၂၀၂၂ ဇန်နဝါရီလ ၁၂ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဇန်နဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သော ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ (၅၉)နှစ်မြောက် တော်လှန်ရေးနေ့သို့ သဝဏ်လွှာတစောင်ပေးပို့
📌ခုခံတွန်းလှန်စစ်တိုက်ပွဲများ ပြင်းထန်နေတဲ့လွိုင်ကော်ကို စစ်ကောင်စီက လေကြောင်းအားကိုး ပစ်ခတ်မှုတွေ ရက်ဆက်ကျူးလွန်နေဆဲ
📌စစ်ကောင်စီခိုင်းသမျှ လုပ်နေဦးမယ်ဆိုလျှင် BGF ကရင်တပ်ဖွဲ့ကို ကရင်အချင်းချင်းဖြစ်ပေမယ့် ပြတ်ပြတ်သားသားတိုက်ခိုက်တော့မယ်လို့ KNU-KNLA တပ်မဟာ ၅ က ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဇန်နဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သော ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ (၅၉)နှစ်မြောက် တော်လှန်ရေးနေ့သို့ သဝဏ်လွှာတစောင်ပေးပို့ခဲ့ပါတယ်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ (၅၉)နှစ်မြောက် တော်လှန်ရေးနေ့သို့ ပေးပို့သော သဝဏ်လွှာတွင် ရေးသားပါရှိတာကတော့
၁။ ယနေ့ကျရောက်သော ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ (၅၉)နှစ်မြောက် တော်လှန်ရေးနေ့သို့ သဝဏ်လွှာပါးခွင့်ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်ပါသည်။
၂။ ဒီမိုကရေစီနှင့်ဖက်ဒရယ်အခွင့်အရေးများကို ငြင်းပယ်လျက် ပြည်ထောင်စုနှင့်တိုင်းရင်းသားပြည်သူများအား နှစ်ပေါင်းများစွာဘေးဒုက္ခဖြစ်စေခဲ့သော စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းပပျောက်စေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရသည် ညီနောင်တော်လှန်ရေးအင်အားစုများနှင့်လက်တွဲကာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို ဆင်နွှဲလျက်ရှိပါသည်။
၃။ တအာင်း(ပလောင်) ညီအကိုမောင်နှမများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံး အမျိုးသားညီညွတ်မှုတည်ဆောက်လျက် လက်တွဲညီညီ တိုက်ပွဲဝင်ခြင်းအားဖြင့် စစ်အာဏာရှင်စနစ်ကို ရှင်းလင်းဖယ်ရှားကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ပြည်သူ့အောင်ပွဲနေ့သစ်ဆီကို အမြန်ဆုံးရောက်ရှိမည်ဟု ယုံကြည်ပါကြောင်း ဖော်ပြအပ်ပါသည်ဟူ၍ TNLA)၏ (၅၉)နှစ်မြောက် တော်လှန်ရေးနေ့သဝဏ်လွှာမှာ ရေးသားထားပါတယ်။
========================
📌📌ခုခံတွန်းလှန်စစ်တိုက်ပွဲများ ပြင်းထန်နေတဲ့လွိုင်ကော်ကို စစ်ကောင်စီက လေကြောင်းအားကိုး ပစ်ခတ်မှုတွေ ရက်ဆက်ကျူးလွန်နေဆဲဖြစ်ပါတယ်
လွိုင်ကော်မြို့ ဒေသတဝိုက်မှာ တိုင်းရင်းသားလက်နက်ကိုင် KNDF နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များရဲ့ ခုခံတွန်းလှန်စစ်ကြောင့် အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဇန်နဝါရီလ ၁၂ ရက်နေ့မှာလည်း လေကြောင်းပစ်ခတ်မှုတွေကို ရက်ဆက်လိုလို ထပ်မံတိုက်ခိုက်နေဆဲဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့မှာလည်း ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးကာ သုံးဦး အရှင်ဖမ်းမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (ဒီးမော့ဆို) က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒေါဥခူရပ်ကွက်နှင့် မိုင်းလုံးရပ်ကွက်တို့ကို ပစ်မှတ်ထားပီး လေကြောင်းပစ်ခတ်မှုတွေကို စစ်ကောင်စီက ပြုလုပ်နေပေမယ့် အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုင်းရင်းသားပူးပေါင်းတပ်တွေကတော့ ကြံ့ကြံ့ခံတွန်းလှန်ရင်ဆိုင်နေကြဆဲပါပဲ ။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်နေပြည်သူတွေဟာ နီးစပ်ရာမြို့ရွာများဆီကို အရေးပေါ် ပြောင်းရွှေ့မှုတွေ အလျဉ်စလိုပြုလုပ်နေရတဲ့ကြားမှာပဲ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ လေးနာရီ လေးဆယ့်တစ်မိနစ် အချိန်မှာလည်း လေကြောင်း ဗုံးကြဲမှုတွေကို စစ်ကောင်စီဘက်က ထပ်မံပြုလုပ်ခဲ့တာပါ။ ညနေ နှစ်နာရီ နှင့် သုံးနာရီဝန်းကျင်ကစပြီး လွိုင်ကော်မြို့ဝေဟင်ယံမှာ ရဟတ်ယာဉ်နှစ်စီးနဲ့ တစ်မြို့လုံးကို ပျံဝဲနေခဲ့ပြီး ၄နာရီ ၄၀မိနစ်မှာတော့ တစ်ကြိမ် ဗုံးကျဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ " မနက် ၆ နာရီလောက်ကတည်းကစပီးတော့ မိုင်းလုံးတကြောကိုစပီးပစ်ခတ်တာတွေရှိတာပေါ့ မိုင်းလုံးရွာတန်းရှည်ဘက်တွေကိုပစ်ခတ်ပီးတော့ ဒီမော့ဆိုး ဘက်မှာလည်း ပစ်ခတ်မှုရှိတယ် တနေကုန်နီးနီးပါပဲ တောက်လျှောက်ကိုပစ်နေတော့တာပဲ လက်နက်ကြီးပစ်လိုက် လက်နက်ငယ်ပစ်လိုက်ပေါ့ ညနေ နှစ်နာရီဝန်းကျင်မှာလည်း ရဟတ်ယာဉ်နဲ့လာလိုက် လေယာဉ်လာလိုက် ဝဲနေပီတော့ လိုကေးရှင်းကြည့်တဲ့ပုံစံမျိုးတွေနဲ့ ပေါ့ ပြီးလည်းပီးရော ညနေလေးနာရီလေက်မှာ စပီးတော့ လက်နက်ကြီးပစ်ပါလေရော လွိုင်ကော်မြို့ ရွာတန်းရှည်ဘက် ဒီမော့ဆိုးဘက် ခြောက်မိုက်ဘက်ခြမ်းကို ဦးတည်ပီး ဗုံးတွေကြဲပါလေရော ။ တဖက်သတ်ပဲ ပစ်ခတ်နေတဲ့ပုံစံမျိုးပဲ ကြားနေရပါတယ်လို့" မြေပြင်တိုက်ပွဲနဲ့ နီးစပ်သူတဦးက Radio NUG ကိုအတည်ပြု ပြောဆိုပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်မြို့ ရပ်ကွက်နှစ်ခုအတွင်း လျှစ်စစ်မီးဖြတ်တောက်မှုတွေကိုလည်း ကြုံနေရပီး အချို့ရပ်ကွက်များမှာ မီးမရတာ ငါးရက်ခန့်ရှိပီလို့ ဒေသခံတွေကပြောပါတယ်။
ဇန်နဝါရီ ၇ရက်နှင့် ၈ရက်နေ့များမှစလို့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးများဖြင့် မြို့ပေါ်ကို ရမ်းသမ်း ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ကြောင့် မြို့ခံ လူထု ခြောက်ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့ရပါပီ။ လေကြောင်းအားကိုးတိုက်ခိုက်နေရတဲ့ကြား စစ်ကောင်စီတပ်ဟာ အထိနာနေမှုကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေပီး ဒေသခံပြည်သူ အမြောက်အမြားလည်း ဘေးကင်းရာ မြို့ရွာတွေဆီ စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
========================
📌📌စစ်ကောင်စီခိုင်းသမျှ လုပ်နေဦးမယ်ဆိုလျှင် BGF ကရင်တပ်ဖွဲ့ကို ကရင်အချင်းချင်းဖြစ်ပေမယ့် ပြတ်ပြတ်သားသားတိုက်ခိုက်တော့မယ်လို့ KNU-KNLA တပ်မဟာ ၅ က ထုတ်ပြန်ထားတဲ့သတင်းကို တင်ပြပေးချင်ပါတယ်
ကရင်နယ်ခြားစောင့် BGF နဲ့စပ်လျဉ်း၍ ထုတ်ပြန်ချက်လို့ ဖော်ပြထားတဲ့ ကြေငြာချက်တရပ်ကို KNU ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က ဇန်နဝါရီလ ၁၂ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တာကို တွေ့ရှိရပါတယ်။
ထိုထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားတာတွေကတော့
တိုင်းပြည်အာဏာကို အတင်းအဓမ္မသိမ်းယူထားသည့် မြန်မာစစ်တပ် စစ်ကောင်စီအဖွဲ့သည် KNLA အမှတ် ၅ တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်းတွင် စစ်အုပ်ချုပ်ရေးအောင်မြင်ရန်ကြိုးပမ်းလျက်ရှိသည်။ KNLA တပ်မဟာ ၅ ကလည်း မိမိတို့နယ်မြေဒေသတွင်း အာဏာသိမ်းစစ်တပ်ရဲ့ စစ်အုပ်ချုပ်ရေး မချမှတ်နိုင်စေရန် ခုခံကာကွယ်တွန်းလှန်နေမှုကြောင့် ယခုထက်တိုင် အာဏာသိမ်းစစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးမချမှတ်နိုင်ဘဲ ဖြစ်နေပါသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်အုပ်ချုပ်ရေးချမှတ်နိုင်ရန် လိုအပ်သည့်လက်နက်ခဲယမ်းစားနပ်ရိက္ခာများ ဒေသတွင်း ၎င်းတို့တပ်စခန်းအသီးသီးသို့ ရောက်ရှိရန်လိုအပ်ပါသည်။ထိုသို့လက်န်က်ခဲယမ်းနှင့်စားနပ်ရိက္ခာများ ပြည့်စုံစွာရောက်ရှိရန် ကြိုးပမ်းလျက်ရှိသော်လည်း တပ်မဟာ ၅ ၏ဟန့်တားတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ၏တပ်စခန်းအသီးသီးသို့ယခုထက်တိုင်မရောက်ရှိနိုင်ဘဲ ဖြစ်နေပါသည်။ စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်အင်အားမလုံလောက်မှုများကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ရဲ့လက်အောက်ခံဖြစ်တဲ့ BGF တပ်ကိုအကူအညီခေါ်၍ လမ်းလုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေးများကိုတာဝန်ယူစေခဲ့ပါသည်။ ကရင် BGF တပ်ဖွဲ့များကလည်း မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီလက်အောက်ခံပီပီ ခိုင်းစေတဲ့အတိုင်း စစ်ကောင်စီနှင့်ပူးပေါင်းပီး လမ်းလုံခြုံရေးနှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။
ဤကဲ့သို့ စစ်ကောင်စီအမိန့်နာခံ၍ တာဝန်ယူပေးနေသည့် ကရင် BGF တပ်များသည် ကရင်လူမျိုးများဖြစ်သော်လည်း ဒေသတွင်းရှိ ကရင်လူမျိုးများအပေါ် ငဲ့ညှာစောင့်ရှောက်ခြင်းမရှိပဲ စစ်ကောင်စီတပ်ဖွဲ့များနည်းတူ အမျိုးမျိုးခြိမ်းခြောက် နှိပ်စက်လေ့ရှိတဲ့အပြင် အနီးအနား ကရင်ကျေးရွာများသို့လည်း လက်နက်ကြီးများကို နေ့စဉ်နှင့်အမျှ ပစ်ချလျက်ရှိနေသည်။2022 ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ ညနေခြောက်နာရီခွဲအချိန်တွင် မထောကျေးနပ်ရှိကျောင်းရွာသို့ ကရင် BGF ကလက်နက်ကြီးပစ်ခဲ့ရာ ရွာသားဖြစ်သူ စောထွန်းတင် အသက်(၄၅)နှစ်သည် လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသည်။ ထိုကဲ့သို့ ကရင် BGF တပ်များ၏ စစ်ကောင်စီအား ပံ့ပိုးကူညီနေမှုအပေါ် KNLA အမှတ် ၅ တပ်မဟာ အနေဖြင့် အောက်ပါအတိုင်းထုတ်ပြန်အသိပေးပါသည်။
(၁) ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ကရင်နယ်ခြားစောင့် BGF တပ်များသည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့်လုံးဝပူးပေါင်းလှုပ်ရှားခြင်းမပြုရန်
(၂) လမ်းလုံခြုံရေးနှင့် လက်နက်ခဲယမ်းစားနပ်ရိက္ခာသယ်ယူနေသည့် စစ်ကောင်စီတပ်များအား ပံ့ပိုးကူညီမှုမပြုရန်
(၃) ကရင် BGF တပ်များသည် ကရင်ပြည်သူနှင့် တိုင်းရင်းသားအားလုံးအကျိုးကိုရှေးရှု၍ စစ်ကောင်စီကိုကူညီခြင်းမပြုဘဲ မိမိတို့ရဲ့ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တပ်စခန်းများတွင်သာ အေးချမ်းစွာသွားလာလှုပ်ရှားနေထိုင်ပါရန်
(၄) တိုင်းပြည်နှင့်လူမျိုးအားလုံးတို့ရဲ့ အကျိုးကိုလျစ်လျူရှု၍ အာဏာရှင်စစ်ကောင်စီရဲ့အကျိုးကိုသာ ရှေးရှု၍ မတရားမှုကို ဆက်လက်ကူညီပံ့ပိုးနေဦးမည်ဆိုလျှင် KNLA တပ်မဟာ ၅ တာဝန်ရှိသူများအနေဖြင့် ကရင်လူမျိုးအချင်းချင်းမတိုက်ခိုက်ချင်သော်လည်း ကရင် BGF တပ်များကို အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် စာရင်းတခုတည်းထား၍မိမိတို့ တပ်မဟာ ၅ နယ်မြေအတွင်း မည်သည့်နေရာတွင်မဆို တိုက်ခိုက်ရတော့မည်ဖြစ်သည်။
(၅) ကျေးရွာသူကျေးရွာသားများအနေဖြင့်လည်း စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့် BGF တပ်များနှင့် ရောနှောနေထိုင်သွားလာခြင်း လုံးဝမပြုရန်
(၆) ကျေးရွာသူကျေးရွာသားအားလုံးသည်လည်း စစ်ကောင်စီအာဏာသိမ်းတပ်ဖွဲ့များရဲ့ အဆင့်ဆင့်ပေးအပ်သော မည်သည့်အုပ်ချုပ်ရေးတာဝန်ကိုမဆို လုံးဝတာဝန်ထမ်းဆောင်ခြင်းမပြုရန်
(၇) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းနေ ပြည်သူတရပ်လုံးအနေဖြင့် KNU ဗဟိုမှ လမ်းညွန်ချက်အတိုင်း KNU ခရိုင် အဆင့်မှ ရှိနှင့်ပီးသော စည်းကမ်းဥပဒေများနဲ့ စည်းကမ်းများကိုလိုက်နာပီး ကျေးရွာပြည်သူများမှ ရွေးကောက်တင်မြှောက်ထားသည့် ကျေးရွာ မြို့နယ် ခရိုင်အဆင့် ဦးဆောင်မှုကိုသာ လေးစားလိုက်နာပါရန် ထုတ်ပြန်ပါသည်ဟုထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ကို KNU KNLA အမှတ် ၅ တပ်မဟာ ဌာနချုပ် တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်အောက်ခံတပ်ဖွဲ့အဖြစ် တည်ရှိနေပီး နယ်ခြားစောင့်တပ်လို့ အမည်ပေးထားတဲ့ ကရင်လက်နက်ကိုင် BGF တပ်ဖွဲ့ဟာ ယခင်က တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့ DKBA အဖြစ် ရပ်တည်ခဲ့ပြီး ၂၀၁၀ မှစလို့ အာဏာရှင်စစ်တပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ BGF တပ်ဖွဲ့မှ ဦးဆောင်သူအများစုဟာ တချိန်က KNU KNLA မှတပ်မှူးနှင့် တပ်သားများဖြစ်ကြပါတယ် ယခုချိန်မှာတော့ စစ်ကောင်စီခိုင်းသမျှလုပ်နေကြရပီး မိခင်တပ်ဖွဲ့ဖြစ်တဲ့ KNU KNLA နယ်မြေအတွင်း စစ်ကောင်စီရဲ့ ကျူးကျော်မှုများအပေါ် လိုက်ပါကူညီနေကြတဲ့ ကရင့်အမျိုးသားသစ္စာဖောက်များအဖြစ် ကရင်ပြည်သူအများစုက ယူဆမုန်းတီးနေကြတာလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာလည်း ကရင့်လက်နက်ကိုင်များအားလုံး၏ မတူညီမှုများကိုဘေးဖယ်ပီး ကရင့်အလံတော်အောက်မှာ စုစည်းညီညွတ်စွာနဲ့ အာဏာရှင်ကို ပူးပေါင်းတိုက်ခိုက်ကြဖို့ ကရင်လူပြည်သူများနှင့် အဖွဲ့အစည်းတို့ရဲ့ တိုက်တွန်းစည်းရုံးမှုတွေလည်း မြင့်တက်လာနေချိန်ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment