12th JAN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၁၂ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ထပ်တိုးခြင်းအပေါ် ကုလလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဌ နော်ဝေနိုင်ငံက ရှုတ်ချလိုက်ပြီး မြန်မာ့အရေးဖြေရှင်းရန် အသေအချာလုပ်ဆောင်မည်ဟု ထုတ်ပြန်
📌ကေအဲန်ယူ၏ မူတြော်ခရိုင်နယ်မြေအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီမှ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်
📌ဟိုပုံးမြို့တွင် ကရင်နီစစ်ဘေးရှောင်များ ဧည့်စာရင်းတိုင်ရန် စကစခန့် အုပ်ချုပ်ရေးက ခြိမ်းခြောက်နေ
📌အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကစီစဉ်တဲ့ ကြားကာလပညာရေးအစီအစဥ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီ ၁၅ ရက်နေ့ မှာ ကျင်းပပြုလုပ်မည်
📌ဇန်နဝါရီလအတွက် အောင်လံလွှင့်ချီမယ့်နွေဦးထီလက်မှတ်များကို ဝယ်ယူအားပေးနိုင်ပြီ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ထပ်တိုးခြင်းအပေါ် ကုလလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဌ နော်ဝေနိုင်ငံက ရှုတ်ချလိုက်ပြီး မြန်မာ့အရေးဖြေရှင်းရန် အသေအချာလုပ်ဆောင်မည်ဟု ထုတ်ပြန်

နော်ဝေအစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ တာဝန်ကို ယူစဉ်ကာလအတွင်း မြန်မာ့အရေးကို ဖြေရှင်းရန် ကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့် အသေအချာ လုပ်ဆောင်သွားမည်ဟု ဇန်နဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်အားကိုးနဲ့ တရားမဝင်အာဏာသိမ်းထားတဲ့ စစ်ကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ ထပ်မံချမှတ်လိုက်တဲ့အပေါ် ရှုတ်ချကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt က ဆိုပါတယ်။
“စစ်ကောင်စီက နိုင်ငံရေးပြိုင်ဘက်တွေ အသံမထွက်အောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြိုကွဲအောင် တရားစီရင်ရေးစနစ်ကို အသုံးချနေတယ်” လို့ Anniken Huitfeldt က ဆက်ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်၏ အာဏာသိမ်းမှု ၁ နှစ်နီးပါးရှိလာချိန်မှာ ပြီးခဲ့သည့် ၁ နှစ်အတွင်း မြန်မာ့လူ့အဖွဲ့အစည်း နယ်ပယ်အားလုံးမှာ သိသာစွာ ဆိုးရွားခဲ့ကြောင်းနှင့် အရပ်သားပြည်သူတွေ ခံစားနေရမှုတွေကို လွန်စွာစိုးရိမ်ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
“စစ်တပ်ဦးဆောင်မှုပိုင်းက နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွတ်ပေးဖို့၊ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ၊ လုပ်ငန်းစဉ်တွေကို ထိန်းသိမ်းဖို့၊ အကြမ်းဖက်မှုတွေကို ရှောင်ကြဉ်ဖို့နဲ့ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးကို အပြည့်အ၀ လေးစားဖို့ ကျွန်မ ထပ်လောင်းတောင်းဆိုပါတယ်။ နောက်ပြီး စစ်တပ်ခေါင်းဆောင်ပိုင်းက အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးကို ပူးပေါင်းပါဝင်ဖို့နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ပြန်လည်စတင်ဖို့ ကျွန်မတို့တောင်းဆိုပါတယ်” လို့ Anniken Huitfeldt က ဆက်ပြောသည်။
နော်ဝေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌတာဝန်ကို ယခုဇန်နဝါရီလမှာ ထမ်းဆောင်မှာဖြစ်ပြီး ဥက္ကဌတာဝန်ယူစဉ်မှာ မြန်မာ့အရေးဆွေးနွေးပွဲကို ခေါ်ယူကျင်းပမယ်လို့ ထုတ်ပြန်ထားပါသေးတယ်။ မြန်မာ့အရေးနှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ ညီညွတ်သောတုံ့ပြန်မှုကို တိုးမြှင့်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း အလှည့်ကျဥက္ကဌက အသိပေးထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားစွဲဆိုထောင်ချနေတာဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ထဲက တစ်ချက်ဖြစ်တဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ရွေးကောက်ခံခေါင်းဆောင်တွေ မပါဝင်နိုင်ရေးကို ပြောင်ပြောင်တင်းတင်း ကြံစည်ချက်သာ ဖြစ်တယ်လို့ EU ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုလို မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေ လောင်မီးကျပြီး အကာအကွယ်မဲ့နေကြတဲ့အပေါ် စောင့်ကြည့်၊ စောင့်ဆိုင်း၊ ရှုတ်ချ အပြစ်တင်နေရုံနဲ့ အလုပ်မဖြစ်တော့တာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အထူးအစည်းအဝေးကျင်းပပြီး ချက်ချင်းဆိုသလို ကိုင်တွယ် ဆောင်ရွက်ဖို့ အထူးလိုအပ်နေပြီလို့ ISP- Myanmar ကလည်း ထုတ်ပြန်ထားပါတယ်။

========================

📌📌ကေအဲန်ယူ၏ မူတြော်ခရိုင်နယ်မြေအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီမှ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ ယနေ့ နံနက် (၁း၀၅) နာရီအချိန်ခန့်က ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ လယ်ထူဖိုး၊ ဝါးခါဒဲ နှင့် ထွီသီးအူအနီး နေရာများကို အာဏာသိမ်း စစ်ကောင်စီက လေယာဉ် ၃ စင်း နဲ့ လာရောက်၍ ဗုံးကြဲခဲ့တယ်လို့ ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီက အခုလို လေယာဉ်များနဲ့ လာရောက်ဗုံးကြဲခဲ့ရာမှာ လယ်ထူဖိုးမှာ ဗုံး ၂ လုံး ၊ ထွီသီးအူမှာ ၃ လုံး ကျရောက်ခဲ့ပြီး လယ်ထူဖိုးဆေးပေးခန်း နှင့် ဝါးခါဒဲဆေးပေးခန်းများ ထိမှန်ပျက်စီးခဲ့ရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ကေအဲန်ယူနယ်မြေအတွင်း စစ်အင်အားတို့ချဲ့ခြင်း ၊ ကျေးရွာများအတွင်း လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်ခြင်း ၊ လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက် ပြုလုပ်နေသောကြောင့် ကရင်ပြည်နယ်အတွင်းမှာ နေရပ်စွန့်ခွာ ထွက်​ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူများ ပိုမိုများပြားလျက်ရှိတယ်လို့ ကရင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများကော်မတီ ( CIDPK ) ကနေ သိရပါတယ်။

========================

📌📌ဟိုပုံးမြို့တွင် ကရင်နီစစ်ဘေးရှောင်များ ဧည့်စာရင်းတိုင်ရန် စကစခန့် အုပ်ချုပ်ရေးက ခြိမ်းခြောက်နေ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့တွင် ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်များအား လက်ခံထားသူများကို ဧည့်စာရင်းတိုင်ရန် နှင့် ကိုဗစ်စစ်ဆေးရန် စစ်ကောင်စီခန့် အုပ်ချုပ်ရေးဌာနက ဇန်နဝါရီလ (၁၁) ရက်နေ့တွင် လိုက်လံကြေညာနေကြောင်း သိရသည်။
"နေ့လယ်က ထွေအုပ်က လိုက်အော်တာ။ စစ်ရှောင်တွေကို လက်ခံထားသူတွေ ဧည့်စာရင်းတိုင်ကြဖို့ လိုက်အော်တာ။ အဲဒါ အုပ်ကြီးတွေကလည်း လိုက်ပြောတယ်။ အုပ်ကြီးတစ်ယောက်ကဆို စစ်ဘေးရှောင်တွေကို အိမ်မှာ လက်မခံဖို့ကို ပြောတာ။ ပြီးတော့ အိမ်ငှားနေသူတွေကို ဆေးရုံသွားပြီး ကိုဗစ်စစ်ခိုင်းတယ်။ အခုစစ်ရှောင်တွေက မစစ်ရင်လည်း မနေရမှာစိုးလို့ စစ်နေရတယ်။ စစ်ဖြစ်လို့ ပြေးလာပါတယ်ဆို ဒီမှာ ရဲခွေးတွေ၊ အုပ်ကြီးတွေက အတင်းအကြပ်တွေ ဖြဲခြောက်နေကြတယ်"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။
အာဏာသိမ်းအဖွဲ့၏ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးတို့ပါသည့် အဖွဲ့များက ရပ်ကွက်များတွင်း လိုက်လံပြောကြားရာ စစ်ဘေးရှောင်လာနေသူများမှာ နှင်ထုတ်ခံရမည်စိုး၍ ထိတ်လန့်နေကြသည်ဟု သိရသည်။
ဟိုပုံးသို့ရောက်လာသည့် စစ်ရှောင်အချို့မှာ အိမ်ငှားနေထိုင်ကြပြီး အချို့မှာ ဆွေမျိုးများထံ လာရောက်နေထိုင်သူများဖြစ်ကြကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်သည် လွိုင်ကော်မြို့ကို လေကြောင်းမှ တိုက်ခိုက်နေပြီး ဇန်နဝါရီလ (၁၁) ရက်နေ့တွင် လေကြောင်းမှ (၉) ကြိမ်တိတိ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မနေရဲတဲ့အတွက် စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို စစ်အုပ်စုတပ်တွေက တောင်ကြီးမြို့အဝင်မှာ ဝင်ကြေးအဖြစ် ကားတစ်စီးလျှင် ငွေကျပ်တစ်သောင်း ဆက်ကြေးတောင်းနေတယ်လို့လည်း စစ်ဘေးရှောင်တွေထံက သိရပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကစီစဉ်တဲ့ ကြားကာလပညာရေးအစီအစဥ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီ ၁၅ ရက်နေ့ မှာ ကျင်းပပြုလုပ်မည်

ကျောင်းသား၊ ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ် သင်ယူနိုင်ရေးအတွက် ကြားကာလပညာရေးအစီအစဉ်အရ အရေးပေါ်ကာလအခြေအနေတွင် အကောင်အထည် ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်တရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဖော်ပြခဲ့ကြပါတယ်။
ကြားကာလပညာရေးအစီအစဥ် (Short Course for Students) ဆိုတာဟာ ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ၊ ကျောင်းသားများ၏ ပညာရေးကို အရေးပေါ်ကာလအခြေအနေ ကြေညာထားစဉ်တွင် အဆက်မပြတ်စေရေးနှင့် ပညာ ဆက်လက်သင်ယူခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာပြည်တွင်း၊ ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်လျှက်ရှိသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့ စနေနေ့ မြန်မာစံတော်ချိန် နံနက် (၉:၀၀) နာရီတွင် ကျင်းပမယ့် အစီအစဉ်ကို “Prospects for Future Air Quality in Myanmar and Air Pollution Awareness during the emergency condition” လို့ အမည်ပေးထားပြီး အနာဂတ် မြန်မာ့လေထုအရည်အသွေး မျှော်လင့်ချက်များနှင့် လက်ရှိအရေးပေါ်ကာလအတွင်း မြို့ပြနှင့်ကျေးလက‌်ဒေသများတွင် လေထုညစ်ညမ်းမှုကို သတိပြုမိစေပြီး၊ တော်လှန်ရေးကာလအလွန်တွင် - လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပွားနိုင်သည့် ကျန်းမာရေးပြသာနာများ၊ စိန်ခေါ်မှုများကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားနိုင်စေမယ့် အကြောင်းအရာများကိုဆွေးနွေးသွားမည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း ဖိတ်ခေါ်ထားပီး သင်တန်းစတင်သည်နှင့် တပြိုင်နက် Ministry of Education, NUG ၏ Facebook Page နှင့် YouTube Channel များမှ တပြိုင်နက်တည်း Live လွှင့်ပေးမယ်လို့လည်း သိရှိရပါတယ်။ ပညာရေးဝန်ကြီးဌာန၏ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဆွေးနွေးပွဲတက်ရောက်နိုင်ရန် လင့်ခ်ကို ဖော်ပြထားပီး ဝင်ရောက်စာရင်းပေးကြဖို့ကိုလည်း အသိပေးဖော်ပြထားပါတယ်။

========================

📌📌ဇန်နဝါရီလအတွက် အောင်လံလွှင့်ချီမယ့်နွေဦးထီလက်မှတ်များကို ဝယ်ယူအားပေးနိုင်ပြီ

တော်လှန်ရေးအောင်စိတ်အပြည့်နဲ့ နွေဦးထီကို ဝယ်ယူအားပေးလျက်ရှိတဲ့ မိဘပြည်သူများအနေနဲ့ ဇန်နဝါရီလအတွက် အောင်လံလွှင့်ချီ နွေဦးထီလက်မှတ်များကို ရောင်းချနေပြီ ဖြစ်ပါတယ်။ အခက်အခဲ အကြပ်တည်းများကြားမှ နွေဦးထီကို တော်လှန်ရေးအောင်စိတ်အပြည့်ဖြင့် ဝယ်ယူအားပေးနေကြတဲ့ မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းအားကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ နွေဦးထီရောင်းချခြင်းအား နေ့စဉ် မနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ထီလက်မှတ်ကန့်သတ်ထားခြင်းမရှိဘဲ၊ လစဉ်ရောင်းချပေးသွားမှာ ဖြစ်ကြောင်း အောင်လံလွှင့်ချီနွေဦးထီရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
"ပြည်သူများ၏ အာဏာရှင်ကိုတော်လှန်လိုစိတ်ဟာ ဘယ်သောအခါမျှ သွေးအေး သွားခြင်းမရှိကြောင်းကို နွေဦးထီနှင့်အတူ အောင်လံလွှင့်ချီဆက်လက်သက်သေပြကြပါစို့" လို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။ နွေဦးထီ Pilot project မှ ဒီဇင်ဘာလ ၂၅ ရက်အထိ၊ ထီဖွင့်ရက် ၆၇ ရက်အတွင်းမှာ နွေဦးထီမှ CDM ဝန်ထမ်းပေါင်း ၆၃၀၀ အား ထောက်ပံ့ပြီးဖြစ်ပြီးသော်လည်း နွေဦးထီမှ ချိတ်ဆက်ထားနိုင်သည့် ပမာဏ နှင့် နှိုင်းယှဉ်လျှင် ၃.၉ ရာခိုင်နှုန်းသာ ရှိနေသေးကြောင်း သိရှိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment