29th Dec 2021 - Evening Daily News by Radio NUG

ဒီဇင်ဘာလ ၂၉ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌လေးကေကော်မြို့သစ်တွင် မီးလောင်တဲ့သတင်း
📌ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံမည့် ကုလားတန်စီမံကိန်းကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က မြန်မာပြည်ခရီးစဉ်အတွင်း ကတိပြုခဲ့
📌ဖားကန့်တွင် အရန်မီးသတ် အရာရှိတစ်ဦး ပစ်သတ်ခံရ
📌မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံမပြုလုပ်နိုင်ရန် လက်နက်နှင့်နည်းပညာ ရောင်းချမှုရပ်ဆိုင်းဖို့ အမေရိကန်တိုက်တွန်း
📌တော်လှန်နှစ်ကူး ကြိုဆိုပွဲ ဆန်ဖရန်စစ်စကိုဘေးဧရိယာ မြန်မာကွန်မြူနီတီ ကျင်းပမယ် ဆိုတဲ့သတင်း

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌လေးကေကော်မြို့သစ်တွင် မီးလောင်တဲ့သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ လေးကေကော်မြို့သစ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ညပိုင်းတွင် မီးလောင်နေကြောင်း မြေပြင်သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

(ဒီဇင်ဘာ ၂၈ ရက်) ည ၈ နာရီခန့်က လေးကေကော်မြို့သစ် ၄ ရပ်ကွက်နဲ့ ၅ ရပ်ကွက်နေရာမှာ မီးလောင်နေတာကို အဝေးက လှမ်းမြင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

“အခုမှ စလောင်တာ မီးက တော်တော်ကြီးတယ်။ အဝေးကနေတောင် လှမ်းမြင်နေရတာ။ သူတို့ (စစ်ကောင်စီတပ်) ပဲ ရှို့တာနေမှာပေါ့။ မြို့ထဲ သူတို့ပဲ ကျန်ခဲ့တာလေ” လို့ ဒေသခံတဦးက ပြောပါတယ်။

ကရင် အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေကော်အမည်ရ “ငြိမ်းချမ်းရေးမြို့သစ်” တွင် ဒီဇင်ဘာ လ ၁၅ ရက်က စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မြို့တွင်းမှာ စစ်ကောင်စီတပ်က တပ်စွဲထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း အကျအဆုံး များလာပြီးနောက် လေးကေကော်ဒေသကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုကို ဒီဇင်ဘာ ၂၃ ရက်မှစကာ ပြုလုပ်လျက်ရှိပါတယ်။

========================

📌📌ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံမည့် ကုလားတန်စီမံကိန်းကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က မြန်မာပြည်ခရီးစဉ်အတွင်း ကတိပြုခဲ့

ကုလားတန်ဘက်စုံသုံးစီမံကိန်းကို မြန်ဆန်စွာ အကောင်အထည်ဖော်ဖို့ အိန္ဒိယအစိုးရ၊ နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringla က မြန်မာပြည်ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံစဉ် ကတိပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး (ရန်ကုန်) က အထက်ပါအတိုင်း နိုင်ငံခြားရေးအတွင်းဝန်ရဲ့ ဆွေးနွေးမှုတွေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်းကိုလည်း ဖော်ဆောင်ဖို့ ထည့်သွင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အိန္ဒိယ-မြန်မာနယ်စပ်ဒေသတွေမှာ နေထိုင်ကြသူတွေအပါအဝင် ပြည်သူဗဟိုပြု လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် အိန္ဒိယနိုင်ငံက ဆက်လက်ထောက်ပံ့မှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

ကုလားတန်ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းကို အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံပြီး အိန္ဒိယ - မြန်မာနိုင်ငံကြား ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါတယ်။

စီမံကိန်းစတင်နိုင်ဖို့ အိန္ဒိယ (အစိုးရ) ဘက်က ၂၀၀၂ ခုနှစ်ကတည်းက စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား တရားဝင် သဘောတူလက်မှတ်ရေးထိုးခြင်းကိုတော့ ၂၀၀၈ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။

NLD အစိုးရလက်ထက် နိုင်ငံတော်သမ္မတရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံနယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖောက်လုပ်မှုကို ဆက်လက်ဆောင်ရွက်ဖို့ MOU (၁၀) ခုအထိ သဘောတူရေးထိုးခဲ့ကြပါတယ်။

အဲ့ဒီအထဲမှာ ကုလားတန်စီမံကိန်းရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ ပလက်ဝ-ဇိုရမ်ပူလမ်း ဖောက်လုပ်မှုကို စောလျင်စွာ ပြီးစီးရေးအတွက် ကတိပြုခဲ့ကြတယ်လို့ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာ အိန္ဒိယဘက်က ကုလားတန်စီမံကိန်းအပါအဝင် မြန်မာပါဝင်ပတ်သက်နေတဲ့ နှစ်နိုင်ငံပူးပေါင်းမှု စီမံကိန်းတွေကို ဆက်လက်ဖော်ဆောင်လိုဟန်ရှိနေပြီး နိုင်ငံခြားရေးအတွင်းဝန်ရဲ့ ခရီးစဉ်မှာ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေမှာ ပါဝင်တဲ့ စီမံကိန်းတွေကိုလည်း ဆက်လက်ဆောင်ရွက်ဖို့ အိန္ဒိယနိုင်ငံရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့တယ်လို့ အိန္ဒိယသံရုံး(ရန်ကုန်)က ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်တွင် မတရားအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက အဘက်ဘက်ကနေ ကန့်ကွက်နေတဲ့အချိန်မှာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးအတွင်းဝန်က မြန်မာပြည်တွင်း ခရီးစဥ်တွင် ကုလားတန်ဘက်စုံစီမံကိန်းကို အလျင်စလို ပြီးစီးအောင် လုပ်ဆောင်စေရန်အတွက် တွန်းအားပေးနေတာကို တွေ့မြင်နေရပါတယ်။

========================

📌📌ဖားကန့်တွင် အရန်မီးသတ် အရာရှိတစ်ဦး ပစ်သတ်ခံရ

ဖားကန့်တွင် အရန်မီးသတ် အရာရှိတစ်ဦး ယနေ့နံနက်ပိုင်း ၅ နာရီဝန်းကျင်ခန့်အချိန် လမ်းခုလပ်တစ်နေရာတွင် ပစ်သတ်ခံရကြောင်း သိရပါတယ်။

ပစ်သတ်ခံရသည့်သူမှာ မော်ဝမ်းရပ်ကွက် (၇)၊ ရေအေးချောင်းတွင် နေသည့် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ကိုသန်းကျော် ခေါ်သူဖြစ်ပြီး သေနတ်ဒဏ်ရာ ၃နေရာတွင် ထိမှန်ကာ သေဆုံးသွားတယ်လို့ နီးစပ်ရာ ပြည်သူတစ်ဦးက ပြောပါတယ်။

"ပစ်သတ်ခံရတဲ့သူက ဖားကန့်ရဲ့ အရန်မီးသတ်က အရာရှိတစ်ဦးဖြစ်တယ်။ နံနက်အစောပိုင်းက ပစ်သတ်ခံရတာ။ သေနတ်ဒဏ်ရာက ၃ ချက်တွေ့ရတယ်" လို့ ပြောဆိုပါတယ်။

ကိုသန်းကျော်သည် သူရဲ့ အမျိုးသမီးကို စျေးလိုက်ပို့ပေးရင်း မော်မောလီယန်နဲ့ တောင်ပြိုကျေးရွာ ၂ ခုကြား လမ်းတစ်နေရာတွင် ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ကိုသန်းကျော်သည် ဖားကန့်အရန်မီးသတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည်မှာ သက်တမ်းကြာမြင့်သူတစ်ဦးလည်း ဖြစ်ကြောင်းသိရပါတယ်။

ဖားကန့်တွင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင်လည်း အရန် မီးသတ်တစ်ဦး သတ်ခံရပြီး ယခုသေဆုံးမှုမှာ ဒုတိယအကြိမ် သတ်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

========================

📌📌မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံမပြုလုပ်နိုင်ရန် လက်နက်နှင့်နည်းပညာ ရောင်းချမှုရပ်ဆိုင်းဖို့ အမေရိကန်တိုက်တွန်း

မြန်မာစစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံ မပြုလုပ်နိုင်ရန်အတွက် နိုင်ငံတကာအနေနဲ့ လက်နက်နဲ့ နည်းပညာ ရောင်းချမှုကို ရပ်ဆိုင်းရန် အမေရိကန်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေဘလင်ကန်ရဲ့ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်းဖော်ပြထားခြင်း ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့က ကယားပြည်နယ်တွင် ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုတွင် အနည်းဆုံး လူ ၃၅ ဦးခန့် သေဆုံးခဲ့ရပြီး အမျိုးသမီးများနှင့် ကလေးငယ်များ၊ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Save the Children မှ ဝန်ထမ်းနှစ်ဦး ပါဝင်ခဲ့ကြောင်း၊ ယင်းလုပ်ရပ်ကို အမေရိကန်ပြည်ထောင်စုမှ ကန့်ကွက်ရှုတ်ချကြောင်း ဆိုထားသည်။

ယခုလတ်တလော ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါးတွင် စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်အပေါ် စိုးရိမ်မိကြောင်း၊ အပြစ်မဲ့ပြည်သူများနှင့် လူသားချင်းစာနာမှုအကူအညီပေးအပ်နေသူများကို ပစ်မှတ်ထားခြင်းကို လက်ခံနိုင်စရာ မရှိကြောင်း၊ မြန်မာပြည်သူများအပေါ် စစ်တပ်၏ ကျယ်ကျယ်ပြန့်ပြန့် ကြမ်းကြုတ်ရက်စက်သည့်လုပ်ရပ်များသည် စစ်တပ်တာဝန်ရှိသူများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေ၍ စစ်တပ်အနေဖြင့် ပြစ်ဒဏ်ခံရခြင်းမှ ကင်းလွတ်နေသည့်အစဉ်အလာကို အလျင်အမြန် အဆုံးသတ်ရန်လိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြနေသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ဤရည်မှန်းချက်အတိုင်းဆက်လက်အကောင်အထည်ဖော်ရန်နှင့် စစ်လက်နက်ပစ္စည်းများနှင့် စစ်ဖက်/အရပ်ဖက်သုံး နည်းပညာများအား စစ်တပ်သို့ရောင်းချမှုရပ်ဆိုင်းခြင်းကဲ့သို့သော မြန်မာနိုင်ငံအတွင်း ကြမ်းကြုတ်ရက်စက်သည့်လုပ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးတားဆီးမှုမျိုးကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ရန် လိုအပ်သည်ဟုဆိုသည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းသည့်အချိန်မှစပြီး အမေရိကန်ပြည်ထောင်စုသည် မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်များနှင့် ၄င်းတို့၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း ၄င်းတို့ ဝင်ရောက်နိုင်မှုအား ဟန့်တားရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့၏ မိတ်ဖက်များ၊ မဟာမိတ်များနှင့်အတူ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ကို ပံ့ပိုးကူညီခြင်းကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိစေရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာမှုအကူအညီပေးအပ်နေသူများ၏လုံခြုံရေး သေချာမှုရှိစေရန်နှင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နေသည့်သူများအား အတားအဆီးမရှိ အကူအညီပေးခွင့်ပြုရန် မြန်မာစစ်အာဏာရှင်ကို တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။

========================

📌📌တော်လှန်နှစ်ကူး ကြိုဆိုပွဲ ဆန်ဖရန်စစ်စကိုဘေးဧရိယာ မြန်မာကွန်မြူနီတီ ကျင်းပမယ် ဆိုတဲ့သတင်း

"ဖက်ဒရယ်ဒီမိုကရေစီ New Year” အဖြစ် နွေဦးတော်လှန်ရေးအင်အားစုများက နှစ်သစ် ၂၀၂၂ ကို သတ်မှတ်လိုက်ကြပါပြီ။ နှစ်သစ်ကိုလည်းကြိုမယ် ဖက်ဆစ်ကိုလည်းဖြိုမယ် လို့ ကြွေးကြော်သံ ထုတ်ပြန်ထားကြပါတယ်။

ထို့အတူ - CRPH Support Team SF Bay Area Myanmar Community က Revolutionary Empowerment to Victory - REV 2022 - တော်လှန်နှစ်ကူး ကြိုဆိုပွဲ ကို ဒီဇင်ဘာ ၃၁ ညမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

DEC 31st (FRIDAY) မှာ

R-evolutionary
E-mpowerment to
V-ictory

REV Gala Party ကို နှစ်သစ်မှာ ပြည်သစ်တည်ဖို့ တက်ခဲ့ပါ။ Limited Seats: Please donate and reserve your seats now!! $100, $200, $300 and More ဆိုတာ များများလှူဖြစ်အောင် တိုက်တွန်းထားတယ်လို့သိရသလို၊ပွဲတော်အတွက် ကုန်ကျစာရိတ်အားလုံးကိုလည်း အဖွဲ့သားများနဲ့ အလှူရှင်များက စိုက်ထုတ်ကျခံကြတယ်လို့ သိရပါတယ်။

အစားအသောက် ဘာမှ ခွဲခြားထားတာ မရှိပါဘူး။ နေရာထိုင်ခင်း စနစ်တကျရှိအောင် သတ်မှတ်ထားခြင်းသာဖြစ်ပါတယ်။

အမိမြေအတွက် သဒ္ဒါတရားထက်သန်စွာလှူဒါန်းသွားကြမယ့် အလှူရှင်များကို ခမ်းမဆန့်သလောက် သတ်မှတ်ဦးရေအတွင်း နာမည်ကြီးစားသောက်ဆိုင်များမှ အစားအသောက်စုံလင်စွာနဲ့ (Full Course) ကျွေးမွေးဧည့်ခံသွားမှာဖြစ်သလို ဖျော်ဖြေရေးနဲ့ အခြားစိတ်ဝင်စားဖွယ် ကဏ္ဍများလဲပါဝင်သွားမှာဖြစ်ပါတယ်။ ညစာစားပွဲအပြင် နှစ်သစ်ကြိုပွဲ တော်လှန်ရေးတေးများနဲ့ အထူးစီစဥ်ထားတဲ့ Professional DJ New Year Count Down $50တန် လက်မှတ်ကိုလဲ $100, $200, $300နဲ့အထက် အလှူရှင်များကို မေတ္တာလက်ဆောင်အဖြစ် ထည့်သွင်းပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

မလာနိုင်သူများလဲ အလှူငွေပါဝင်ချင်ရင် ပါဝင်နိုင်သလို၊ပါဝင်လှူဒါန်းဖို့ကိုလည်း တိုက်တွန်းနိုးဆော်ထားကြောင်းသိရပါတယ်ရှင်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment