၂၀၂၂ ဇန်နဝါရီလ ၁၀ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ထပ်မံချမှတ်၊ တစ်ပေါင်းတည်းကျခံစေရန်ပါရှိ၍ စုစုပေါင်း ထောင်ဒဏ် (၄) နှစ် ချမှတ်
📌အာဏာသိမ်း စစ်တပ်၏ လေကြောင်းဖြင့် တိုက်ခိုက်ခံနေရသည့်အတွက် ကရင်နီပြည်နယ်မှ ဒေသခံများ ရှမ်းပြည်နယ်ဘက်သို့ ညတွင်းချင်း ထွက်ပြေးနေရ
📌မတူပီတွင် သတင်းသမားတစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦးကို လူသားဒိုင်း/ လမ်းပြအဖြစ် စစ်တပ်က ဖမ်းဆီးပြီး လမ်းတွင် သတ်ဖြတ်ခဲ့
📌ထီးခီးဘက်ခြမ်းသို့သွားသော ကားများကို အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ချောဆွဲပြီး လက်နက်နှင့်ရိက္ခာ ပို့နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ထပ်မံချမှတ်၊ တစ်ပေါင်းတည်းကျခံစေရန်ပါရှိ၍ စုစုပေါင်း ထောင်ဒဏ် (၄) နှစ် ချမှတ်ခံရတဲ့သတင်းကို အရင်ဆုံးတင်ပြပေးပါ့မယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ဇန်နဝါရီလ ၁၀ ရက် (ဒီနေ့) မှာ ထောင်ဒဏ် ၅ နှစ် ထပ်မံ အမိန့်ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းက အတည်ပြုပြောဆိုသည်။
စစ်ကောင်စီက အမှုဆင်စွဲဆိုထားတဲ့ ပို့ကုန်/သွင်းကုန်အမှုအတွက် ၂ နှစ်၊ ဆက်သွယ်ရေးအမှုအတွက် ၁ နှစ် ချမှတ်ပြီး ယင်းအမှုနှစ်ခုအတွက် တစ်ပေါင်းတည်းကျခံစေရန်ဟု အမိန့်ချမှတ်ခဲ့တဲ့အတွက် စုစုပေါင်းထောင်ဒဏ် ၂ နှစ် ချမှတ်ခံရခြင်းဖြစ်သည်။
ဒါ့အပြင် ကိုဗစ်ဆိုင်ရာ ဥပဒေချိုးဖောက်သည်ဟုဆိုကာ သဘာ၀ဘေးစီမံခန့်ခွဲရေး ဥပဒေဖြင့် အမှုအတွက် ၂ နှစ် ချမှတ်ရာ ဒီနေ့မှာ အမှု ၃ ခုအတွက် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက တရားစွဲဆိုထားတဲ့ အမှု ၃ ခုအတွက် ထောင်ဒဏ် ၄ နှစ်ထပ်မံချမှတ်ခြင်းဖြစ်ကြောင်း၊ မူလက အမှု ၂ ခုအတွက် ထောင်ဒဏ် ၄ နှစ်ချမှတ်ပြီး ၂ နှစ်လျှော့ပေါ့ကြောင်း စစ်ကောင်စီက ကြေညာခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် အမိန့်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို လက်နက်အားကိုးပြီး မတရားလုယူ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းက ပြည်သူတွေကို မတရားသဖြင့် နှိပ်စက်သတ်ဖြတ်တာ၊ မီးရှို့တာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူ/လုယက်တာ၊ ကလေးငယ်တွေကို သတ်ဖြတ်တာနဲ့ ပြည်သူတွေကို မတရား ဖမ်းဆီးထောင်ချတာတွေ အပါအဝင် လူမဆန်/အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက ထုတ်ပြန် ပြောဆိုထားကြတာတွေလည်း ရှိပါတယ်။
========================
📌📌အာဏာသိမ်း စစ်တပ်၏ လေကြောင်းဖြင့် တိုက်ခိုက်ခံနေရသည့်အတွက် ကရင်နီပြည်နယ်မှ ဒေသခံများ ရှမ်းပြည်နယ်ဘက်သို့ ညတွင်းချင်း ထွက်ပြေးနေရတဲ့သတင်းကို တင်ပြပေးပါ့မယ်။
ကရင်နီ (ကယား) ပြည်နယ်တွင်းကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက လေကြောင်းကပါ တိုက်ခိုက်နေတဲ့အတွက် ဒေသခံပြည်သူအချို့ ပြည်နယ်တွင်းမှ ရှမ်းပြည်နယ်တောင်ပိုင်းကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိပါတယ်။
အာဏာသိမ်းစစ်တပ်က လွိုင်ကော်မြို့မှာ ဇန်နဝါရီလ (၈) ရက်နေ့ တစ်နေ့တာတိုက်ပွဲအတွင်းမှာပင် ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်တွေနဲ့ (၁၀)ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ဇန်နဝါရီလ (၉) ရက်နေ့မှာလည်း ဒီးမော့ဆိုကို ရဟတ်ယာဉ်ဖြင့် (၃) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် လူနေရပ်ကွက်တွေထဲကိုပါ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဇန်နဝါရီလ (၈) ရက်နေ့ကတည်းက လွိုင်ကော်မှာ နေထိုင်သူတွေဟာ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အချို့ကတော့ မြို့တွင်းမှာ ပိတ်မိနေခဲ့ကြတာ ဖြစ်သည်။
အာဏာသိမ်းစစ်တပ်က မြို့တွင်းကို ဗုံးထပ်ကြဲမယ်လို့ သတင်းတွေထွက်နေပြီးနောက် လွိုင်ကော်မြို့တွင်း ပိတ်မိနေတွေဟာ ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားလာကြတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်တွင်း နေရာဒေသအများစုမှာ တိုက်ခိုက်ခံနေရမှုတွေကြောင့် စစ်ဘေးရှောင်တွေအတွက် အကူအညီများစွာ လိုအပ်နေကြောင်းလည်း သတင်းရရှိပါတယ်။
========================
📌📌ဆက်လက်ပြီး မတူပီတွင် သတင်းသမားတစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦးကို လူသားဒိုင်း/ လမ်းပြအဖြစ် စစ်တပ်က ဖမ်းဆီးပြီး လမ်းတွင် သတ်ဖြတ်ခဲ့တဲ့သတင်းကို တင်ပြပေးပါ့မယ်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ သတင်းသမားတစ်ဦး၊ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၁ ဦးကို စစ်တပ်က လမ်းပြဖို့နဲ့ လူသားဒိုင်းအဖြစ် ပေါ်တာခေါ်ယူပြီးနောက် လမ်းမှာသတ်ဖြတ်လိုက်ကြောင်း CDF မတူပီ၊ ဒေသခံတွေနှင့် ချင်းလူ့အခွင့်အရေးအဖွဲ့တွေထံမှ သိရှိရသည်။
ဇန်နဝါရီလ ၆ ရက်နေ့က စတင်ပြီး မတူပီ-ဟားခါးလမ်း ကီလွန်းရွာနဲ့ လုံလှောရွာကြားမှာ စစ်ကောင်စီတပ်နဲ့ CDF တပ်တွေ အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်တွေဟာ ကီလွန်းရွာနဲ့ လုံလှော်ရွာကို ခရီးသွားနေတဲ့ ပြည်သူ ၈ ဦးနဲ့ ညနေပိုင်း ကစဲရွာမှ ကီလွန်းရွာသို့ ဓာတ်ဆီဝယ်ယူဖို့ သွားတဲ့ ပြည်သူ ၁ ဦး၊ ဇန်နဝါရီလ ၇ ရက်နေ့မှာ ဘွေထီးယားရွာမှ ကစဲရွာသို့ ခရီးသွားနေတဲ့ ပြည်သူ ၂ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ဖမ်းဆီးသွားတဲ့ ပြည်သူ ၁၁ ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုပြီး ဇန်နဝါရီလ ၈ ရက်နေ့တွင် ရက်ရက်စက်စက် ပစ်သတ်၍ အလောင်းတွေကို လူသားမဆန်စွာ စွန့်ပစ်ထားခဲ့တယ်လို့ CDF မတူပီက ထုတ်ပြန်သည်။
အသတ်ခံရသူများတွင် Khonumthug သတင်းဌာန၏ တည်ထောင်သူလည်းဖြစ်၊ အယ်ဒီတာချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်သူ Pu Tuidim ပါဝင်သွားကြောင်း Khonumthung သတင်းဌာနက တရားဝင် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ Pu Tui Dim သည် ချင်းလူ့အခွင့်အရေးအဖွဲ့ ( CHRO ) ကို စတင်တည်ထောင်သူတွေထဲမှာပါဝင်ခဲ့ပြီး CHRO မှာ ဒါရိုက်တာ၊ Khonumthung Media မှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဦးသိန်းစိန်အစိုးရလက်ထက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုုပ်မှာ ချင်းအမျိုးသားတပ်ဦးနှင့် ပြည်ထောင်စုအစိုးရအကြား လက်မှတ်ရေးထိုးနိုင်ပြီးနောက် အိန္ဒိယနိုင်ငံမှ မြန်မာပြည်တွင်း ပြန်လည်နေထိုင်ကာ DVB မှအပတ်စဉ်ထုတ်လွှင့်သည့် တိုင်းရင်းဘာသာအစီအစဉ်တွင် ချင်းဘာသာ(လိုင်) ဘာသာဖြင့် အစီအစဉ်ထုတ်ဝေသူ အဖြစ်တာဝန်ယူ ဆောင်ရွက်ရင်း ချင်းအမျိုးသားတပ်ဦး၏ လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။
ထို့နောက်စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် အိန္ဒိယဘက်တွင် ပြန်လည်နေထိုင်ရာမှ အမျိုးသားရေးတာဝန်အရ ချင်းပြည်နယ် မတူပီမြို့သို့ ပြန်ဝင်ခဲ့ပြီး အဖမ်းခံရခြင်းဖြစ်သည်။
အိန္ဒိယဖက်သို့ အတူတိမ်းရှောင်ခဲ့သူ ၄င်း၏ မိတ်ဆွေတစ်ဦးက “ သူ မတူပီဘက်ကို ပြန်သွားခါနီး ပြောသွားပါတယ်။ ဒီတစ်ခေါက် ပြည်တွင်းပြန်ဝင်တာ ကြာနိုင်တယ်တဲ့။ ပြဿနာက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းထားတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး ထွက်ပြေးလွတ်မြောက်ပြီး နောက်နေ့ စစ်ကောင်စီက တိုက်စစ်ဆင်တဲ့အချိန်မှာ သူလည်းပါသွားတယ်” လို့ ပြောပြချက်အရ သိရှိရပါတယ်။
========================
📌📌ဆက်လက်ပြီး ထီးခီးဘက်ခြမ်းသို့သွားသော ကားများကို အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ချောဆွဲပြီး လက်နက်နှင့်ရိက္ခာ ပို့နေတဲ့သတင်းကို တင်ပြပေးပါ့မယ်။
ထိုင်း - မြန်မာ နယ်စပ်ဒေသတစ်ခုဖြစ်တဲ့ ထီးခီးဒေသဘက်ကိုသွားတဲ့ ကုန်တင်ကားတွေ၊ ကင်းမွန်နှင့်ငါးတွေ သယ်ယူပို့ဆောင်နေတဲ့ ကားတွေကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ချောဆွဲပြီး လက်နက်နဲ့ ရိက္ခာပို့နေတယ်လို့ ဒေသခံတစ်ဦးရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
"ခရီးသည်တင်တဲ့ကားတွေ၊ ကင်းမွန်တွေ၊ ငါးတွေ တင်လာတဲ့ကားတွေကို နေ့တိုင်းဖမ်းပြီး ချောဆွဲနေတာ၊ အဖမ်းခံရတဲ့ ကားသမားရဲ့ဖုန်းကို သူတို့သိမ်းလိုက်တယ်။ သူတို့ကိုပြန်လွှတ်မှ ဖုန်းကိုပြန်ပေးတာပေါ့၊ သူတို့ချောဆွဲထားတဲ့ကားတွေကို တခါတလေအရှေ့က သွားခိုင်းတယ်။ မဟုတ်ရင် အလယ်က သွားခိုင်းတယ်" လို့ ဒေသခံတစ်ဦးထံမှ သိရပါတယ်။
"သူတို့က ကားတိုင်းလိုလိုတော့ ချောမဆွဲဘူး။ သူတို့လုပ်ချင်တဲ့ ကားမှ လုပ်တာ၊ ဥပမာဆို ပုလောဖက်ကလာတဲ့ အိမ်စီးကားတွေကို ဖမ်းတယ်၊ ပြီးရင် ချောဆွဲပြီး တောင်ပြောက်ဘက်၊ ပုလောဘက်မှာရှိတဲ့ သူတို့စစ်သားတွေဆီကို လက်နက်တွေ၊ ရိက္ခာတွေပို့နေတာ"လို့ ၎င်းက ထပ်ပြောပြပါတယ်။
အခုနောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ၎င်းတို့ စစ်မြေပြင်ဖြန့်ကျက်ရာနေရာဒေသတိုင်းမှာ အိမ်စီးကားနဲ့ အရပ်သားကားတွေကို နေ့တိုင်းလိုလို ချောဆွဲအသုံးပြုပြီး လက်နက်နဲ့ရိက္ခာပို့နေကြကြောင်း ဒေသခံတွေထံမှ သိရှိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment