13th JAN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၁၃ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် ဆေးရုံ/ဆေးပေးခန်းများ ဗုံးထိမှန်ပျက်စီးခဲ့ရမှုနှင့်ပတ်သက်၍ NUG ကျန်းမာရေးဝန်ကြီးဌာန ကြေညာချက်ထုတ်ပြန်
📌စစ်ကောင်စီလက်ပါးစေ ဦးဝဏ္ဏမောင်လွင် တက်ရောက်နိုင်ရန် ဟွန်ဆန်ကြိုးစားခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဟာ သဘောမတူမှုတွေကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရ
📌တာချီလိတ်မြို့တွင် ဖမ်းဆီးစစ်ဆေးခံနေရသူ များပြားနေပြီး စစ်ဆေးမှုအတွင်း ထွက်ပြေးပါက ပစ်မိန့်ပေးထား

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် ဆေးရုံ/ဆေးပေးခန်းများ ဗုံးထိမှန်ပျက်စီးခဲ့ရမှုနှင့်ပတ်သက်၍ NUG ကျန်းမာရေးဝန်ကြီးဌာန ကြေညာချက်ထုတ်ပြန်

KNU နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ဆေးရုံ/ဆေးပေးခန်းများ ဗုံးထိမှန်ပျက်စီးခဲ့ရမှုနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်အမှတ် (၁/၂၀၂၂) ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲ့ဒီကြေညာချက် အပြည့်အစုံမှာ -
၁။ (၁၂-၁-၂၀၂၂) ရက်နေ့၊ နံနက် (၁) နာရီအချိန်ခန့်က KNU - ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒွယ်လိုးမြို့နယ်အတွင်းရှိ ဝါးခါဒဲနှင့် လယ်ထူဖိုး ဆေးရုံ/ဆေးပေးခန်းများ ဗုံးထိမှန်ပျက်စီးခဲ့ ကြောင်း သိရှိရပါသည်။
၂။ စစ်အာဏာသိမ်းသည့် (၁-၂-၂၀၂၁) ရက်နေ့မှ (၃၀-၁၁-၂၀၂၁) ရက်နေ့အထိ (၁၀) လတာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစုစုပေါင်း (၃၅၅) ခုကို တိုက်ခိုက်ခြင်း၊ ကျန်းမာရေးလုပ်သား (၂၈၄) ဦးကို ဖမ်းဆီးခြင်း၊ ဆေးရုံ/ဆေးခန်း (၁၁၃) ခုကို ဝင်ရောက်စီးနင်းလုယက်ခြင်းနှင့် ကျန်းမာရေးလုပ်သား (၃၁) ဦးကို သတ်ဖြတ်ခြင်းတို့အား ကျူးလွန်ခဲ့ကြောင်း Insecurity Insight အဖွဲ့၊ Physicians for Human Rights (PHR) အဖွဲ့နှင့် the Johns Hopkins University Center for Public Health and Human Rights (CPHHR) အဖွဲ့တို့က (၂၃-၁၂-၂၀၂၁) ရက်နေ့တွင် ပူးတွဲထုတ်ပြန်ခဲ့ပါသည်။ (https://tinyurl.com/violenceagainsthealthcare)
၃။ အကြမ်းဖက်စစ်ကောင်စီသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးလုပ်သား များအပေါ် အထက်ပါအတိုင်း ကျူးလွန်ရက်စက်နေသည်သာမက ကချင်၊ ကယား/ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ အစရှိသည့် မြန်မာနိုင်ငံဒေသအနှံ့အပြား တွင် အပြစ်မဲ့ပြည်သူများကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြု၍ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် ခြင်း၊ အိုးအိမ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးလုယက်ခြင်း စသော အကြမ်းဖက်လုပ်ရပ်များကို လူစိတ်မဲ့စွာ ဆက်တိုက်ကျူးလွန်လျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် (၁-၂-၂၀၂၁) ရက်နေ့မှ (၃-၁-၂၀၂၂) ရက်နေ့အတွင်း မြန်မာနိုင်ငံဒေသ အသီးသီးရှိ ပြည်သူ (၄) သိန်းနီးပါးခန့်မှာ မိမိတို့၏ နေရပ်အသီးသီးကိုစွန့်ခွာ၍ စစ်ဘေးရှောင် နေရလျက်ရှိပါသည်။ (https://tinyurl.com/unhcridpmyanmar)
၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါအကြမ်းဖက်လုပ်ရပ်များအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီး ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များ အပါအဝင် ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာဥပဒေများကို ပျက်ရယ်ပြု၊ ချိုးဖောက်နေသည့် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအနေဖြင့် အချိန်မီထိရောက်စွာ တားဆီးအရေးယူကြ ပါရန် တောင်းဆိုထုတ်ပြန်အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ ဟူ၍ ဖော်ပြပါရှိပါတယ်။

========================

📌📌စစ်ကောင်စီလက်ပါးစေ ဦးဝဏ္ဏမောင်လွင် တက်ရောက်နိုင်ရန် ဟွန်ဆန်ကြိုးစားခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဟာ သဘောမတူမှုတွေကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရ

အာဆီယံဥက္ကဋ္ဌအသစ် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က တာဝန်ယူကျင်းပတဲ့ ပထမဆုံးအကြိမ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ
အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်ခံ ကိုယ်စားလှယ်ဝဏ္ဏမောင်လွင် တက်ရောက်နိုင်ရန် ကြိုးစားနေဆဲမှာပဲ သဘောမတူခြင်းအကြောင်းအမျိုးမျိုးနဲ့အစည်းအဝေးပျက်သွားခဲ့ပါတယ်။ ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ပြုလုပ်ရန် စီစဉ်ထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး က ပြောပြပါတယ်။ အင်အားကြီးတရုတ်နိုင်ငံရဲ့ ရုပ်သေးသဖွယ် ကြိုးကိုင်ခံနေရတယ်လို့ နိုင်ငံရေးနယ်ပယ်မှာ ဝေဖန်ခံနေရတဲ့ ကမ္ဘာဒီးယားဝန်ကြီး ဟွန်ဆန်ဟာ မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံအကြီးအကဲတဦးဖြစ်ပါတယ်။ ထွေထွေထူးထူးသဘောတူညီချက်တွေ ချမှတ်နိုင်ခဲ့ခြင်းမရှိဘဲ အာဆီယံကဖယ်ကျဉ်ခံထားရတဲ့ အာဏာရှင်မင်းအောင်လှိုင်ကို လူရာသွင်းရန်ကြိုးစားတဲ့ခရီးစဉ်အပြီးမှာတော့ ခုလို ကမ္ဘောဒီးယားနိုင်ငံ ရဲ့ အပန်းဖြေမြို့ ဆီယမ်ရိမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဟွန်ဆန်က စီစဉ်ခဲ့တာပါ။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့် မျက်နှာစုံအလွတ်သဘောအစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ် ဝဏ္ဏမောင်လွင်ကို ပွဲထုတ်ဖို့ကြိုးစားခဲ့တာဟာ ခုတော့ မအောင်မြင်နိုင်တော့ပါဘူး။ "ဇန်နဝါရီလ ၂၀ မှာ အထူးပါလီမန်အစည်းအဝေးနှင့် အိုမိုက်ခရွန် ကိုဗစ်ပိုးကြေင့် ကျနော်ကတော့ မတက်ရောက်နိုင်ပါဘူး အာဆီယံအစည်းအဝေး သွားတက်မယ်ဆိုရင် လွှတ်တော်အစည်းအဝေးကို တက်နိုင်မှာမဟုတ်ပါဘူး " လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အခုလိုမျိုး အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို မြန်မာ တက်ရောက်မယ့်ကိစ္စနဲ့ပက်သက်ပီး အမြင်အမျိုးမျိုးဖြစ်ပေါ်ကာ သဘောမတူကွဲပြားမှုတွေကြောင့် နောက်ဆုံးတော့ အစည်းအဝေးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းမှုဖြစ်ပေါ်ခဲ့တာပါ။
စစ်အုပ်စုကိုယ်စားလှယ်များကို အာဆီယံထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခြင်းမပြုရန် ပြီးခဲ့သည့်နှစ်တွင် မလေးရှား၏ ဆုံးဖြတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီး Saifuddin (ဆိုင်ဖုဒင်) ကထပ်လောင်းပြောကြားခဲ့ပီး မင်းအောင်လှိုင်အဖွဲ့ဟာ အာဆီယံထိပ်သီးအစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက်ငါးချက်ကို ဦးစွာ အကောင်အထည်ဖော်ရဦးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကမ္ဘောဒီးယားမတိုင်မီက ဘရူနိုင်းနိုင်ငံက ဥက္ကဋ္ဌတာဝန်ထမ်းဆောင်စဉ်အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံရေးကိုယ်စားပြုခွင့်မှ ဖယ်ကျဉ်ထားခြင်းမှာ အကြမ်းဖက်မှု အဆုံးသတ်ဖို့နှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် ကတိကဝတ်များကို မလိုက်နာခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးပြပီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အစည်းအဝေးကို ရှောင်လွဲနေခြင်းဟာ အကြောင်းပြချက်သာဖြစ်ပီး အာဏာသိမ်းစစ်အုပ်စုရဲ့လက်အောက်ခံကိုယ်စားလှယ် ဝဏ္ဏမောင်လွင်ကို တက်ရောက်ခွင့်ပေးခဲ့ခြင်းကသာ အစည်းအဝေးပျက်ရခြင်းအဓိကအချက်ဖြစ်တယ်လို့ သံတမန်ရေးရာလေ့လာသူတွေကသုံးသပ်နေကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခွိုင်ခွန်၏ ပြောကြားချက်တွင် “အစည်းအဝေး တက် ရောက်ဖို့ အာဆီအဖွဲ့ဝင်နိုင်ငံဝန်ကြီးအတော်များများရဲ့ ခရီးသွားလာရေး အခက်အခဲကြောင့် ခုလိုရက်ရွှေ့ဆိုင်း မှုဖြစ်ရတာပါ” ဟု ပါရှိပီး ဇန်နဝါရီလ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့်အဆိုပါအစည်းအဝေးသို့ မည်သည့်ဝန်ကြီးများက မတက် ရောက်နိုင်ကြတာလဲဟု ရိုက်တာသတင်းဌာနရဲ့အမေးကို မစ္စတာ ခွိုင်ခွန်ကတော့ ဒါကိုတော့ အဖြေမပေးနိုင်ပါဘူးလို့ တုံ့ပြန်သွားပါတယ်။ မေးမြန်းချက်ကို အဆိုပါပုဂ္ဂိုလ် က “ဒီကိစ္စနဲ့ပတ်သက်ပြီး မဖြေပေးနိုင်သေးဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
အာဏာသိမ်းအုပ်စုကို အာဆီယံကဖယ်ကျဉ်ထားမှုအပေါ် ပြောင်းပြန်ဖြစ်စေတဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ဟွန်ဆန်ရဲ့ နေပြည်တော်ခရီးစဉ်ကို မြန်မာပြည်သူပြည်သားတွေဒေါသထွက်ခဲ့ကြပါတယ်။ အခြားသောအာဆီယံနိုင်ငံများကလည်း စစ်အစိုးရအား ဖယ်ကျဉ်ထားရေး လုပ်ဆောင်ထားသည့် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှု ပျက်ပြယ် သွားကြမည်ကို အထူးစိုးရိမ်ခဲ့ကြတာပါ။ ဒါနဲ့ပက်သက်ပီး ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံအ​ပေါ် "ကွဲပြားခြားနားသောချဉ်းကပ်မှုများ" ကိုလုပ်ဆောင်နေတာပါလို့ ကမ်ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ကာကွယ်ပြောဆိုထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီတွေဘက်ကတော့ သူတို့အပေါ် နိုင်ငံရေးအရ ကိုယ်စားပြုခွင့် တက်ရောက်ခွင့်မပေးတဲ့ အာဆီယံရဲ့ဆုံးဖြတ်ချက်အပေါ် ဒေါသူပုန်ထခဲ့ပြီး အာဆီယံအပေါ် ပြင်ပဖိအား သက်ရောက်နေကြောင်း၊ အာဆီယံသည် ၎င်း၏ ဘုံသဘောထားနှင့် နိုင်ငံအသီးသီး၏ ပြည်တွင်းရေးကိစ္စများတွင် ကြားမဝင်ရေးမူကို ဖောက်ဖျက်နေကြောင်း စွပ်စွဲပြောဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်က ဘရူနိုင်း အစိုးရဦးဆောင်သော နှစ်စဥ် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မင်းအောင်လှိုင်ကို ချန်လှပ်ခဲ့သည့်ဖြစ်စဉ်မှာ အာဆီယံရဲ့ မကြုံစဖူး ခြေလှမ်းသစ် တစ်ရပ်ဖြစ်ခဲ့ပီး ခုဆိုရင်လည်း ဇန်နဝါရီလ ၁၈ ရက်မှ ၁၉ ရက်အထိကျင်းပဖို့ရှိတဲ့ ဝဏ္ဏမောင်လွင်တက်ရောက်မယ့် အာဆီယံဝန်ကြီးများအစည်းအဝေးဟာ အောင်မြင်မှုမရှိဘဲ ရက်ရွှေ့ဆိုင်းလိုက်ရပြန်တာ ဖြစ်ပါတယ်။

========================

📌📌တာချီလိတ်မြို့တွင် ဖမ်းဆီးစစ်ဆေးခံနေရသူ များပြားနေပြီး စစ်ဆေးမှုအတွင်း ထွက်ပြေးပါက ပစ်မိန့်ပေးထား

တာချီလိတ်မြို့တွင် (၃) ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့်ကိစ္စနှင့် ပတ်သက်၍ စစ်တပ်နှင့်ရဲတို့က အပြစ်မဲ့လူငယ် အများအပြားကို ဖမ်းဆီးထားပြီး မြို့တွင်း ရပ်ကွက်များအတွင်းထိ ပိုက်စိပ်တိုက် စစ်ဆေးမှုမျိုးကို ဇန်နဝါရီလ (၁၃) ရက်နေ့ နံနက်ပိုင်းက စ၍ စတင်နေပြီး စစ်ဆေးမှုအတွင်း ထွက်ပြေးပါက ပစ်မိန့်ပါ ပေးထားသည်ဟု သိရသည်။
"စစ်ဆေးလို့မှ အစစ်မခံဘဲ ထွက်ပြေးရင် ပစ်ခွင့်ရှိတယ်ဆိုပြီး ပစ်မိန့်ပါ ပေးထားတယ်။ အရင်က ဖောက်ခွဲမှုဖြစ်တာက လက်လုပ်ဗုံးတွေပဲ ဖြစ်တော့ သိပ်မတင်းကြပ်ခဲ့ဘူး။ အခုက လက်ပစ်ဗုံး အစစ်ဖြစ်နေတဲ့အတွက် လန့်နေကြတဲ့ သဘောဖြစ်လို့ တင်းတင်းကြပ်ကြပ် လုပ်ဖို့ လျှို့ဝှက်ညွှန်ကြားထားတာ ရှိတယ်။ အခု ဖမ်းဆီးစစ်ဆေးက အရင်က ဖောက်ခွဲမှုနဲ့ ပတ်သက်သူတွေနဲ့ NLD ပါတီဝင်အချို့ကို အဓိက ဦးတည်နေတယ်။ ခုတော့ တော်တော်များများကို စစ်ကြောရေးလုပ်နေကြတယ်။" ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကာ စုံစမ်းမှုများပြုလုပ်ပြီး ဆိုင်ဆိုင်/ မဆိုင်ဆိုင် သံသယရှိသူဟု ဆိုသူများကို ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။
တာချီလိတ်မြို့တွင် ဇန်နဝါရီလ (၁၂) ရက်နေ့က လူငယ် (၁၀) ဦးကျော်ကို ဖမ်းဆီးကာ စစ်ကြောရေးများ ပြုလုပ်နေပြီး ဇန်နဝါရီလ (၁၃) ရက်နေ့ အကူးပိုင်းအချိန်ကလည်း ရန်အောင်မြေရပ်ကွက်အတွင်း၊ ပါလျှံ (၁) ရှိ အောင်သရဖူ စတိုးကိုလည်း အရပ်ကား (၂) စီး စစ်ကား (၁) စီးဖြင့် စစ်တပ် နှင့် ရဲအင်အား (၂၀) ဝန်းကျင်က လာရောက်ရှာဖွေမှုများ ပြုလုပ်သွားကြောင်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ပါတီဝင်ဟုဆိုသည့် ကိုထွန်းထွန်းဆိုသူကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment