၂၀၂၂ ဇန်နဝါရီလ ၉ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန တို့ ပူးတွဲကာ မိုဘိုင်းအင်တာနက်စျေးနှုန်းများ တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်
📌အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အတွင်းမှာ အချင်းချင်းပစ်ခတ်မှုဖြစ်ပီး အရာရှိတွေ သေဆုံး
📌စစ်ကောင်စီဟာ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးအားကိုးထိုးစစ်ဆင်နေပေမယ့် ကရင်နီပြည်နယ် မြေပြင်တိုက်ပွဲမှာတော့ စစ်ရေးစွမ်းရည်မဲ့စွာသေဆုံးမှုများပြားနေဆဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန တို့ ပူးတွဲကာ မိုဘိုင်းအင်တာနက်စျေးနှုန်းများ တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက် ကို ဇန်နဝါရီ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက် အပြည်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ အကြမ်းဖက်စစ်အုပ်စုသည် မြန်မာနိုင်ငံရှိ တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှစတင်၍ မိုဘိုင်းအင်တာနက် စျေးနှုန်းများကို၂ ဆ နီးပါး တိုးမြှင့်ကောက်ခံရမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး၊ ဖုန်းခေါ်ဆိုခများကိုလည်း သိသိသာသာ တိုးမြှင့်လိုက်သည်ကို တွေ့ရသည်။ ထို့အပြင် ဇန်နဝါရီလ ၆ ရက်နေ့တွင် အင်တာနက်ဝန်ဆောင်မှုများအပေါ် ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံမည်ဟု ကြေညာခဲ့ပြီး ဆင်းကဒ်တန်ဖိုးများကိုလည်း တိုးမြှင့်နိုင်ရန် ကြိုးပမ်းနေသည်။ အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် ခက်ခဲကြပ်တည်းသွားသော ပြည်သူများ၏ ဘဝတွင် ယခုကဲ့သို့ အဆမတန်တိုးမြှင့်လိုက်သည့် အင်တာနက်သုံးစွဲမှုနှုန်းထားများကြောင့် နေ့စဉ်ဆက်သွယ်မှုများတွင် ပိုမိုခက်ခဲလာကြသည်။
၂။ ပြည်သူများအနေဖြင့် ပြည်တွင်း၊ ပြည်ပရှိ သတင်းမှန်များကို အချိန်နှင့်တပြေးညီသိရှိနိုင်ရန် အင်တာနက်နှင့် ဆိုရှယ်မီဒီယာတို့ကို အားထားနေရသည့် အခြေအနေမျိုးတွင် အကြမ်းဖက်စစ်အုပ်စု၏ အင်တာနက်သုံးစွဲမှုနှုန်းထားများတိုးမြှင့်လိုက်ခြင်းမှာ သုံးစွဲမှုကို လျော့ကျစေပြီး ပြည်သူများ သတင်းမှန်ရရှိနိုင်ခြင်းကို ရည်ရွယ်ချက်ရှိရှိ ကန့်သတ်တားမြစ်လိုက်ခြင်းဖြစ်သည်။
၃။ဒီမိုကရေစီစနစ်၏ ပြယုဂ်ဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) ဟုဆိုရာတွင် လွတ်လပ်စွာအင်တာနက်သုံးစွဲနိုင်ခြင်းသည်လည်း လူ့အခွင့်အရေးတစ်ရပ်ဖြစ်သည်။ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူထူထုအပေါ် အင်တာနက်သုံးစွဲမှုများ ထိန်းချုပ်ကန့်သတ်ထားခြင်းသည် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းဖြစ်သည်။
၄။အများပြည်သူသုံး ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများမှ ရရှိသော ဝင်ငွေများသည် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ အဓိကဝင်ငွေစီးကြောင်းများထဲမှ တစ်ခုဖြစ်ပြီး ထိုဝင်ငွေများမှာ ပြည်သူများအား အကြမ်းဖက်ဖိနှိပ်ရန်အတွက် လက်နက်များဝယ်ယူရန် ကြံရွယ်နေခြင်းဖြစ်သည်။
၅။ယခုကဲ့သို့အများပြည်သူသုံးဆက်သွယ်ရေးဝန်ဆောင်မှုသုံးစွဲခများအားတိုးမြှင့်ကောက်ခံမည့် ခြေလှမ်းများသည် ယခင်အာဏာရှင်အစိုးရလက်ထက်များတွင် MobileSIM card များအား အဆမတန်စျေးကြီးပေးဝယ်ရခြင်း၊ လူတန်းစားတရပ်သာ အသုံးပြုနိုင်ခြင်းကဲ့သို့သော အခြေအနေများဆီသို့ နောက်ကြောင်းပြန်လှည့်ကာ ပြည်သူများ၏ နေ့စဉ်ဘဝ သတင်းလွတ်လပ်ခွင့်နှင့် အင်တာနက်လွတ်လပ်ခွင့်တို့ကို ကြိုးကိုင်ထိန်းချုပ်လိုခြင်းပင်ဖြစ်သည်။
၆။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းရန်ကြိုးပမ်းမှု စတင်ခဲ့သည့် အချိန်မှစ၍ ယနေ့အထိ အကြမ်းဖက်စစ်အုပ်စုသည် ပြည်တွင်းရှိ ဆက်သွယ်ရေးကုမ္ပဏီများကို ဖိအားပေးလျက် အင်တာနက်လိုင်းများအား လုံးဝ သို့မဟုတ် အချိန်အကန့်အသတ်ဖြင့် ဖြတ်တောက်ခြင်း၊ ဝန်ဆောင်မှုအလိုက် ဖြတ်တောက်ခြင်း၊ နေရာဒေသအလိုက်ဖြတ်တောက်ခြင်း၊ ပစ်မှတ်ထားသည့် IP Address များ၊ Website များအား ကန့်သတ်ပိတ်ပင်ခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် အင်တာနက်အသုံးပြုမှုဆိုင်ရာ ကန့်သတ်မှုများကို ပြုလုပ်ခဲ့သည့် ဖြစ်စဉ်များကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနများအနေဖြင့် မှတ်တမ်းတင်ထားပါသည်။
၇။၂၁ ရာစုတွင် အင်တာနက်လက်လှမ်းမီသုံးစွဲနိုင်မှုအား အခြေခံလူအခွင့်အရေးတစ်ရပ်အဖြစ် နိုင်ငံအများစုက ရှုမြင်ထားပြီးဖြစ်ရာ ထိုသို့သော လုပ်ဆောင်မှုများသည် ပြည်သူများ၏ အခြေခံလူအခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သာမက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် (၁၉) ပါ လူသားတိုင်း ရရှိသင့်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရယူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများကိုပါ ချိုးဖောက်ခြင်းဖြစ်သည်။ “Offline တွင်ရရှိသော လူ့အခွင့်အရေးများသည် Online တွင်လည်း တူညီစွာရရှိရမည်” ဟုလည်း ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အမြောက်အများတွင် အသိအမှတ်ပြုထားပြီးဖြစ်ရာ အင်တာနက်အသုံးပြုခွင့်ဆိုင်ရာ ကန့်သတ်မှုပုံစံအမျိုးမျိုးအားလည်း လူ့အခွင့်အရေး ချိုးဖောက်မှုများအဖြစ် မိမိတို့ မှတ်ယူသည်။
၈။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် အထက်ပါ အင်တာနက်အခွင့်အရေးချိုးဖောက်မှုဆိုင်ရာကိစ္စရပ်များအား အနီးကပ်စောင့်ကြည့် မှတ်တမ်းတင်ကာ ကျူးလွန်သော ပုဂ္ဂိုလ်များ၊ အစုအဖွဲ့များအား အရေးယူနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ထိုလူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးယန္တရားများထံသို့ စဉ်ဆက်မပြတ် ပေးပို့လျက် တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိသည်။
၉။ အကြမ်းဖက်စစ်အုပ်စုသည် အင်တာနက် အသုံးပြုမှုဆိုင်ရာ ကန့်သတ်ရန် ကြိုးပမ်းနေမှုအမျိုးမျိုးကို ခြွင်းချက်မရှိ ချက်ချင်းရပ်တန့်ရမည်။ ထိုသို့လုပ်ဆောင်ခြင်းသည် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနများအနေဖြင့် ခေတ်သစ်လူ့အခွင့်အရေးချိုးဖောက်မှုပုံစံဖြစ်သော အင်တာနက် ကန့်သတ်မှုဆိုင်ရာကိစ္စရပ်များအား စနစ်တကျ မှတ်တမ်းပြုစုထားပြီး ကျူးလွန်သူများနှင့် အစုအဖွဲ့များကို အရေးယူနိုင်ရန်အတွက် တာဝန်ခံမှု ဖော်ဆောင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူများ၊ အစုအဖွဲ့များအနေဖြင့် တရားဥပဒေရှေ့မှောက်တွင် ထိုက်သင့်သည့် အပြစ်ပေးအရေးယူမှုများ ပြုလုပ်ခံရမည်ဖြစ်ပါသည် ဟူ၍ ထုတ်ပြန်ချက်မှာရေးသားပါရှိပါတယ်။
========================
📌📌အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အတွင်းမှာ အချင်းချင်းပစ်ခတ်မှုဖြစ်ပီး အရာရှိတွေ သေဆုံးကြတဲ့သတင်းကို တင်ပြပေးပါ့မယ်
ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အချင်းချင်းမကျေနပ်မှုတွေပေါက်ကွဲထွက်ရာက အရာရှိ ၃ ဦး သေဆုံးသွား၇သည်ထိ ပစ်ခတ်မှုဖြစ်ပွားနေပါတယ်။ ကန်ပက်လက်မြို့အတွင်းမှာ တပ်စွဲထားတဲ့ တပ်ထဲမှာ ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ အရာရှိ ၃ ဦး သေဆုံးသွားတယ်လို့ စစ်ကောင်စီဘက်ကလည်း သတင်းကို အတည်ပြုထားပါတယ်။ အဆိုပါ ဇန်နဝါရီလ ၈ ရက်နေ့ဖြစ်စဉ်နဲ့ပက်သက်ပီး နီးစပ်တဲ့ မြို့ခံတွေပြောတာက “ကန်ပက်လက်မှာ မနေ့က ၁၀ နာရီခွဲ ၁၁ နာရီလောက်မှာ အချင်းချင်းပစ်ခတ်ခဲ့ကြတာပါ။ စစ်ဆင်ရေးကပြန်လာတဲ့ စစ်သည်တဦးကို စစ်ဆင်ရေးကာလတုန်းက အဖြစ်အပျက်တခုနဲ့ပက်သက်ပီး စစ်ဆေးနေတုန်းမှာ စစ်ဆေးခံရတဲ့ စစ်သားကပဲ စတင်ပစ်ခတ်ခဲ့တာပါ။ အရာရှိ ၃ ဦးသေသွားပါတယ် လို့ သူကပြောပြပါတယ်။ ကန်ပက်လက်မြို့ခံတဦးကလည်း သေဆုံးတဲ့အရာရှိ ၄ ဦးဖြစ်တယ်လို့ ပြောပီး အရာရှိရုပ်အလောင်းတွေကို ရဟတ်ယာဉ်နဲ့သယ်သွားတဲ့အကြောင်း ပြောပြပါတယ်“ဘုန်းကြီးကျောင်းမှာနေတဲ့ စစ်သားတွေနဲ့ ရန်အောင်စေတီမှာနေတဲ့ စစ်သားတွေ အဲဒီလို ရန်ဖြစ်ကြတယ်။ တိုက်ကြတယ်၊ ပစ်ကြတယ်လို့ အဲဒီလို သတင်းက ထွက်နေတယ်။ ၄ ယောက်လို့ ကြားတယ်။ သူတို့က ဝိသကြုံကြက်ခြေနီကားနဲ့ ကြက်ခြေနီအဖွဲ့တွေက ပြန်ပို့တယ်လို့ ကြားတယ်၊ သူတို့ရဲ့အလောင်း။ နှစ်ယောက်ကိုတော့ ဒီမှာမြှုပ်တယ်တဲ့။ ဒီအရာရှိနှစ်ယောက်ကိုပဲ ဟယ်လီကော်ပတာနဲ့ ပြန်သယ်သွားတယ်။ ၁၁ နာရီခွဲမှာ အဲဒီအရာရှိနှစ်ယောက်ရဲ့ အလောင်းကို ပြန်သယ်သွားတယ်။”အခုလို အာဏာသိမ်းတပ်ဖွဲ့အတွင်း အထက်အောက် မကျေနပ်ချက်တွေ ကြီးထွားလာနေပီး ပစ်ခတ်မှုဖြစ်နေတဲ့ စစ်ကောင်စီတပ်များဟာ ကန်ပက်လက်မြို့ရဲ့စာသင်ကျောင်း၊ စီးပွားရေးဘဏ်၊ မြို့နယ်အုပ်ချုပ်ရေးရုံး၊ မြို့နယ် NLD ရုံးတို့မှာ တပ်စွဲထားကြတယ်လို့လည်း သိရပါတယ်။ ဒီသတင်းနဲ့ပက်သက်ပီးတပ်ရင်းမှူးအပါအဝင် လေးဦးသေဆုံးတယ်လို့ ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ "တပ်ကြပ်ကြီးတစ်ဦးက မကျေနပ်လို့ ပစ်လိုက်တာကနေ စတာ"ဟု CDF -Kanpetlet မှ ရဲဘော်တစ်ဦးကပြောပါတယ်။ သေဆုံးသူများတွင် ဒုတိယဗိုလ်မှူးကြီး အဆင့်တပ်ရင်းမှူး ၊ ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦး တပ် ကြပ်ကြီးနှင့် တပ်သား တစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။ ကန်ပက်လက်မြို့မှာ ဒီဇင်ဘာလအစောပိုင်းကတည်းက စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF Kanpetlet) တို့ မကြာခဏတိုက်ပွဲဖြစ်ပွားနေတာပါ။
“ဖြစ်တယ်ပစ်တယ်ဆိုတာ အတိအကျတော့ သိတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာတော့ တိတိကျကျမသိရပါဘူး။သူတို့က အာဏာသိမ်းပြီးမှ ရောက်လာတဲ့အဖွဲ့ပါအရင်တုန်းက ကန်ပက်လက်မှာ စစ်တပ်က မရှိဘူး။ အာဏာသိမ်းပြီးမှ စစ်တပ်လာထိုင်တာဖြစ်တယ်လို့ CDF မှပြောခွင့်ရသူတဦးက ပြောပြပါတယ်။ ချင်းပြည်နယ် မတူပီမြို့နယ်မှာလည်း ဇန်နဝါရီ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တုန်းက မတူပီမြို့နယ် ကီလှုန်းနဲ့ လုံလှောရွာကြားမှာ စစ်ကောင်စီတပ်နဲ့ မတူပီ PDF တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ နေ့စဉ်လိုလိုစစ်ရေးတင်းမာနေတာကြောင့် ခရီးသွား အရပ်သားပြည်သူများလည်း စစ်ကောင်စီတပ်ဘက်က သံသယနဲ့ဖမ်းဆီးတာ ခံရတယ်လို့ မတူပီ PDF တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီမှသတ်ဖြတ်ထားတဲ့ အဖမ်းဆီးခံရသူတွေရဲ့ အလောင်းတွေကိုလည်း မကြာခဏဆိုသလို တွေ့မြင်နေရဆဲလည်း ဖြစ်ပါတယ်။
========================
📌📌စစ်ကောင်စီဟာ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးအားကိုးထိုးစစ်ဆင်နေပေမယ့် ကရင်နီပြည်နယ် မြေပြင်တိုက်ပွဲမှာတော့ စစ်ရေးစွမ်းရည်မဲ့စွာသေဆုံးမှုများပြားနေဆဲဖြစ်ကြောင်း သတင်းတပုဒ်ကိုတင်ပြပေးပါ့မယ်
ဇန်နဝါရီလ ၉ ရက်နေ့ ကရင်နီပြည် တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၈ ဦးသေပီး လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိတယ်လို့ KNDF က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုသတင်းထုတ်ပြန်ချက်ထဲမှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေ့ကျေးရွာ အနီးမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို ကရင်နီတပ်မတော်(KA) နဲ့ KNDF တို့က တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီ ဘက်က ၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်း ဆည်းရမိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်တကွ ဝေဝေဆာဆာ ဖော်ပြထားတာ တွေ့ရပါတယ်။ အထိနာလာတိုင်း ပြုလေ့ရှိတဲ့အတိုင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ၎င်းတို့ဘက်မှာသာ ပြည်သူ့ဘဏ္ဍာအခွန်ငွေသုံးပီး ပိုင်ဆိုင်တဲ့ လေကြောင်းပစ်ကူများကို သုံးပီး မွန်းလွဲ ၂ နာရီ ၃၀ မိနစ်လောက်မှာ သုံးကြိမ်လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းပစ်ကူအားကို သုံးပီးနောက်မှာတော့ စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ သေဆုံးနေတဲ့ ၎င်းတို့ရဲ့ စစ်ကောင်စီတပ်ဖွဲ့ ရုပ်အလောင်းတွေကို ပြန်သယ်သွားကြပါတယ်။ ခုခံတွန်းလှန်စစ်ကိုဆင်နွှဲနေတဲ့ ကရင်နီတပ်မတော်ဘက်ကတော့ ဒေါဆိုရှေ့တိုက်ပွဲအတွင်း ကျဆုံးရဲဘော်တဦးရှိခဲ့ပီး အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွိုင်ကော်မြို့ပန်ကန်းနဲ့ မိုင်းလုံးရပ်ကွက်တွေမှာ ဇန်နဝါရီလ ၉ ရက်နေ့ မနက်က KNDF နဲ့ PDF ပူးပေါင်း မဟာမိတ်အဖွဲ့တွေ နယ်မြေရှင်းလင်း နေစဥ််မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ မိနစ်အနည်းခန့်သာ ကြာမြင့်ခဲ့ပြီးထိခိုက်ကျဆုံးမှုကို မသိသေးဘူးလို့ ဆိုပါတယ်။ဒါပေမယ့် နယ်မြေရှင်းရာမှ လက်နက်ငယ်တစ်လက်နဲ့ လက်နက်ကြီး၊ လက်နက်ငယ် ကျည်အချို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ညနေ ၃ နာရီခွဲခန့်လောက်မှာလည်း အကြမ်းဖက်စစ်ကောင်စီဘက်က ရှားတောမြို့နယ်အတွင်းက ကရင်နီတပ်မတော်ရဲ့ သင်တန်း ကွင်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုအတွင်းမှာ တော့ ကရင်နီတပ်မတော် KA နှင့် KNDF ဘက်မှ ထိခိုက်မှုတစုံတရာမရခဲ့ဘူးလို့ သတင်းထုတ်ပြန် ထားတာတွေ့ရပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်တိုက်ပွဲမှာလည်း စစ်ကောင်စီဟာ စစ်ရဟတ်ယာဉ် ပစ်ကူနဲ့ ဗုံးကြဲလေယာဉ်တွေကိုသုံးပီး အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ အရပ်သားပြည်သူများထိခိုက်သေကျေမှုမဖြစ်ရန် လေကြောင်းကင်းမဲ့ဇုန်သတ်မှတ်ပေးဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ရပီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP ကလည်း ဇန်နဝါရီလ ၈ ရက်နေ့ရက်စွဲနဲ့ အရေးပေါ်သတင်းထုတ်ပြန်ချက်တရပ်ကို ထုတ်ပြန်ခဲ့ရပါတယ် ထိုအရေးပေါ်ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီဘက်ကတိုက်လေယာဉ် စစ်ရဟတ်ယာဉ်သုံးပီး ဗုံးကြဲတိုက်ခိုက်နေခြင်းအား နိုင်ငံတကာအဖွဲ့အစည်းများမှ အရေးယူဆောင်ရွက်ပေးကြဖို့ တောင်းဆိုထားတာကိုလည်း တွေ့ရှိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment