၂၀၂၂ ဇန်နဝါရီလ ၁၁ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ NUG အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်
📌ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထပ်ချတာဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ထပ်မံတိုက်ခိုက်လိုက်တာလို့ HRW ပြောကြား
📌NUG ၏ ပြည်ထဲရေးဝန်ကြီးဌာန အထောက်အကူ People’s Reporter အဖွဲ့အကြောင်း မိတ်ဆက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ NUG အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်ကို တင်ပြပေးပါ့မယ်။
ဇန်နဝါရီလ ၇ ရက်မှ ၈ ရက်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်၏ခရီးစဉ်နှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၂၊ ဇန်နဝါရီ ၁၀ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်အမှတ် (၁/၂၀၂၂) ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲ့ဒီကြေညာချက် အပြည့်အစုံမှာ -
ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှ ၈ ရက်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အပေါ် ထုတ်ပြန်ကြေညာချက်
ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ်နှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဟွန်ဆန်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံသို့လာရောက်၍ နေပြည်တော်၌ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့မှုအပေါ် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် လွန်စွာ စိတ်ပျက်မိပါသည်။ မြန်မာနိုင်ငံအရေးတွင် ထဲထဲဝင်ဝင် ပါဝင်လာခဲ့သည့် ဝန်ကြီးချုပ် ဟွန်ဆန်အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အရေးတို့နှင့်ပတ်သက်၍ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ကို ထုတ်ပြန်သင့်ပါကြောင်း၊ သို့မဟုတ်လျှင် ဝန်ကြီးချုပ်ဟွန်ဆန်သည်လည်း မင်းအောင်လှိုင်၏ လွှမ်းမိုးချယ်လှယ်မှုကို ခံနေရသူ တစ်ဦးအနေဖြင့်သာ ပြည်သူက သတ်မှတ်လိမ့်မည် ဖြစ်ပါသည်။
ဝန်ကြီးချုပ်ဟွန်ဆန်အနေဖြင့် မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး အရသာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုအား အသိအမှတ်ပြုလာရောက်ခြင်းမဟုတ်ကြောင်း ဖော်ပြ ထားသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအများစု၏ ထောက်ခံမှုမပါဘဲ အာဆီယံဘုံသဘော တူညီချက် (၅) ချက်ကို သွေဖယ်၍ လူမျိုးရေးသတ်ဖြတ်မှုများကို ပြောင်ပြောင်တင်းတင်းချိုးဖောက် နေသည့် အကြမ်းဖက် စစ်အုပ်စုအား လာရောက်တွေ့ဆုံညှိနှိုင်းခဲ့ပြီး အာဆီယံအဖွဲ့ကြီး၏ စည်းလုံးမှု၊ အခွင့်အာဏာကို အဟန့်အတားဖြစ်စေခဲ့ပါသည်။
ထို့အတူ ဝန်ကြီးချုပ်ဟွန်ဆန်အနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စု၏ ခြယ်လှယ်ရန် ပစ်မှတ် တစ်ခု ဖြစ်လာခဲ့သည်။ ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဘုံသဘောတူညီချက် နှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး၏ ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြောကြားချက်တို့အရ ကမ္ဘောဒီယားဝန်ကြီးချုပ် ခရီးစဉ်မှာ ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ပဋိပက္ခများ ဖြစ်ပေါ်မှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေမှုတို့မှာ အကြမ်းဖက်စစ်အုပ်စု၏ ဆောင်ရွက်ချက်များ ကြောင့်ပင် ဖြစ်ပါသည်။
ခရီးစဉ်အတွင်း လူသားချင်းစာနာထောက်မှုအကူအညီပေးရေးနှင့်ပတ်သက်၍ စစ်အုပ်စု၏ COVID-19 ကပ်ရောဂါကို လက်နက်သဖွယ်အသုံးချ၍ ကျန်းမာရေးဝန်ထမ်းများအပေါ် ကျူးလွန်မှုများ၊ ဆေးကုသခွင့်နှင့် ဆေးဝါးရရှိခွင့်များအား ပိတ်ပင်မှုတို့အပေါ် ပြောကြားချက် တစ်စုံတစ်ရာမျှ မတွေ့ရပါ။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စု၏ အပြစ်မဲ့ပြည်သူများအပေါ် လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ “ဖြတ်လေးဖြတ် မဟာဗျူဟာ” ၏ အစိတ်အပိုင်းဖြစ်သည့် ရေနှင့် အစားအသောက်၊ ဆေးဝါးများ ဖြတ်တောက်ထားမှုအပေါ် အသိအမှတ်ပြု ထောက်ခံသကဲ့သို့ ဖြစ်နေပါသည်။
မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူပေါင်း များစွာ အသက် သေဆုံးမှုများနှင့် လူပေါင်းထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်ရမှုများဖြစ်ပေါ်ခဲ့ရပြီး တစ်ချိန်တည်းမှာပင် အကြမ်းဖက်စစ်အုပ်စု၏ တစ်ဖက်သက် အပစ်အခတ်ရပ်စဲရေးထုတ်ပြန်မှုအား ဘုံသဘောတူထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၎င်း၏ သွေးခွဲ တိုက်ခိုက်မှုနည်းဗျူဟာဟောင်းကို အသုံးပြု၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သွေးခွဲလုပ်ဆောင်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးလိုမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေး အစိုးရ စသည့် အဖွဲ့အစည်းများအားလုံး သဘောတူမှသာ အရေးပါနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး၏ သဘောတူညီမှုမရခဲ့လျှင် ဝန်ကြီးချုပ်ဟွန်ဆန်အနေဖြင့် သာမက အာဆီယံအနေဖြင့်ပါ အရေးပါသည်ဟု သတ်မှတ်ခြင်း မခံရနိုင်ပါ။ ဟွန်ဆန်အနေဖြင့် တရားမဝင် စစ်အုပ်စု၏ ကိုယ်စားပြုသဘောသာ ဆောင်နေပါလိမ့်မည်။
ဘုံသဘောတူထုတ်ပြန်ချက်နှင့် ရှင်းလင်းပွဲများတွင် ပြောကြားချက်များသည် မပြည့်စုံပါ။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် မြန်မာပြည်သူပြည်သားများ၏ ဖြစ်ချင်သည့် ဆန္ဒသဘောထားတို့ ဖော်ပြထားခြင်းမရှိသည်ကို တွေ့ရပါသည်။ အသစ်ခန့်အပ်လိုက်သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် သူမ၏ လုပ်ပိုင်ခွင့် နှင့်ပတ်သက်၍ အကြောင်းတစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံအထူးသံတမန် ခန့်အပ်ရေး၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အရ နိုင်ငံခြား ရေးဝန်ကြီး Park Sokhonn နှင့် သက်ဆိုင်သည့် အဖွဲ့များတွေ့ဆုံရေး တို့နှင့်ပတ်သက်၍လည်း ဖော်ပြထားခြင်း မရှိသည်ကိုလည်းတွေ့ရပါသည်။ ဝန်ကြီးချုပ် ဟွန်ဆန်အနေဖြင့် ထုတ်ပြန်ချက် များအပေါ် ကောင်းမွန်စွာဆောင်ရွက်နိုင်ခြင်း မရှိပါက စစ်အုပ်စု၏ လိမ်လည်လှည့်ဖျားခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း မုချဝေဖန်ခံရမည်ဖြစ်ပါသည်။
အာဆီယံအနေဖြင့် ယခုအချိန်တွင် မည်သည့်လမ်းကို ရွေးချယ်ရန်မှာ အရေးကြီးနေပြီဖြစ်ပါသည်။ ဘုံ သဘောတူညီချက် (၅) ချက်သည် မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေကို ရှာဖွေရန် ကတိကဝတ်ကို ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်သည့် အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းမှုသည် မအောင်မြင်သည့်တိုင် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များဖြင့် အပြစ်မဲ့ပြည်သူပေါင်း ၁,၄၄၇ ဦးထက် မနည်းကို သတ်ဖြတ်ခဲ့သည်။ အကြမ်းဖက် စစ်အုပ်စု၏ လှုံ့ဆော်မှုများကြောင့် ပေါ်ပေါက်လာရသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်းများသည် ၎င်းတို့၏ အပြုအမူနှင့် ပေါင်းစပ်ကာ အကြမ်းဖက်အဖွဲ့အစည်း တစ်ရပ်အဖြစ် ဒေသတွင်း လုံခြုံရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ၎င်းတို့၏ ပြည်သူများ၏ အကျိုးစီးပွားတို့အပေါ် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာလျက်ရှိသည်။
၂၀၂၁ ခုနှစ် ထိပ်သီးအစည်းအဝေးများမှ အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စားလှယ်များကို ဖယ်ထုတ်ရန် အာဆီယံ၏ ဆုံးဖြတ်ချက်သည် အကြမ်းဖက်စစ်အုပ်စု၏ အာဆီယံနှင့် ဘုံသဘောတူညီချက် (၅) ချက်တို့အား မထီမဲ့မြင်ပြုနေခြင်းအပေါ် ရှင်းလင်းပြတ်သားသည့် တုံ့ပြန်ချက်တစ်ရပ်လည်း ဖြစ်ပါသည်။ ထို့ပြင် အာဆီယံအနေဖြင့် ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ Seam Reap မြို့တွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်အဖြစ် တက်ရောက်နိုင်ရန်အတွက် ဖိတ်ကြားနိုင်ရေးကိုလည်း အကောင် အထည်ဖော်ရမည်ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း ဘုံသဘောတူညီချက် (၅) ချက်နှင့်အညီ ဒီမိုကရေစီစနစ်ပြန်လည်ထူထောင်ရန်၊ အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို အဆုံးသတ်ရန်နှင့် မြန်မာနိုင်ငံတွင် အကူအညီလိုအပ်နေသူအားလုံးကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီး ပံ့ပိုးပေးနိုင်ရန်တို့အား အာဆီယံနှင့်အတူ ဆက်လက်ပူးပေါင်းလုပ်ဆောင် သွားမည်ဟု ကတိပြုပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အသစ်နှင့်လည်း ထိတွေ့ဆက်ဆံရန် အသင့်ရှိနေပါသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနှင့် အထွေထွေအတွင်းရေးမှူးချုပ်စသည်တို့က အသိအမှတ်ပြုထားသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် NUG ခေါင်းဆောင်များနှင့် လူချင်းတွေ့ဆုံမှုများအား အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်ဟု ဖော်ပြပါရှိပါတယ်။
========================
📌📌ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထပ်ချတာဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ထပ်မံတိုက်ခိုက်လိုက်တာလို့ HRW ပြောကြားလိုက်တဲ့သတင်းကို ဆက်လက်တင်ပြပေးပါ့မယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေ ထပ်ချလိုက်တာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို စစ်တပ်က ထပ်မံထိပါးတိုက်ခိုက်လိုက်တာလို့ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ရဲ့ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က ပြောကြားလိုက်ပါတယ်။
ထောင်ဒဏ်၂ နှစ် ပြစ်ဒဏ်ချပြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က ဇန်နဝါရီ ၁၀ ရက်နေ့မှာ နေပြည်တော်အထူးတရားရုံးက နောက်ထပ် ထောင်ဒဏ် ၄ နှစ် ချလိုက်တဲ့အပေါ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုတွေရှိခဲ့သလို သူကလည်း အခုလို ပြောကြားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို အကန့်အသတ်မရှိ ထိန်းသိမ်းထားဖို့ အာဏာသိမ်းစစ်အုပ်စုက လိုလားနေတယ်လို့ ထင်ကြောင်းလည်း သူက ဆက်ပြောပါတယ်။
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်စီရင်ချက် ချမှတ်ခဲ့တာဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ နိုဘဲလ်ဆုကော်မတီ အကြီးအကဲ Berit Reiss-Andersen က AFP နဲ့ Reuters တို့ရဲ့ မေးမြန်းမှုတွေကို အီးမေလ်နဲ့ ပြန်လည် ဖြေကြားခဲ့ကြောင်း VOA က ဖော်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က "မြန်မာ စစ်အာဏာရှင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်တွေ ချမှတ်နေတာဟာ တရားစီရင်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို စော်ကားမှု ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသော ရွေးကောက်ခံ ခေါင်းဆောင်တွေ အပါအဝင် မတရား ဖမ်းထားသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်" လို့ ဇန်နဝါရီ ၁၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ထပ်ချတာနဲ့ပတ်သက်ပြီး ဒီလုပ်ရပ်ဟာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ကြောင်း ကုလသမဂ္ဂကလည်း ဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဇန်နဝါရီ ၁၀ ရက်နေ့၊ နယူးယောက်မြို့၊ ကုလရုံးချုပ်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မတရားဖမ်းဆီးထားသူအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုကြောင်း ပြောခဲ့ပါတယ်။
စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အခုချိန်အထိ အမှု ၁၃ မှုနဲ့ တရားစွဲထားပြီး အမှု ၅ ခုအတွက် ထောင်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
========================
📌📌NUG ၏ ပြည်ထဲရေးဝန်ကြီးဌာန အထောက်အကူ People’s Reporter အဖွဲ့အကြောင်း မိတ်ဆက်တင်ပြပေးချင်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာနအသီးသီးမှာ စေတနာ့ဝန်ထမ်းတွေ CDM ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အလုပ်အဖွဲ့တွေ အများအပြားရှိတဲ့အထဲက ပြည်သူတွေထံက သတင်းအချက်အလက်စုဆောင်း စိစစ်ပြီး ဆိုင်ရာဝန်ကြီးဌာနတွေကို သတင်းပို့ အစီရင်ခံနေတဲ့ သတင်းအဖွဲ့တွေလည်း ရှိပါတယ်။ အခု တင်ပြချင်တာက NUG ၏ MoHAI - ပြည်ထဲရေးနဲ့ လူဝင်မှုကြည့်ကြပ်ရေးဝန်ကြီးဌာန၏ မူဝါဒ လမ်းညွှန်ချက်များကို လိုက်နာဖွဲ့စည်းထားတဲ့ People Reporter facebook page တခု ဖြစ်ပါတယ်။ သတင်းတွေကို ဖေ့စ်ဘွတ်မှာ အများသူငှာတွေလို တင်တာထက် မြန်မာပြည်တွင်းက ပြည်သူတွေက တိုက်ရိုက်ပေးပို့တဲ့ စစ်ကောင်စီ လက်နက်ကိုင်တွေ၊ သတင်းပေးတွေရဲ့ လှုပ်ရှားမှုတွေ၊ အခြေအနေတွေကို စုဆောင်းသိမ်းဆည်း အစီရင်ခံတဲ့ အလုပ်ကို လုပ်တာလို့ ဆိုပါတယ်။ အဓိကကတော့ ဖေ့စ်ဘွတ် မတ်ဆင်ဂျာနဲ့ ချက်ဘောက်စ်ကနေ သတင်းအချက်အလက်တွေ စုစည်းသိမ်းဆည်းမှတ်တမ်း တင်ထားတာ ဖြစ်ပါတယ်။ MoHAI မှာ CDM ဌာနဆိုင်ရာအဖွဲ့အစည်းများအဖြစ် ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ထွေအုပ်အဖွဲ့၊ စတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဒေသခံ ဖွဲ့စည်းမှုတွေ တိုးချဲ့လုပ်နေကြသလို ဖော်ပြပါ သတင်းစုဆောင်း အစီရင်ခံတဲ့ အဖွဲ့တွေလည်း လည်ပတ်နေတာကိုလည်း တွေ့ရှိရပါတယ်။ ပြည်သူများအနေနဲ့ People’s Reporter အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို လေ့လာချင်တယ် ဒါမှမဟုတ် သတင်းတွေ ပေးပို့ချင်တယ်ဆိုရင်တော့ https://www.facebook.com/peoplesreportermyanmar/ ကို ဝင်ရောက်လေ့လာနိုင်ပါကြောင်း မိတ်ဆက်တင်ပြလိုက်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment