30th Dec 2021 - Morning Daily News by Radio NUG

ဒီဇင်ဘာလ ၂၉ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌တိုက်ပွဲဝင်သူရဲကောင်းတွေကို လစဉ်ထောက်ပံ့ဖြည့်ဆည်းပေးမယ့် အစီအစဥ်အသေးစိတ်
📌ICC နှင့် အာဂျင်တီးနားတရားရုံးတို့မှ အကြောင်းကြား ဆင့်ခေါ်စာများကို လက်မခံဖို့ စစ်ကောင်စီအဖွဲ့က လျှို့ဝှက်ညွှန်ကြား
📌ကလေးမြို့နယ် နတ်ချောင်းရွာမှာ စစ်ကောင်စီသတ်ထားတဲ့ရွာသားအလောင်းများထပ်မံတွေ့ရှိ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌တိုက်ပွဲဝင်သူရဲကောင်းတွေကို လစဉ်ထောက်ပံ့ဖြည့်ဆည်းပေးမယ့် အစီအစဥ်အသေးစိတ်တရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရက ဖော်ပြလိုက်ပါတယ်။

“အောင်ပွဲဆီသို့ ခြေလှမ်းညီစို့” ဆိုတဲ့ဆောင်ပုဒ်ကိုကိုင်စွဲလို့ နွေဦးတော်လှန်ရေးကြီး အဆုံးသတ်အောင်ပွဲပြီးဆုံးသည်အထိ တိုက်ပွဲဝင်သူရဲကောင်းတွေကို လစဥ်လတိုင်း ထောက်ပံ့ဖြည့်ဆည်းပေးမယ့် ပြည်သူ့တော်လှန်ရေးမိသားစုအစီအစဥ်မှာ စတင်ပါဝင်ကူညီထောက်ပံ့နိုင်ကြပြီဖြစ်လို့ အစီအစဥ်အသေးစိတ်များမှာ

(၁) ပြည်သူ့တော်လှန်ရေးမိသားစု PRF Member ဖြစ်ဖို့ဘယ်လိုလျှောက်ရမလဲ
ကမ္ဘာအနှံ့အပြားမှာရှိတဲ့ OFP Official Fundraiser တွေကနေတဆင့် လျှောက်ထားသူ၏ အမည် (Name or Nickname) နှင့် Email address များ ပေးပို့လှူဒါန်းရမှာပါ။ PRF Member ဖြစ်ပြီဆိုတာနဲ့ အသိအမှတ်ပြုမှတ်ပုံတင်ကတ်လေးကို Email မှတဆင့် ထောက်ပံ့ငွေထည့်ဝင်တဲ့လတိုင်းအတွက် ပေးပို့နေမှာဖြစ်ပါတယ်။ Official Fundraiser များစာရင်းကို https://ofp.crphmyanmar.org မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်
(၂) တလကို ဘယ်လောက်ထောက်ပံ့ရမလဲ
တလကို အမေရိကန်ဒေါ်လာ ၅၀ အနည်းဆုံးထားပြီး တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ စုပေါင်းပြီး မိသားစုဝင်အဖြစ်ပါဝင်လှူဒါန်းနိုင်ပါတယ်။ လစဥ်လတိုင်း ၁ ရက်နေ့ရောက်တာနဲ့ အလှူငွေထည့်ဝင်ဖို့ ကြိုတင်သတိပေးအကြောင်းကြားစာကို Emailပေးပို့သွားမှာပါ။ တစ်လနဲ့တစ်လ မတူတဲ့ပမာဏကိုလဲ မိမိတို့ဆက်သွယ်ထားတဲ့ Fundraiser မှတဆင့် ပြောင်းလဲလှူဒါန်းနိုင်ပါတယ်။
(၃) မိသားစုဝင်ဘယ်နှဦးလက်ခံမှာလဲ
အဖွဲ့ဝင်ဦးရေ ၅သိန်းအထိ လက်ခံမှာပါ။ လတစ်လအတွက် အဖွဲ့ဝင်ဦးရေ ၅သိန်းပြည့်ပြီးပါက ထိုလအတွက် ထပ်မံလက်ခံခြင်းမပြုတော့ပါ။
(၄) Member ဖြစ်မဖြစ် ဘယ်လိုသိရမလဲ
OFP Official Fundraiser တွေထံမှာ အလှူငွေပေးသွင်းပြီးသော PRF Member တိုင်းအတွက် OFP မှ ထိုလအတွက် Digital Member Card များကို အလှူရှင်များထံသို့တိုက်ရိုက် Email ပေးပို့မှာဖြစ်ပါတယ်။
(၅) နိုင်ငံအလိုက်ငွေကြေးကွာခြားမှုကို ဘယ်လိုစီစဥ်မလဲ
လစဥ် OFP မှ အတည်ပြုထားတဲ့ နိုင်ငံအလိုက် ငွေလဲနှုန်းထားများအတိုင်း မိမိတို့ လှူဒါန်းလိုသည့်ပမာဏကို Fundraiser မှတွက်ချက်ပေးမှာဖြစ်ပါတယ်။
(၆) အလှူရှင်အမည်တူခြင်းများအတွက် ဘယ်လိုစီစဥ်ထားသလဲ
အလှူရှင်များအနေနဲ့ မိမိတို့ရဲ့ မိသားစုဝင်ကတ်နံပါတ်များကို မှတ်သားထားရပါမယ်။ အမည်တူခြင်းများရှိနေနိုင်သဖြင့် Member ID နံပါတ်ဖြင့်သာ ရှာဖွေခြင်း၊ အတည်ပြုမှတ်သားခြင်းများ ပြုလုပ်ပါမယ်။
(၇) လစဥ်ဘယ်ရက်အတွင်းလှူရမလဲ
Member အသစ်အနေနှင့် စတင်ဝင်ရောက်မည်ဆိုပါက မည်သည့်ရက်တွင်မဆို ထည့်ဝင်လှူဒါန်းနိုင်ပြီး ၎င်းလှူဒါန်းသောလအတွက် Member ID ရရှိမှာဖြစ်ပါတယ်။
Member ဖြစ်ပြီးသွားပါက နောက်လများအတွက် လစဥ် ၁၅ ရက်နေ့အားနောက်ဆုံးထား၍ ထည့်ဝင်လှူဒါန်းပေးရမှာဖြစ်ပါတယ်။
(၉) အလှူငွေတွေကိုဘယ်လိုအသုံးပြုမလဲ
PRF Member တွေရဲ့ လစဥ်လှူဒါန်းမှုတွေကို OFP Official Fundraiser များမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးစီး၍ နိုင်ငံတဝှမ်းရှိ ပြည်သူ့တော်လှန်ရေးအဖွဲ့များသို့ တိုက်ရိုက်ပေးပို့လှူဒါန်းသွားမှာဖြစ်ပြီး တော်လှန်ရေးကြီးအောင်မြင်ဖို့အတွက် မရှိမဖြစ်အရေးအကြီးဆုံးသော လိုအပ်ချက်များကိုသာ အဓိကထားဖြည့်ဆည်းပေးသွားမှာပါ။
အချုပ်ဆိုရရင် ပြည်သူ့တော်လှန်ရေးမိသားစု PRF Member အစီအစဥ်ဟာ အာဏာရှင်စနစ်ကိုအပြီးသတ်ချေမှုန်းမယ့် နွေဦးတော်လှန်ရေးသူရဲကောင်းတွေအတွက် ဖီးနစ်ငှက်ရဲ့ အားမာန်မျိုးနဲ့
အနိုင်မခံအရှုံးမပေး ပြည်သူ့တော်လှန်ရေးမိသားစုဝင်တွေအဖြစ် မှတ်ကျောက်တင်ကျန်ရစ်စေမယ့် အစီအစဥ်တစ်ရပ်ဖြစ်ပါတယ်။
ပြည်သူ့တော်လှန်ရေးသူရဲကောင်းလေးတွေရဲ့ အိမ်အပြန်လမ်းဖြောင့်ဖြူးဖို့၊ သူတို့လေးတွေရဲ့ မိသားစုတွေနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းခွင့်ရဖို့၊ မြန်မာပြည်သူသန်း၅၀လုံးရဲ့ တခုတည်းသောပန်းတိုင်ဖြစ်တဲ့ နွေဦးအောင်ပွဲဆီ အမြန်ဆုံးရောက်ဖို့ ကမ္ဘာအနှံ့က ပြည်သူ့တော်လှန်ရေးမိသားစုဝင်တွေအားလုံး လက်တွေမြဲမြဲတွဲလို့ ခြေလှမ်းညီညီ လျှောက်လှမ်းနိုင်ကြစေရန် နှိုးဆော်လိုက်ရပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တော်လှန်ရေးအတွက်ထောက်ပံ့ရေးအစီအစဉ်တရပ်ကို တင်ပြလိုက်ပါတယ်။

========================

📌📌ICC နှင့် အာဂျင်တီးနားတရားရုံးတို့မှ အကြောင်းကြား ဆင့်ခေါ်စာများကို လက်မခံဖို့ စစ်ကောင်စီအဖွဲ့က လျှို့ဝှက်ညွှန်ကြားနေပါတယ်

မြန်မာစစ်တပ်က ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် စစ်ကောင်စီအပေါ်စွဲဆိုချက်အား အာဂျင်တီးနားတရားရုံးမှာ အမှုကိုလက်ခံကြားနာနေပါပီ။
အာဂျင်တီးနား ပြည်ထောင်စုတရားရုံးမှာ အမှုစွဲတင်ထားတာဖြစ်ပီး ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာများအဖွဲ့ BROUK ဥက္ကဌ ဦးထွန်းခင်ဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ စတင်ထွက်ဆိုခဲ့ပါတယ်။
အမှုဖွင့်လက်ခံဖို့အရေးမှာ Universal Jurisdiction နိုင်ငံတကာ ဥပဒေချိုးဖောက်မှု မှန်သမျှ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့်ဆိုတဲ့ ဥပဒေအောက်မှာ အာဂျင်တီးနား တရားစီရင်ရေးဌာနက နိုဝင်ဘာလမှာ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါ့အပြင် အာဏာသိမ်းချိန်မှစလို့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့များရဲ့ အကြမ်းဖက်စစ်ရာဇဝတ်မှုတွေဟာ တရက်ပီးတရက်ဆိုသလို နိုင်ငံတကာစာမျက်နှာမှာ ထင်ရှားပေါ်လွင်လာခဲ့ပါတယ်။ နိုင်ငံတကာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး Save the Children အဖွဲ့ဝန်ထမ်းနှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃၅ ဦးထက်မနည်းကို ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီက အရှင်လတ်လတ်မီးရှို့သတ်ခဲ့တဲ့ဖြစ်စဉ်ကိုလည်း စစ်ခေါင်းဆောင်များအနေနဲ့ တာဝန်ယူရဖို့ရှိနေပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့က တကမ္ဘာလုံးကိုတုန်လှုပ်သွားစေခဲ့တဲ့ အရပ်သားများကိုသတ်ဖြတ်မှုဟာ မီဒီယာစာမျက်နှာတွေပေါ်မှာ ထင်ထင်ရှားရှားပေါ်ထွက်ခဲ့ပီး ထိတ်လန့်တုန်လှုပ်ဖွယ် စစ်ရာဇဝတ်မှုအဖြစ် ဖော်ပြခဲ့ကြပါတယ်။ နိုင်ငံတကာမှာလည်း ဒါကို အမြန်ဆုံးတာဝန်ယူစစ်ဆေး အရေးယူပေးဖို့ တောင်းဆိုသံတွေ အကျယ်လောင်ဆုံးပေါ်ထွက်လာနေသလို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း လက်ခံနိုင်ဖွယ်မရှိတဲ့ စစ်ကောင်စီတပ်များရဲ့လုပ်ရပ်ကို နိုင်ငံတကာကအရေးယူပေးဖို့ ကြေငြာချက်ထုတ်ခဲ့ပါတယ်။ ဒီချိန်မှာပဲ ဒီဇင်ဘာလ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ထားတဲ့ စစ်ကောင်စီရဲ့လျှို့ဝှက်ညွှန်ကြားစာတစောင်ဟာ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပေါက်ကြားပြန့်နှံ့လာပါတယ် ပြစ်မှုဆိုင်ရာနိုင်ငံတကာခုံရုံးနှင့် အာဂျင်တီးနားနိုင်ငံ ဖက်ဒရယ်တရားရုံးမှပေးပို့လာသည့် အကြောင်းကြာစားများအား လက်ခံခြင်းမပြုဖို့ လျှို့ဝှက်သတိပေးထားတာပါ။
ပြည်ထောင်စုတရားသူကြီးချုပ် ထွန်းထွန်းဦးလက်မှတ်ထိုးထားတဲ့ အဆိုပါလျှို့ဝှက်ညွှန်ကြားစာမှာရေးသားထားတာကတော့ နိုင်ငံတကာတရားရုံးမှပေးပို့လာသည့်စာဖြစ်စေ ပြည်ပသွားလာခွင့်ကန့်သတ်ခြင်းဆိုင်ရာ ဖမ်းဆီးမိန့်ဖြစ်စေ ဖမ်းဝရမ်းသို့မဟုတ် လာရောက်ရန် သမ္မာန်စာဖြစ်စေ ပြည်ပမှဝင်ရောက်လေ့ရှိသည့် DHL အပါအဝင် စာများကိုကိုလက်ခံခြင်းမပြုရန် ရေးသားထားတာကိုတွေ့ရှိရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ အမည်ပေးထားတဲ့ နစက ခေါ် အာဏာသိမ်းစစ်အုပ်စုအနေနဲ့ နေ့စဉ်လိုလို စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့ ကျူးလွန်ဆဲဖြစ်တာ ထင်ရှားလာနေပါတယ်။ အရပ်သားတွေကိုမီးရှို့သတ်ဖြတ်ခြင်း ပြည်သူ့နေအိမ်များကို ပြောင်ပြောင်တင်းတင်းမီးရှို့ဖျက်ဆီးခြင်း အရပ်သားပြည်သူတွေအပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း ခပ်စိပ်စိပ်ပြုနေသလို တဖက်မှာလည်း နိုင်ငံတကာရဲ့အရေးယူမှုကိုခံရဖို့ သက်သေအထောက်အထားများ ပိုမိုပြည့်စုံလာနေချိန်မှာပဲ ခုလို လျှို့ဝှက်ညွှန်ကြားစာ ပေါက်ကြားတဲ့သတင်း ပြန့်နှံ့နေခြင်းဖြစ်ပါတယ်။

========================

📌📌ကလေးမြို့နယ် နတ်ချောင်းရွာမှာ စစ်ကောင်စီသတ်ထားတဲ့ရွာသားအလောင်းများထပ်မံတွေ့ရှိခဲ့ကြပါတယ်

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်မှာလည်း ရွာသူရွာသားများသတ်ဖြတ်ခံနေရတဲ့ စစ်ကိုင်းတိုင်းကလေးမြို့နယ် နတ်ချောင်းကျေးရွာမှာ လူသေရုပ်အလောင်းများထပ်မံတွေ့ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ဟာ နတ်ချောင်းရွာကိုပစ်မှတ်ထားပီး စစ်ရဟတ်ယာဉ်များဖြင့် ရွာသားတွေကိုပစ်ခတ်ခြင်း pdf များကိုနှိမ်နင်းခြင်းတို့ကြောင့် ဒီဇင်ဘာလ ၂၃ ရက်နေ့အထိတော့ အရပ်သား ဆယ်ဦးထက်မနည်းသေဆုံးပီး
ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် အသက်မပြည့်သေးတဲ့ကလေးတွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ထိုစဉ်ကတည်းက နတ်ချောင်းရွာမှာ နေရာစုံပြန့်ကြဲသေဆုံးနေတဲ့ ရွာသားတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ရုပ်အလောင်းများကို နေရာစုံသိမ်းဆည်းခြင်းမပြုနိုင်ခဲ့ကြပါဘူး။ စစ်ကောင်စီဘက်ကတော့ PDF တပ်ဖွဲ့များကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အမည်တပ်ဝါဒဖြန့်ကာ ၎င်းတို့ရဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ စစ်ရာဇဝတ်မှုဖြစ်စဉ်အတွင်း ရုပ်အလောင်း ၉ လောင်းနှင့် လက်နက်အချို့ကိုဖမ်းမိတယ်လို့ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ် “မနေ့တနေ့ကမှ အသတ်ခံထားရတဲ့ အလောင်းတွေ အခုမှ သိတာမျိုးပေါ့။ တချို့ဆို လမ်းဘေးမှာ ဆိုင်ကယ်နဲ့ လဲပြီး သေနေတာ။ ဒီရုပ်အလောင်းက ကျွန်တော်တို့ သိတဲ့ ဦးလေးကြီးတ စ်ယောက်ပါ။ သူ့ရဲ့မိသားစုက ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတယ်လို့ ပြောတယ်။
ဘုန်းကြီးကျောင်းကနေ အိမ်မှာ လိုအပ်တဲ့ ပစ္စည်း သွားယူတာမှာ ပစ်သတ်ခံရတယ်။ ဘုန်းကြီးကျောင်းမှာ ကျန်ခဲ့တဲ့ မိသားစုက ကျောင်းကိုပြန်မအိပ်ဘူးအိမ်မှာပဲ အိပ်တာလား စိတ်ပူနေကြတာ ဒီနေ့ကျမှ လမ်းမှာ ဆိုင်ကယ်ရော လူရော လဲပြီးသေနေတာတွေ့ရတယ်” ဟု နတ်ချောင်းရွာသား တစ်ဦးက ပြောပါတယ်။ ယနေ့အ ထိ အလောင်းမကောက်နိုင်သေးသည့် ရွာသားအလောင်းများ ရှိနေနိုင်သေးတယ်လို့ ရွာသားများကယုံကြည်နေကြပါတယ် "ထပ်မံ သတ်ဖြတ်ခံရတယ်ဆိုတာ ဒီနေ့မှသတ်သွားတာလား အရင်နေ့ကတည်းက သတ်သွားတာလားတော့ မသိဘူးပေါ့နော်။ သူတို့တွေက လမ်းပေါ်မှာ မြင်သမျှလူ အကုန်ပစ်တာဆိုတော့ တချို့ကျတော့ စစ်ဘေးရှောင်ရင်းနဲ့ လိုအပ်တဲ့ ပစ္စည်းလေးတွေ သွားယူတာမျိုးမှာ ပစ်သတ်ခံရတာ" ဟု နတ်​ချောင်းရွာသားက ​ပြောသည်။ ဒီဇင်ဘာလ ၂၂ နှင့် ၂၃ ရက်အတွင်း စစ်ရဟတ်ယာဉ်များနဲ့ပစ်ခတ်သတ်ဖြတ်မှုကြောင့် “ရွာသူရွာသားများ အလောင်း ၁၁ လောင်းဆိုတာက ဖြစ်စဉ် စဖြစ်ဖြစ်ချင်းမှာ အတည်ပြုထားတာသာဖြစ်ကြောင်း ၁၁လောင်းမကဘဲ ဒီနေ့မတိုင်ခင်ထိလည်း အလောင်းတွေ ထပ်မံတွေ့ရှိလာရကြောင်း ဒီနေ့မှာ ထပ်တွေ့တာတွေရောဆိုရင် အားလုံးပေါင်း ၂၀ကျော်လောက်ရှိနိုင်တဲ့အကြောင်း ရွာသားများက အတည်ပြုပြောဆိုပါတယ်။ အကြမ်းဖက်အာဏာသိမ်းတပ်များသည်စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာရှိ နေအိမ်များကိုလည်း မီးရှို့မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ နေအိမ် ၂၀ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့များ ထွက်ခွါသွားပီသတင်းထွက်ပေါ်နေသည့်တိုင် သတ်ဖြတ်မှုများကြောင့် ရွာသားများ ရွာမပြန်ရဲဘဲ စစ်ဘေးရှောင်ဘဝနဲ့ ပြေးလွှားပုန်းအောင်းနေဆဲဖြစ်ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment