သတင်းခေါင်းစဉ်များ -
📌မုံရွာတွင် စစ်ကောင်စီမှဦးစီးကျင်းပသည့် လမ်းဖွင့်ပွဲအခမ်းအနား ပွဲပျက်ပြီးဆုံး၊ ပေါက်ကွဲသံများနှင့်အတူ စစ်ကောင်စီတပ်သားများ ထွက်ပြေးရ
📌ရန်ကုန်တော်လှန်ရေးအင်အားစုကို လိမ်ညာဝါဒဖြန့်နည်းနဲ့ အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးမှု အရှိန်မြှင့်နေ
📌စစ်အုပ်စုရဲ့ ခလရ ၂၆၈ မှ တပ်သားတစ်ဦး လက်နက်အပြည့်အစုံနဲ့ ပြည်သူ့ထံအလင်းဝင်
📌NUG ကျန်းမာရေးဝန်ကြီးဌာနမှ အရေးပေါ်ကာလအတွင်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်သွားမည်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌မုံရွာတွင် စစ်ကောင်စီမှဦးစီးကျင်းပသည့် လမ်းဖွင့်ပွဲအခမ်းအနား ပွဲပျက်ပြီးဆုံး၊ ပေါက်ကွဲသံများနှင့်အတူ စစ်ကောင်စီတပ်သားများ ထွက်ပြေးရ
စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် စစ်ကောင်စီမှဦးစီးကျင်းပသည့် လမ်းနှစ်လမ်းဖွင့်ပွဲအခမ်းအနား ဒီကနေ့မနက်အစောပိုင်းက ပွဲပျက်ပြီးဆုံးသွားကြောင်း တပ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်ထံမှ သိရသည်။
မုံရွာမြို့ အောင်သပြေလမ်းတွင် ယနေ့ဇန်နဝါရီ ၁၄ ရက်နေ့ မနက် ၈ နာရီဝန်းကျင်ခန့်က စစ်ကောင်စီအထက်အရာရှိပိုင်းများ လမ်းဖွင့်ပွဲ အခမ်းအနားကို တက်ရောက်၍ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် ပေါက်ကွဲသံကြား၍ ပွဲပျက်ပြီးဆုံးကာ စစ်ကောင်စီတပ်သားများ ထွက်ပြေးရတယ်လို့ သိရပါသည်။
"သူတို့က ဒီမနက် ၈ နာရီဝန်းကျင်လောက်မှာ ရောက်လာတယ်။ ပြီးတော့ ၉ နာရီလောက်လည်း ရောက်ရော လူကြီးတွေ မိန့်ခွန်းပြောမယ့်အချိန် ပေါက်ကွဲသံကြားလိုက်လို့ မိန့်ခွန်းတောင်မပြောရပဲ ထွက်ပြေးရတယ်၊ လမ်းနှစ်လမ်းလုံး ပွဲပျက်သွားတယ်၊ ကျနော်တို့တောင် ထွက်ပြေးရတယ်ဗျာ၊ ဘယ်ကမှန်းမသိဘူး ကွဲတာက" ဟု ဆိုသည်။
အောင်သပြေလမ်း နှင့် ပေ ၈၀လမ်း နှစ်လမ်းကို စစ်ကောင်စီမှ တစ်ချိန်တည်း ဖွင့်ပွဲကျင်းပရာ အောင်သပြေလမ်း ပေါက်ကွဲမှုကြောင့် ပေ ၈၀ လမ်း ဖွင့်ပွဲအခမ်းအနားပါ ဖျက်သိမ်းရကြောင်း အဆိုပါသတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။
ပေါက်ကွဲမှုကြောင့် အခမ်းအနားကို လာရောက်ဖွင့်လှစ်ပေးသည့် စစ်ကောင်စီအရာရှိကြီးများနှင့် စစ်ကောင်စီတပ်သားများပါ ထွက်ပြေးရကြောင်း သိရှိရပါတယ်။
========================
📌📌ရန်ကုန်တော်လှန်ရေးအင်အားစုကို လိမ်ညာဝါဒဖြန့်နည်းနဲ့ အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးမှု အရှိန်မြှင့်နေ
ရန်ကုန်မြို့မှာ တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်စစ်အုပ်စုက လိမ်ညာဝါဒဖြန့်ခြင်းနည်းနဲ့ အရှိန်မြှင့်ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ရန်ကုန်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ PDF ရဲဘော်တွေနဲ့ တခြားတော်လှန်ရေးအင်အားစုတွေကို ကွင်းဆက်လိုက်ဖော်ထုတ်နေတဲ့ တစ်ချိန်တည်းမှာပဲ အဖွဲ့အစည်းတချို့ရဲ့ အသိပေးစာ၊ သတိပေးစာနဲ့ ရှောင်ရန်/ဆောင်ရန်တွေပါ ထွက်ပေါ်လာတယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
‘ရန်ကုန်ပကဖတွေကြား အတွင်းစည်းပေါက်နေသယောင် ထင်ယောင်ထင်မှားဝါဒဖြန့်တာတွေ၊ ယူဂျီအဖွဲ့ အချင်းချင်းကြား သူ့မယုံ ကိုယ့်မယုံ သံသယတွေဖြစ်လာအောင် ကြံစည်ဆောင်ရွက်နေတာတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးအရ ဘယ်သူတွေဖော်ထုတ်လို့၊ ဘယ်သူတွေချိတ်ကနေ မိသွားတာ၊ ဆက်သွယ်လိုက်လို့ပါသွားတာ၊စသဖြင့် မဟုတ်တာရောဟုတ်တာရော ကြားညှပ်ပြီး ထွက်ပေါ်လာနေတဲ့ ဆိုရှယ်မီဒီယာနဲ့ ချန်နယ်အသီးသီးက စာတွေနဲ့ကိုယ့်အခြေအနေကို လိုင်းပေါ်တင်ပြီး ပြည်သူကိုချပြနေတဲ့ တချို့ရဲဘော်တွေ၊ခေါင်းဆောင်တွေရဲ့အမည်ကိုအသုံးချပြီး အလွဲသုံးပြောဆိုနေတာတွေ သတိနဲ့ ဆင်ခြင်သုံးသပ်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်’ လို့ သူကပြောပါတယ်။
ဒါ့ကြောင့်ရဲဘော်တွေအနေနဲ့ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီး ကိုယ့်အဖွဲ့တာဝန်ရှိသူတွေရဲ့ ညွှန်ကြားစီမံတဲ့အတိုင်း ဆက်လက်ဆောင်ရွက်ကြဖို့နဲ့ တခြားအဖွဲ့တွေရဲ့ စီမံမှုနောက်ကို ဝေဝါးပြီး လိုက်ပါသွားခြင်းကို သတိချပ်ကြဖို့လည်း ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကိုယ့်အဖွဲ့နဲ့ကိုယ် စီစဉ်နိုင်တဲ့အချက်တွေကို သိုသိုသိပ်သိပ် လုံခြုံစွာ စီစဉ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
‘အဓိကကတော့ သတင်းမှားတွေနဲ့ လိုက်ဆက်သွယ်ပြီးတော့ ထောင်ချောက်ဆင်ဖမ်းဆီးမှုလုပ်နေတာ တစ်ပတ်လောက်ရှိပြီ။ အဲဒါတွေကြောင့်လတ်တလောဖမ်းဆီးခံထားရတဲ့ ရဲဘော် ၁၀ ဦးလောက်ရှိပြီ’ လို့ သူက ပြောပါတယ်။
ရန်ကုန် ပကဖတွေ၊ PDF နဲ့ STF တွေအနေနဲ့ ရန်ကုန်စစ်ဒေသ တာဝန်ရှိသူတွေထံ သတင်းအတည်ပြုချက်ရယူပြီးမှ တခြားသတင်းအချက်အလက်တွေကို ယုံကြည်လက်ခံကြဖို့လည်း သူကပြောဆိုထားပါတယ်။
========================
📌📌စစ်အုပ်စုရဲ့ ခလရ ၂၆၈ မှ တပ်သားတစ်ဦး လက်နက်အပြည့်အစုံနဲ့ ပြည်သူ့ထံအလင်းဝင်
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ခလရ ၂၆၈ မှ တပ်သားတစ်ဦးဟာ စစ်အုပ်စုကို စွန့်ခွာပြီး CNO/CNDF ထံမှတဆင့် ပြည်သူ့ထံကို လက်နက်ချ အလင်းဝင်ရောက်ခဲ့တယ်လို့ CNO/CNDFက ဒီကနေ့ ဇန်နဝါရီလ ၁၄ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့ထံ အလင်းဝင်ရောက်ခဲ့သူဟာ တပ်သား ဇင်လင်းအောင် ကိုယ်ပိုင်အမှတ် တ-၅၄၂၁၂၁ ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုအပေါ် နာကျည်းချက်တွေ များစွာရှိတာကြောင့် ပြည်သူနဲ့အတူပူးပေါင်းဖို့ လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ CNO/CNDFက ဆိုပါတယ်။
CDMလုပ်ဆောင်ပြီး လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့သူ တပ်သား ဇင်လင်းအောင်ကို CNO/CNDFက ဆုကြေးငွေတွေ ချီးမြှင့်ခဲ့ပြီး လုံခြုံစိတ်ချရတဲ့ နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌NUG ကျန်းမာရေးဝန်ကြီးဌာနမှ အရေးပေါ်ကာလအတွင်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်သွားမည်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်သည့် "No one is safe until everyone is safe - လူတိုင်း မလုံခြုံသေးသရွေ့ ဘယ်သူမှ မလုံခြုံနိုင်ဘူး" ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့၊ ည ၇ နာရီ အချိန်တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။ ဆွေးနွေးပွဲတွင် -
အမျိုးသားကျန်းမာရေးကော်မတီ (NHC) နှင့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF) တို့မှ တိုင်းရင်းသားကျန်းမာရေးအဖွဲ့ခေါင်းဆောင်များ နှင့်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ ပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပြီး အခမ်းအနားအစီအစဉ်တင်ဆက်သူများ ပြည်သူချစ်အနုပညာရှင်များဖြစ်ကြသည့် Dr ချစ်သုဝေ နှင့် Dr ပိုင်ဖြိုးသုတို့က ပါဝင်ဆောင်ရွက်ပေးသွားကြမှာဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲမှာ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအပါအဝင် စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များကို အဓိက ဆွေးနွေးတင်ဆက်သွားမှာဖြစ်ပြီး National Health Committee - Myanmar, Ministry of Health, National Unity Government of Myanmar၊ D-Day Channel၊ Public Voice Television နှင့် ပြည်သူ့သတင်းမီဒီယာ Page များမှတစ်ဆင့် ဆွေးနွေးပွဲကို တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါသည်။ ဆွေးနွေးပွဲကို ပံ့ပိုးကူညီလှူဒါန်းလိုတဲ့ မိဘပြည်သူများအနေဖြင့် https://nhcmyanmar.org/donate/ နဲ့ https://moh.nugmyanmar.org/donate/ တို့မှာ ဝင်ရောက်လေ့လာ လှူဒါန်းနိုင်ပါကြောင်း သိရှိရပါသည်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment