၂၀၂၂ ဇန်နဝါရီလ ၉ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပထမဆုံး - ကော့ကရိတ်ရွာတစ်ရွာထဲ လက်နက်ကြီးကျည်ထပ်ကျ၊အရပ်သား ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့
📌မိုင်းကိုင်မှာ စစ်ရှောင်ထပ်တိုးလာပြီး နေရာထိုင်ခင်း၊ အစားအသောက်၊ စောင်နဲ့ အနွေးထည်တွေ လိုအပ်နေ
📌လောင်းလုံးတွင် ရွာသားအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးရာတွင် အလိုရှိသူကို ဖမ်းမမိပါက မိသားစုကိုပါဖမ်းဆီးနေ
📌နော်ဝေမှာ ငွေတိုက်စာချုပ်ဝယ်ယူနိုင်ပြီ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပထမဆုံး - ကော့ကရိတ်ရွာတစ်ရွာထဲ လက်နက်ကြီးကျည်ထပ်ကျ၊အရပ်သား ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့သတင်းကို တင်ပြပေးပါ့မယ်။
အကြမ်းဖက်စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကော့ကရိတ်မြို့နယ်၊ မောင်းမရွာသစ်ကုန်း ရွာထဲကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက် ၁၀ နာရီမထိုးခင်ကစပြီး ကော့ကရိတ်မြို့တွင်းအခြေစိုက် ခလ၇ (၉၇) တပ်ရင်းကနေ ထိတွေ့တိုက်ပွဲမရှိဘဲ ရွာတွေထဲ ၁၂၀ (မမ) လက်နက်ကြီး နဲ့လှမ်းပစ်နေတာလို့ သိရပါတယ်။
‘အခုဆို အနည်းဆုံး ၆ လုံးလောက်ပစ်ပြီးပြီ။ မနေ့တုန်းကလည်း အခုလိုပဲ ထိတွေ့တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်နေတာ။ အခုချိန်ထိ လူနာတွေ ဆွဲထုတ်ဖို့ရော ပျက်စီးစာရင်းရဖို့ရော ခက်ခဲနေသေးတယ်’ လို့ Delta News Agency ရဲ့ မြေပြင်ကင်းထောက်က ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် အာရှလမ်းမကြီး တောင်ဘက်ခြမ်းရှိ မြို့ဟောင်း၊ ကော့နွဲ့၊ မောင်းမရွာသစ်ကုန်း၊ ကထုထနဲ့တစ်မိုင်ကုန်းရွာက စုစုပေါင်းဒေသခံပြည်သူ ၂၀၀၀ လောက် အိုးအိမ်စွန့် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
‘မြို့ဟောင်းမှာလည်း သူတို့ (စစ်ခွေး) တွေရှိနေတယ်။သူတို့ရည်ရွယ်ချက်က ရွာတွေထဲ လက်နက်ကြီးတွေနဲ့ပစ်ပြီး ဝင်မလို့လုပ်နေတာ’လို့ ပြောပါတယ်။
ယမန်နေ့ကလည်း ကော့နွဲ့ရွာထဲက မြို့ဟောင်းဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အနက် အဘွားအိုတစ်ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။
မင်းအောင်လှိုင်ဟာ ဟွန်ဆန် နဲ့ ဆွေးနွေးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့မှာ အခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ ပြောကြားခဲ့ပါတယ်။
========================
📌📌ဆက်လက်ပြီး မိုင်းကိုင်မှာ စစ်ရှောင်ထပ်တိုးလာပြီး နေရာထိုင်ခင်း၊ အစားအသောက်၊ စောင်နဲ့ အနွေးထည်တွေ လိုအပ်နေတဲ့သတင်းကို တင်ပြပေးပါ့မယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့ပေါ်ကို ဇန်နဝါရီ (၇) ရက်မှာ ထပ်မံ ရောက်ရှိလာတဲ့ စစ်ရှောင် (၁၀၀) ကျော်အတွက် နေရာထိုင်ခင်း၊ အစားအသောက်၊ စောင်နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက “မနေ့ကလာတဲ့ စစ်ရှောင်အတွက်တော့ သူတို့နေထိုင်ဖို့အတွက်နဲ့ စောင်နဲ့ အစားအသောက်တွေ လိုနေတယ်။ ပရဟိတအသင်းတွေလည်း မိုးကာ လာလှူပြီး တဲထိုးပေးတယ်” လို့ သူက ပြောပါတယ်။
ယမန်နေ့က ထပ်မံထွက်ပြေးလာတဲ့ စစ်ရှောင် (၁၀၀) ကျော်ဟာ မြို့ရဲ့ အရှေ့ဘက်ခြမ်းက နောင်ဟိန် ရွာခံတွေ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ မိုင်းကိုင်မြို့နယ်ထဲ အသစ်ရောက်လာတဲ့ စစ်ရှောင် (၁,၆၀၀) ကျော် ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှာ ရှမ်းပြည်တပ်မတော် RCSS နဲ့ SSPP တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တာကြောင့် ဇန်နဝါရီ ၁ ရက်ကစပြီး မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတာပဲ ဖြစ်ပါတယ်။
စစ်ရှောင်တွေဟာ မွေတော်တောင်ကျောင်း၊ ပန်ကတ် ရပ်ကွက် (၅)၊ လွယ်လိုင်၊ ကျောင်းကန်၊ ကျောင်းခမ်း၊ ဝိန်းငင်း၊ နားလုံဘုန်းကြီးကျောင်းနဲ့ တပေါင်းပွဲ ကျင်းပတဲ့နေရာမှာ ခိုလှုံနေကြရပါတယ်။
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) တို့အကြား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ဒုတိယအပတ်ကစပြီး ပန်ကေတု၊ ဟမ်းငိုင်းနဲ့ ဝိန်းငိန်ကျေးရွာအုပ်စုတွေမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြပြီး လက်ရှိမှာလည်း နှစ်ဖက်တပ် စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
========================
📌📌ဆက်လက်ပြီး လောင်းလုံးတွင် ရွာသားအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးရာတွင် အလိုရှိသူကို ဖမ်းမမိပါက မိသားစုကိုပါဖမ်းဆီးနေတဲ့သတင်းကို တင်ပြပေးပါ့မယ်။
လောင်းလုံးမြို့နယ်၊ ရာဟောင်းဝရွာ၊ ဂေါ့အင်းရွာ၊ စမ်းလှမ်းရွာ နေထိုင်သူများကို ယနေ့မနက်အစောပိုင်းတွင် စစ်ကောင်စီတပ်များ လာရောက်ဖမ်းဆီးသွားကြောင်း သိရပါတယ်။
ဇန်နဝါရီလ ၈ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခန့်က ရာဟောင်းဝရွာနေထိုင်သူ ကိုသူရထွေး၊ ကိုသန်းကိုဦးတို့နှစ်ဦးကို ရာဘာခြံအနီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံကပြောပါတယ်။
"အိမ်စီးကားနှစ်စီးနဲ့ ရွာထဲကင်းပတ်ရင်းဖမ်းသွားတယ်။ဖမ်းခံရသူတွေက အေးအေးဆေးဆေးနေတက်သူတွေ"လို့ ဒေသခံတစ်ဦးကပြောပါတယ်။နောက် စစ်ကောင်စီတပ်သည် ဂေါ့အင်းရွာနေထိုင်သူ ကိုသန်းဇော်ဦးရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အလိုရှိသူကို ဖမ်းမမိတဲ့အတွက် ညီမတော်စပ်သူ အမွှာနှစ်ဦးကို ထပ်မံဖမ်းဆီးသွားကြောင်း ၎င်းကပြောပါတယ်။
ထို့နောက် စမ်းလှမ်းရွာနေ အဒေါ်ဖြစ်သူနေအိမ်ကို သွားရောက်ရှာဖွေရာမှ ကိုသန်းဇော်ဦး ပါ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံကထပ်မံပြောဆိုလိုက်ပါတယ်။
လက်ရှိတွင် ဖမ်းဆီးခံရသူ ငါးဦးကို လောင်းလုံးမြို့မရဲစခန်း၌ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရှိရပါတယ်။
ကိုသန်းဇော်ဦးသည် လွန်ခဲ့သောအနှစ်(၃၀)ခန့်က မောရဝတီရေတပ်စခန်းတွင် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ကြောင်း၊ ၎င်းကို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ကို မသိရှိရသေးကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
========================
📌📌အခုနောက်ဆုံးအနေနဲ့ နော်ဝေမှာ ငွေတိုက်စာချုပ်ဝယ်ယူနိုင်ပြီဆိုတဲ့သတင်းကို တင်ပြပေးပါ့မယ်ခင်ဗျာ
အမျိုးသားညီညွတ်ရေးအစိုးရရဲ့အထူး ငွေတိုက်စာချုပ်တွေကို နော်ဝေနိုင်ငံမှာ ဝယ်ယူနိုင်ပြီလို့ CRPH/NUG Support Group, Norway က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
နော်ဝေနိုင်ငံမှာငွေတိုက်စာချုပ် ဝယ်ယူမယ့် သူတွေအနေနဲ့ crph.norway@gmail.com ဆီကို 'Bond ဝယ်ရန်' လို့ ခေါင်းစဉ်တပ်ပြီး စာရေးဆက်သွယ်နိုင်တယ်လို့ဆိုထားပါတယ်။
ငွေတိုက်စာချုပ်တွေကို နော်ဝေနိုင်ငံရဲ့ စည်းမျဉ်းဥပဒေဘောင်အတွင်းကနေ ရောင်းချပေးသွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။
သက်တမ်း၂ နှစ်ရှိတဲ့ ငွေတိုက်စာချုပ်တွေကို ပြည်တွင်းမှာရော ပြည်ပနိုင်ငံတွေမှာပါ အရောင်းကိုယ်စားလှယ်တွေ ထားရှိလုပ်ဆောင်နေတာဖြစ်ပြီး ပြည်တွင်းကနေ ဝယ်ယူမယ့်သူတွေကို ကေအိုင်အို (KIO) ရဲ့ ငွေကြေးပို့ဆောင်သောစနစ်၊ အုပ်ချုပ်ရေး နဲ့ ဘဏ်စနစ်တွေအတိုင်း KPICT (Kachin Political Interim Coordination Team) နဲ့ ပူးပေါင်းပြီးရောင်းချပေးနေပါတယ်လို့ သိရှိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment