်တွင် ဖမ်းဆီးခံပြည်သူများအား ပြန်လည်လွှတ်ပေးရန်သွားရောက်ညှိ နှိုင်းခဲ့သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သော ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ကလလတ မှနယ်ခြားစောင့်တပ်အသွင်ပြောင်းတပ်ဖွဲ့ဝင်လေးဦးအားလည်း နှုတ်ပိတ်သည့်အနေဖြင့်ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီ၏ အထက်ဖော်ပြပါ ရာဇဝတ်မှုများအား အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် မိမိတို့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားရန် သန္နိဌာန် ပြုအပ်ပါသည်။ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်အာဏာရှင်ကိုနည်းလမ်းပေါင်းစုံဖြင့်ခုခံတွန်းလှန်နေသောအဖွဲ့အစည်းများ ပြည်သူများသည်လည်း မိမိတို့နှင့်အတူ ညီညွတ်စွာလက်တွဲ၍ ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်ကြရန် တိုက်တွန်းအပ်ပါသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်နိုင်ငံတကာအစိုးရများအနေဖြင့်လည်း အောက်ပါအတိုင်း အမြန်ဆုံးကြိုးပမ်းဆောင်ရွက်ပေးရန် အလေးအနက်တောင်းဆိုတိုက်တွန်းအပ်ပါသည်။
- (၁) မြန်မာနိုင်ငံတွင်းရှိ အပြစ်မဲ့အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများနှင့်လူမျိုးသုဉ်းသတ်ဖြတ်မှုများကို ထပ်တလဲလဲ ကျူးလွန်နေသောစစ်ကောင်စီအား အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ပေးရန် ကုလသမဂ္ဂနှင့်နိုင်ငံတကာအစိုးရများအား တောင်းဆိုသည်။
- (၂) ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသည့်အလေ့အထအား ရပ်တန့်နိုင်စေရန် စစ်ကောင်စီကို နိုင်ငံတကာခုံရုံးအသီးသီးတွင် ထိရောက်စွာအပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများအား တောင်းဆိုသည်။
- (၃) စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကိုခံစားနေသည့်ဒေသများကို လေယာဉ်မပျံသန်းရ ဇုန် သတ်မှတ်ရေးနှင့် စစ်ကောင်စီအား လက်နက်တင်ပို့မှုပိတ်ဆို့ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား တောင်းဆိုသည်။
- (၄) ထွက်ပြေးတိမ်းရှောင်နေရသည့်စစ်ပြေးဒုက္ခသည်များအား ထိရောက်လျင်မြန်သည့်လူသားချင်းစာနာမှုအကူအညီများ ပံ့ပိုးပေးရန်နိုင်ငံတာအသိုင်းအဝိုင်းအား တောင်းဆိုသည်။
အခုဖတ်ကြားတင်ပြသွားတာကတော့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှ ထုတ်ပြန်ကြေငြာချက်များပဲ ဖြစ်ပါတယ်။
========================
📌📌မြန်မာ့အရေးတွက်ပြင်ဆင်ထားတဲ့ NDAA ခေါ်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေကို သမ္မတဂျိုးဘိုင်ဒန်ကလက်မှတ်ထိုးလိုက်ပါတယ်
မြန်မာ့ဒီမိုကရေစီအရေးပိုတွန်းအားပေးနိုင်သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင် မဟာဗျူဟာကျကူညီနိုင်မယ့်ပြင်ဆင်ချက်ပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ - NDAA ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၂၇ ရက်မှာလက်မှတ် ရေးထိုးလိုက်ပြီဖြစ်ပါတယ်။
ကာကွယ်ရေးဥပဒေမူကြမ်း အပေါ်ဆန္ဒပြမှုတွေကြားမှာပဲ ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ ၇၇၇ ဒသမ ၇ဘီလီယံ အသုံးပြုခွင့်ပေးဖို့ လက်မှတ်ရေးထိုးလိုက်တာပဲဖြစ်ပါတယ်။ ၂၀၂၂ ဘဏ္ဏာနှစ်အတွက် NDAA လို့ အတိုကောက်ခေါ်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ မှာမြန်မာ့အရေးပြင်ဆင်ချက်ပါဝင်တာဖြစ်လို့ အဲဒီဥပဒေအရ စစ်ကောင်စီကို အရေးယူနိုင်ဖို့ ၊ မြန်မာအပေါ် တရုတ်နဲ့ရုရှားရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားနဲ့ လွှမ်းမိုးတဲ့လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံ လူမျိုးစုပဋိပက္ခပိုကြီးလာတာကိုပြန် လည်သုံးသပ်ဖို့လည်းပါဝင်ပါတယ်။ စစ်ပွဲဆန့်ကျင်သူ အုပ်စုတွေနဲ့ စစ်အသုံးစရိတ်ကို ဖြတ်တောက်ဖို့ တိုက်တွန်းနေတဲ့ လွှတ်တော်အမတ်တွေကြားမှာပဲ ဘိုင်ဒင် ဟာ တစ်နှစ်တာ စစ်ရေးအသုံးစရိတ်အတွက်ဘီလီယံ ရာနဲ့ချီတဲ့ ငွေကြေးပမာဏတစ်ခုကို ခွင့်ပြုပေးသွားခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလို သုံးသပ်ထားပါတယ်။
( ဒေါ်ဇင်မာအောင် သုံးသပ်ချက်စကားပြောများ ... )
“ NDAA ကို အမေရိကန်သမ္မတကလက်မှတ်ထိုးလိုက်တာနဲ့ပက်သက်လို့ပြောရရင် Budget နဲ့ပက်သက်တဲ့ ဥပဒေပိုင်းမှာ လွှတ်တော်ကတင်တယ် သမ္မတကနောက်ဆုံးလက်မှတ်ရေးထိုးပေးရတာဆိုတော့ အတည်ပြုလိုက်သလိုဖြစ်သွားတယ် ပြီးတော့လက်တွေ့ပိုဆန်လာမှာပေါ့လေ.. ဥပဒေကြမ်းထဲမှာပါတဲ့အတိုင်း Budget ခွဲဝေမှုကအစ Monitoring လုပ်တဲ့အပိုင်းတွေပါပိုပြီးတော့ပါလာမှာဖြစ်တဲ့အတွက်ကြောင့် သာမာန်ကြေညာချက်ထုတ်တာ နိုင်ငံရေးအရ Naming and Shaming လုပ်ပြီးတော့ ရှုံ့ချတာလောက်နဲ့တင်မကပဲ လက်တွေ့ကျတဲ့ ကူညီထောက်ပံ့မှုတွေပိုပြီးတော့သွားမယ့်အပိုင်းလို့ မြင်လို့ရပါတယ် ရှင့်”
ဒါကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ရဲ့ NDAA အပေါ်သုံးသပ်ချက်အမြင်ပါ။
အမျိုးသားကာကွယ်ရေးဆိုင်ရာ တရားဝင်ခွင့်ပြုချက် အက်ဥပဒေ (NDAA) လို့ လူသိများကြတဲ့ ဥပဒေတစ်ရပ်ကို ဘိုင်ဒင်က တနင်္လာနေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီ ဥပဒေကြမ်းမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို လစာတိုးမြှင့်ပေးခြင်းလည်း ပါရှိခဲ့ပါတယ်။
========================
📌📌ကော့ကရိတ်မြဝတီအာရှလမ်းမကြီးမှာ အရပ်သားကားများဖြင့်စစ်အင်အားတိုးချဲ့နေမှုကြောင့် KNU ကစည်းကမ်းထုတ်ပြန်လိုက်ပါတယ်
အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားကျူးကျော်ဖမ်းဆီးမှုကြောင့် ဒီဇင်ဘာ ၁၅ ရက်မှစခဲ့တဲ့ လေးကေကော်ဒေသတိုက်ပွဲများဟာ ခုချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ် ရက်သတ္တပတ် နှစ်ပတ်ထိကြာမြင့်လာနေတဲ့ စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ရဲ့နှစ်ဖက်တိုက်ပွဲမှာ အထိနာခဲ့တဲ့စစ်ကောင်စီဟာ တိုက်လေယာဉ်များစစ်ရဟတ်ယာဉ်များသုံးစွဲပြီး ပူးပေါင်းတပ်ဖွဲ့ရှိရာကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ရှောင်ဒုက္ခသည်တွေတိုးပွားလာနေတဲ့အပြင် ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း PDF ရဲဘော်တွေကျဆုံးမှုတွေရှိခဲ့ပါတယ်။
လေးကေကော်ဒေသကို စစ်ကောင်စီတပ်မှ (၄) ကြိမ်မြောက် လေကြောင်း ပစ်ခတ်တိုက် ခိုက်မှုအဖြစ် ဒီဇင်ဘာလ ၂၇ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန်ထိ ပြုလုပ်ခဲ့ကြပါတယ်။ လေကြောင်းပစ်အားအပြင် လက်နက်ကြီးအမြောက်အမြားသုံးစွဲနေတဲ့အာဏာသိမ်းတပ်တွေဟာ မြေပြင်တပ်များကိုလည်း အင်အားတိုးချဲ့နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြပါတယ်။ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း စစ်ကောင်စီအဓိကအားထားရာလမ်းဖြစ်တဲ့ ကော့ကရိတ်မြဝတီအာရှလမ်းမကို ကြားဖြတ်စောင့်ကြိုတိုက်ခိုက်နိုင်ဖို့ ကြိုးစားနေရပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအပါအဝင် ၉ ဦးထက်မနည်းသေဆုံးပြီး ဒေသခံတစ်ထောင်ဝန်းကျင်ခန့်လည်းအရေးပေါ် တိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။ ခုလိုစစ်ရေးတင်းမာနေဆဲအခြေအနေမှာပဲ ကော့ကရိတ်-မြဝတီ ကားလမ်းပိုင်းဖြစ်တဲ့ အာရှလမ်းမအပေါ်မှာ စစ်ကောင်စီတပ်များဟာ အရပ်သားကားတွေအသုံး ပြုပြီးတော့ စစ်အင်အားတိုးချဲ့တာတွေပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်းချက် တွေကို KNU က ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်အရ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ နဲ့ တပ်မဟာ ၆ နယ်မြေအပိုင်းအခြားဖြစ်တဲ့ အာရှလမ်းမကို စည်းကမ်းချက် ၄ မျိုးလိုက်နာရ မှာဖြစ်တယ်လို့ ဒီဇင်ဘာလ ၂၇ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်တာပါ။
“စစ်ကောင်စီဘက်က အရပ်သားကားတွေသုံးပြီး တာလပတ် တွေအုပ်ပြီးလာကြတော့ အရှေ့မှာရှိတဲ့ ကျနော်တို့ရဲဘော်တွေအတွက် လုပ်ရကိုင်ရတအားခက်တယ်။ အဲ့လို လုပ်ပြီးသွားတာ မြဝတီကို နှစ်ခါလောက် ရောက်သွားပီဆိုတာကျနော်တို့သိတယ် အဲ့တော့ အခုလိုအချိန်မျိုးမှာ ပြည်သူတွေအနေနဲ့ သွား လာတာတွေ မလုပ်ရင်တော့ အကောင်းဆုံးပဲ။ သွားလာမယ်ဆိုလည်း သေချာချင့်ချိန်စဉ်းစားပြီးမှ သွားဖို့တော့ ပြောချင်တာပေါ့” လို့ KNU ဗဟိုကော်မတီဝင် ပဒိုစောတောနီးက ပြောပါတယ်။ စည်းကမ်းချက်တွေအနေနဲ့ကတော့ - အရပ်သားကားတွေအနေနဲ့ သွားလာခြင်းပြုလုပ်တဲ့အခါ ကားတံခါးမှန်တွေ ကို ချထားဖို့၊ KNLA ရဲ့ တာဝန်ရှိသူတွေဘက်က တားမြစ်စစ်ဆေးတာလုပ်တဲ့အခါမှာ အစစ်ဆေးခံယူဖို့၊ ကားတွေကို တာလပတ်တွေ အုပ်ပြီး သွားလာတာတွေ မပြုဖို့နဲ့ အကြမ်းဖက်စစ်ကောင် တပ်ဖွဲ့ဝင်တွေအပြင် စစ်သုံးပစ္စည်း လက်နက်ခဲယမ်းတွေ သယ်ဆောင် ပေးတာမျိုးမလုပ်ဖို့ အချက်တွေဖြစ်ပါတယ်။ ဒီစည်းကမ်းချက်လေးချက်ကို ယာဉ်မောင်းတွေအနေနဲ့ ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာရမှာဖြစ်ပြီးတော့ လိုက်နာခြင်းမရှိခဲ့ဘူးဆိုရင် ပြတ်ပြတ်သားသား အပြစ်ပေးအရေးယူတာတွေ ပြု လုပ်မယ်လို့ ဆိုထားပါတယ်။ လေးကေကော်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေပြုလာနိုင်ပြီး အရပ်သားများထိခိုက်ပျပ်စီးမှုမရှိစေရန်အတွက် KNU ကရင်အမျိုးသားအစည်းအရုံးက လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်သတ်မှတ်ပေးရန်နိုင်ငံတကာကိုတောင်းဆိုထားတဲ့ကြားမှာပဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကို ဦးစားပေးနေတဲ့အပြင် ကြည်းကြောင်းမှလည်းခုလိုအရပ်သား နှင့် အရပ်သားကားဟန်ဆောင်ပီး စစ်အင်အားဝင်ရောက်တိုးချဲ့နေတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment