12th JAN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၁၁ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) တို့အကြား တွေ့ဆုံဆွေးနွေး
📌ဂျာမဏီနိုင်ငံရောက်မြန်မာနွယ်ဖွါးတော်လှန်ရေးအင်အားစုများနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG, ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးဦးလွင်ကိုလတ်တို့ တွေ့ဆုံပွဲ ကျင်းပ
📌ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရမှ ဇန်နဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကျန်းမာရေးဆိုင်ရာနှိုးဆော်
📌တမူး ရဲဘက်အကျဉ်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းပီး စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံး
📌ကလေးမြို့တောင်ဘက် သာစည်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ ပစ်ခတ်ဝင်ရောက်မီးရှို့နေပီး ပြည်သူ ၂ ဦး ကျည်ထိ၊ ၆ ဦး ထက်မနည်း ဖမ်းဆီးရိုက်နှက်ခံနေရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) တို့အကြား တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (Special Advisory Council for Myanmar) တို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၆:၃၀ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။

ပြည်ထောင်စုလွှတ်တော်လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက အမှာစကားပြောကြားရာမှာ “မြန်မာပြည်သူများအတွက် ကူညီဆောင်ရွက်ပေးနေမှုများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ပြည်သူအားလုံးနှင့်ကမ္ဘာကသိရှိနိုင်ရေး ဆောင်ရွက်ပေးနေမှုများအတွက် မြန်မာပြည်သူများကိုယ်စားကျေးဇူးတင်ရှိပါကြောင်း အထူးအကြံပေးကောင်စီ၏ ဆောင်ရွက်ချက်များကိုစတင်ဖွဲ့စည်းချိန်မှစ၍ တွေ့မြင်နေရပြီး ထိရောက်သောဆောင်ရွက်ချက်များအဖြစ်သုံးသပ်မိပါကြောင်း အကြမ်းဖက်စစ်ကောင်စီတပ်များက ကျူးလွန်လျက်ရှိသည့် လူ့အခွင့်ရေးချိုုးဖောက်မှုများ၊ ရာဇဝတ်မှုများနှင့်ပတ်သက်၍ အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက နိုင်ငံတကာဥပဒေများနှင့် အညီ တရားဆွဲဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကူညီပေးနိုင်သည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုလိုပါကြောင်း၊ မြန်မာပြည်သူများအား ကူညီပေးခြင်းတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် CRPH ၊ NUG တို့အား ကူညီအားပေးခြင်းသည် ထိရောက်သော ကူညီခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ CRPH ၊ NUG သည် ပိုမိုကောင်းမွန်သည့်နည်းလမ်းများဖြင့် နိုင်ငံတကာအသိုက်အဝန်းက တရားဝင်အသိမှတ်ပြုမှု၊ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများပေးအပ်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အပေါ်၌လည်း အကြံပြုလိုသည့်အချက်များရှိပါက ရင်းနှီးစွာဆွေးနွေးတိုင်ပင်စေလိုပါကြောင်း၊ မိမိတို့ဘက်မှကူညီပေးနိုင်မည့် အကြောင်းအရာများနှင့် ပူးဆောင်းဆောင်ရွက်နိုင်မည့်ကိစ္စများရှိပါက ပြောကြားပေးစေလိုပါကြောင်း” တို့ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီက ၎င်းတို့ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဖွဲ့စည်းပုံနှင့်လုပ်ငန်းများ၊ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး အမျိုးသားညီညွတ်ရေးကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့၏ အခန်းကဏ္ဍ၊ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံရေးမူဝါဒများ၊ အာဆီယံနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦး၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးစည်သူမောင်၊ ဦးဝင်းကိုဦး၊ ဦးအာကာမျိုးထက်တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီမှ Ms. Yanghee Lee ၊ Mr. Marzuki Darusman ၊ Mr. Chris Sidoti ၊ SAC-M Coordinator ဖြစ်သူ Isabel Todd နှင့် ဝန်ထမ်းဖြစ်သူ Joo Hyung Lee တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။

========================

📌📌ဂျာမဏီနိုင်ငံရောက်မြန်မာနွယ်ဖွါးတော်လှန်ရေးအင်အားစုများနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG, ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးဦးလွင်ကိုလတ်တို့ တွေ့ဆုံပွဲ ကျင်းပ

CRPH, NUG Support Team Germany – Deutschland က စီစဉ်တဲ့ တိုင်းရင်းသားမိသားစုများနဲ့ NUG ဝန်ကြီး ဦးလွင်ကိုလတ်နဲ့ တွေ့ဆုံပွဲကီု ဇန်နဝါရီ ၉ ရက်နေ့က အွန်လိုင်းမိတင်အဖြစ် ကျင်းပခဲ့ကြပါတယ်။ ချင်း၊ ကချင်၊ ဇိုမီး၊ ရိုဟင်ဂျာ မိသားစုများနဲ့ အီးယူနိုင်ငံများရောက် မြန်မာမိသားစု အဖွဲ့အစည်းများက တက်ရောက်ကြပါတယ်။

ဝန်ကြီးဦးလွင်ကိုလတ် မှ တက်ရောက်လာသူများကို Team Germany ကနေပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့တွေအားလုံးနဲ့တွေရတာဝမ်းသာဂုဏ်ယူပါတယ်၊ တော်လှန်ရေးစတင်ကတည်းက တစိုက်မတ်မတ်ပါဝင်ကူညီဆောင်ရွက်နေကြတဲ့ ဒီအင်အားတွေကြောင့်လည်းကျနော်တို့လိုချင်တဲ့ပန်းတိုင်ကိုရောက်မယ်ဆိုတာ ခိုင်ခိုင်မာမာပြောနိုင်ပါတယ်“ ဟုနှုတ်ဆက်စကားပြောကြားပါတယ်။
ဆက်လက်ပြီး CRPH, NUCC မှသည် NUG အထိ အဆင့်ဆင့်ပေါ်ပေါက်လာပုံ, မြန်မာပြည်၏သမိုင်းတွင်မည်သည့်အခါကမှ မရရှိခဲ့ဘူးသော EAOs 28 ဖွဲ့ပါဝင်စုစည်းထားသည့် NUCC ၏ Federal Charter ကို အဆင့်ဆင့် ပြင်ဆင်တည်းဖြတ်လာခြင်း, နိုင်ငံရေးမဟာမိတ် မှသည် စစ်ရေးမဟာမိတ်များအဖြစ်ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း, လက်ရှိ ပြည်သူ့ကာကွယ်ရေးစစ်ပွဲ ၌လက်နက်ပံ့ပိုးထားရှိမှုကို အထူးအလေးထားဆောင်ရွက်နေကြောင်း, နှင့် လက်ရှိ တောင်ပိုင်းတိုင်း ၏ မြေပြင်အခြေအနေများ နှင့် စပ်လျဉ်းသော ကိစ္စရပ်များကိုရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ငွေတိုက်စာချူပ်များ ရောင်းချရာ တွင် NUG မှ သာမက တိုင်းရင်းသားအဖွဲ့အစည်းများမှ လည်း မိမိတို့၏ ဘဏ်များကိုအသုံးပြု၍ တိုက်ရိုတ်ရောင်းချသွားမည်ဖြစ်ပြီး, ရောင်းချရသည့် စာရင်းများကိုသာ NUG ထံပြန်လည် တင်ပြရမည်ဖြစ်ပါသည်, ရောင်းရငွေကိုမိမိတို့ပြည်နယ် အလိုက်စီမံခန့်ခွဲ၍ လိုအပ်သည့် နေရာများ၌သုံးစွဲသွားကြရန်, စတဲ့ အချက်များကို ရှင်းလင်းပြောပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ, စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုတ်နှံဝန်ကြီးဌာန မှ ရောင်းချနေသော United Bond ကို CRPH, NUG Support Team Germany – Deutschland မှ ဂျာမဏီနိုင်ငံ၏ကိုယ်စားလှယ်အဖြစ် ရောင်းချမည်ဖြစ်ပြီး, NUG ၏ဘဏ်ခွဲများသဖွယ်ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ကြရန် ဂျာမဏီနိုင်ငံ၏ အခွန်အကောက်ဆိုင်ရာဥပဒေများအတိုင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း Team Germany က ပြန်လည် တင်ပြခဲ့ပါတယ်။
NUG ပြက္ခဒိန် 700 ရည်မှန်းထားရာမှ 500 ကျော် ဖြန့်ဝေထားပြီး, ဆက်လက် ရောင်းချနေခြင်းကိစ္စ၊ တော်လှန်ရေးမိသားစုဝင် PRF လစဥ်အကူငွေများအစီအစဥ် ကိုလည်း တင်ပြဆွေးနွေးခဲ့ကြပါတယ်။ စုပေါင်းဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသော Team Germany ၏ တော်လှန်ရေးတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နေခြင်းကို အားရကျေနပ်မိကြောင်း၊ ပါသည့် လူတစ်ဦးခြင်း၏ ကျရာနေရာနိုင်ရာဝန်ကိုပါဝင်ဆောင်ရွက်နေကြခြင်းကို မိမိတို့ အသင်းက ကျေးဇူးတင် ဂုဏ်ယူမိပါ ကြောင်းနှင့် ပန်းတိုင်အရောက်ဆက်လက် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်သွားပါမည်ဟု ကတိပြုပါကြောင်း Team Germany အဖွဲ့က ပြောကြားသွားပါတယ်။

နိဂုံးချူပ်အားဖြင့် ဝန်ကြီး ဦးလွင်ကိုလတ်မှ ပြည်ပရောက်တော်လှန်ရေးအင်အားစုများ၏ ပူးပေါင်းပါဝင်ကြောင့်သာ ဒီတော်လှန်ရေးကြီဟာဒီလိုအောင်မြင်တိုးတက်မှုတွေရရှိလာနေတာ ဖြစ်ကြောင်းနှင့် ဆက်လက်၍ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန်,ကျနော်တို့မှာ လှို့ဝှက်ချက်ဆိုတာမရှိသလောက်ဖြစ်နေပြီးပွင့်လင်းရင်းတဲ့တွေ့ဆုံမှုတွေကြောင့်အားတက်ရသလို,ဒီအချိန်မှာအားလုံးအားရှိနေဖို့လိုအပ်လို့, မကြာခင်ထပ်မံတွေ့ဆုံပါမည့် အကြောင်းပြောကြားပြီးအစည်းအဝေးကို အဆုံးသတ်ခဲ့ ကြပါတယ်။

========================

📌📌ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရမှ ဇန်နဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကျန်းမာရေးဆိုင်ရာနှိုးဆော်ချက်တရပ်ကို ဖတ်ကြားပေးပါ့မယ်

COVID-19 မျိုးရိုးဗီဇသစ် အိုမိုင်ခရွန် (Omicron) နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၂၄) ရက်တွင် စတင်တွေ့ရှိခဲ့သော COVID-19 မျိုးရိုးဗီဇသစ် အိုမိုင်ခရွန် (Omicron) သည်-
♦ ယခုအခါ ကမ္ဘာ့နိုင်ငံ (၁၅၀) ကျော်တွင် တွေ့ရှိနေရပြီဖြစ်ပြီး အာဆီယံ (ASEAN) နိုင်ငံအားလုံးတွင်လည်း ကူးစက်ဖြစ်ပွားလျက်ရှိသည်။
♦ ကမ္ဘာတစ်ဝှမ်းတွင် ရောဂါကူးစက်ခံရသူစုစုပေါင်း သန်းနှင့်ချီ၍ ရှိနေပြီဖြစ်ပြီး အသက်ဆုံးရှုံးရမှုများလည်း ရာနှင့်ချီ၍ရှိနေပြီဖြစ်ပါသည်။
♦ ယခင် Delta မျိုးကွဲနှင့်နှိုင်းယှဉ်ပါက COVID-19 ကာကွယ်ဆေး ထိုးနှံထားသူများ၌ ရောဂါပြင်းထန်မှုလျော့နည်းသည်ဟု ယူဆရသော်လည်း သာမန်အပျော့စားရောဂါမျိုးကွဲ (Mild) ဟု မသတ်မှတ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က (၆.၁.၂၀၂၂) ရက်တွင် ထုတ်ပြန်ထားပါသည်။
♦ ကူးစက်မှုနှုန်း အလွန်မြင့်မားသောကြောင့် ဆေးရုံတက်ရောက်ရသူဦးရေမှာ အဆမတန် များပြားလာနိုင်ခြေရှိသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြင်းထန်စွာ ထိခိုက်မည်ဖြစ်ပါသည်။
♦ မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုး လွှမ်းခြုံမှုနည်းပါးနေသေးသည့်အတွက် ရောဂါကူးစက်မှု အန္တရာယ် ဆက်လက်မြင့်မားနေမည်ဖြစ်ပါသည်။
♦ ကမ္ဘာ့နေရာအနှံ့အပြားတွင် COVID-19 မျိုးရိုးဗီဇသစ် အိုမိုင်ခရွန် (Omicron) ကူးစက် ဖြစ်ပွားမှုများ လွန်စွာမြန်ဆန်များပြားနေသည့်အလျောက် မြန်မာနိုင်ငံတွင်လည်း များမကြာမီအချိန်အတွင်း COVID-19 လှိုင်းအသစ်တစ်ခုသဖွယ် ကူးစက်ဖြစ်ပွားလာနိုင်ခြေရှိပါသည်။
ပြည်သူလူထုအနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမည့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့်-

> Mask တပ်ခြင်း၊

> လက်ဆေးခြင်း၊

> လူစုလူဝေးရှောင်ရှားခြင်း၊

> လေဝင်လေထွက်မကောင်းသောအခန်းများကို ရှောင်ရှားခြင်း

> ၆ ပေအကွာတွင် ခပ်ခွာခွာနေခြင်း

> ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ခြင်း

> လူနာနှင့် လူအများ မကြာခဏထိတွေ့ကိုင်တွယ်လေ့ရှိသော အရာဝတ္ထု မျက်နှာပြင်များနှင့် နေရာများကို ပိုးသတ်သန့်စင်ခြင်း အစရှိသည်တို့ကို လိုက်နာဆောင်ရွက်ကြရန် အထူးအရေးကြီးပါသည်ဟူ၍ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ နှိုးဆော်ချက်ထုတ်ပြန်ထားပါတယ်။

========================

📌📌တမူး ရဲဘက်အကျဉ်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းပီး စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံးတဲ့သတင်းကိုတင်ပြပါ့မယ်

စစ်ကိုင်းတိုင်း တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း-၁ တပ်ဖွဲ့ဝင်များဟာ အုတ်ဖိုကန်ဘောင် ရဲဘက်အကျဉ်းစခန်းကို ဇန်နဝါရီလ ၁၀ ရက်နေ့ မနက် ၅ နာရီမှာဝင်ရောက်စီးနင်းကြပါတယ်။ လက်နက်ချခိုင်းပေမယ့်အကြမ်းဖက်အာဏာသိမ်းလက်အောက်ခံ အကျဉ်းစခန်းတပ်ဖွဲ့ဝင်တွေက လက်မခံတာကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ထောင်ပိုင် လင်မယား ၂ ယောက်အပါအဝင် အကျဉ်းဦးစီးလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ၁၁ ယောက် သေဆုံးသွားခဲ့တယ်လို့ တမူးမြို့ တပ်ရင်း-၁ က ဒီနေ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တဲ့ ထိုစစ်ကောင်စီအကျဉ်းစခန်းဟာ တမူးမြို့နယ် ဝက်ရှုကျေးရွာ အရှေ့ဘက် ၂ မိုင်လောက်မှာရှိတဲ့ အုတ်ဖိုကန်ဘောင်အကျဉ်းစခန်းဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်မှာ လက်နက်ကိုင်မဟုတ်သော မသက်ဆိုင်သော အခြားသောဝန်ထမ်းမိသားစုများ ထိခိုက်သေကျေမှုမဖြစ်ရန် လက်နက်ချဖို့သတိပေးခဲ့ပေမယ့် မင်းအောင်လှိုင်လက်အောက်ခံ ထောင်မှူးက တပ်ဖွဲ့ဝင်တွေကို လက်နက်မချဖို့ ပြန်လည်တိုက်ခိုက်ဖို့ အော်ဟစ် အမိန့်ပေးခဲ့ရာမှ အခုလို တိုက်ပွဲပြင်းထန်ခဲ့ရတာလည်း ဖြစ်ပါတယ်။
“ဒီလို ဆိုးဆိုးဝါးဝါး အခြေအနေထိလုပ်ဖို့ အစီအစဉ်မရှိဘူး၊ သူတို့ကိုထိန်းချုပ်မယ်၊ လက်နက်တွေသိမ်းမယ်ပေါ့၊ ဒီလောက်ပဲစဉ်းစားထားတာ၊ အခုကရှုပ်ထွေးမှုတွေဖြစ်ပြီး ထိခိုက်မှုတွေဖြစ်ခဲ့တာပေါ့” ဟုလည်း PDF ဘက်ကပြောပါတယ် ထိုတိုက်ပွဲမှာ တမူး တပ်ရင်း-၁ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အခုလို တပ်ဖွဲ့ဝင်တွေ အသက်ပေးလိုက်ရခြင်းဟာ ဝန်ထမ်းမိသားစုတွေအပေါ် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ညှာတာ ထောက်ထားခဲ့မိလို့ ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် နောက်ထပ် ဒီလို ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားခဲ့ရင် စစ်ကောင်စီ လက်အောက်ခံ မည်သည့်အဖွဲ့အစည်းကိုမဆို မည်သည့်ဝန်ထမ်းနဲ့ သူတို့ရဲ့ မိသားစုဝင် ဘယ်သူ တဦးတယောက်ကိုမှ ညှာတာထောက်ထား ဆောင်ရွက်မှာမဟုတ်ဘဲ ပြတ်ပြတ်သားသား ရှင်းလင်း ဆောင်ရွက်မှာဖြစ်ကြောင်း တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း-၁ က
အသိပေးထုတ်ပြန်ကြေငြာထားပါတယ်။
“ကျနော်တို့က ဝင်စီးပြီး အကုန်လုံးအသာစီရပြီးသား၊ သူတို့မှောက်တဲ့သူလဲမှောက်နေကြပြီ၊ ထောင်ပိုင်က ‘သူကျရင် ကျပါစေ၊ မင်းတို့ လက်နက်ချလို့မရဘူး’ ဆိုပြီး အမိန့်ပေးပြီး မီးကိုဖြတ်ချလိုက်တော့ ရှုပ်ထွေးကုန်တာ၊ ကျနော်တို့ဘက်က တယောက်က သူတို့ကင်းပေါ်မှာရှိတဲ့ စက်သေနတ်နဲ့ အကုန်လုံးဆွဲပစ်လိုက်တာ၊ အဲဒီမှာ သူတို့လည်းထိ ကိုယ်လူလည်းထိဖြစ်ကုန်တာ” လို့ PDF-တမူး တပ်ရင်း-၁ က ဗိုလ်ဘမှန်က ပြောပါတယ်။ လက်နက်ချရန်ငြင်းဆိုခဲ့တဲ့ ထောင်ပိုင်အရာရှိက PDF တပ်ဖွဲ့ရဲ့ညှိနှိုင်းမှုကို လက်မခံတဲ့အပြင် စတင် ပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ပြင်းထန်ခဲ့တယ်လို့ဆိုပါတယ် တိုက်ပွဲမှာ ထောင်ပိုင်လင်မယားနှစ်ဦးလုံး သေဆုံးသွားပီး အခြားသောစစ်ကောင်စီနောက်လိုက်များ ၉ ဦးမှာလည်း သေဆုံးသွားပါတယ်။
မိမိတို့ တမူး PDF ဘက်မှ ကျဆုံးရဲဘော်(၂)ဦးရှိခဲ့ရာ (၁)ဦး၏ ရုပ်အလောင်းအား ပြန်လည်ကောက်ယူရန် ကြိုးစားခဲ့ပေမယ့် တိုက်ပွဲအခြေအနေအရ လက်နက်များနှင့်အတူ မလွှဲမရှောင်သာ ချန်ထားခဲ့ရတယ်လို့ PDF(တမူး)ကထုတ်ပြန်ထားတာကိုလည်း သိရှိရပါတယ် စီးနင်းတိုက်ခိုက်ခံရသည့် အုတ်ဖိုကန်ဘောင် ရဲဘက်အကျဉ်းစခန်းကို ၁၉၉၁ ခုနှစ်ခန့်တွင် စတင်တည်ထောင်ခဲ့ကာ ကဘော်ချိုင့်ဝှမ်းဒေသအတွင်း ပထမဦးဆုံးတည်ထောင်ခဲ့သည့်
ရဲဘက်စခန်းတခု ဖြစ် ကြောင်းလည်း သိရသည်။ အဆိုပါရဲဘက်စခန်းထဲတွင် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ နိုင်ငံရေး အကျဉ်းသား အချို့အား ချုပ်နှောင်ထားကြောင်းလည်း သိရှိရပါတယ်။

========================

📌📌ကလေးမြို့တောင်ဘက် သာစည်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ ပစ်ခတ်ဝင်ရောက်မီးရှို့နေပီး ပြည်သူ ၂ ဦး ကျည်ထိ၊ ၆ ဦး ထက်မနည်း ဖမ်းဆီးရိုက်နှက်ခံနေရတဲ့သတင်းကိုတင်ပြပါ့မယ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်ရှိ သာစည်ကျေးရွာအတွင်းသို့ ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက်အစောပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာပြီး အကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ပြည်သူ ၂ ဦး ကျည်ထိမှန်ထားကာ ၆ ဦးထက်မနည်း ဖမ်းဆီးခံရပြီး နေအိမ်များလည်း မီးရှို့ခံနေရကြောင်း သတင်းရရှိသည်။
"ကလေး GTC ကျောင်းဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အား ၅၀ ကနေ ၈၀ ကြား ရှိမယ်၊ တောလမ်းအတိုင်း လယ်ကွင်းတွေထဲက လာပြီး အခု သာစည်ရွာထဲ သေနတ်ပစ်ခတ်ပြီး ဝင်လာတာ။ လူကြီး ၁ ယောက်၊ ကလေး ၁ ယောက် ကျည်ထိထားတယ်၊ ၆ ယောက်ကျော် အဖမ်းခံထားရတယ်၊ မိန်းကလေးတွေလည်း ပါတယ်" ဟု ဒေသခံ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် သာစည်ကျေးရွာထဲ အကြောင်းမဲ့ဝင်ရောက်လာပြီး ပြည်သူများကို ပစ်ခတ်ဖမ်းဆီးကာ နေအိမ် အနည်းဆုံး ၂ လုံးကို မီးရှို့ထားကြောင်းလည်း သိရှိရသည်။
"တိုက်ပွဲလည်း မဖြစ်ဘူး၊ ဒီအတိုင်းဝင်လာတာ။ ရွာသားတွေ အကုန် ထွက်ပြေးနေရပြီ၊ ဖမ်းဆီးထားတဲ့သူတွေကိုလည်း ရိုက်နှက်နေတာ၊ ဖမ်းခံရတဲ့အထဲမိန်းကလေးတွေလည်း ပါတယ်" ဟု အခြားဒေသခံ ၁ ဦးက ပြောသည်။
အဆိုပါ သာစည်ကျေးရွာသည် ကလေးမြို့တောင်ဘက် ၁ မိုင်ဝန်းကျင်ခန့်အကွာတွင်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့သည် သာစည်ကျေးရွာ၊ ပေါက်တိုက်ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း သတင်းရရှိပါတယ်။







#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment