14th JAN 2022 - Morning Daily News by Radio NUG


၂၀၂၂ ဇန်နဝါရီလ ၁၃ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ပြည်သူတွေရဲ့ပါတီ NLD ကိုပြိုကွဲအောင်လုပ်လို့ မရနိုင်ဘူး NLD ပါတီဝင်တွေနဲ့တွေ့ဆုံခဲ့ရုံနဲ့ NLD ပါတီကိုကိုယ်စားပြုခြင်းမဟုတ်တဲ့အကြောင်း ဦးအောင်ကြည်ညွန့်က ပြောကြား
📌PDF ခေါင်းဆောင်ကို ပစ်မှတ်ထားဖမ်းဆီးဖို့ကြိုးစားရာက ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်နှိပ်စက်
📌ခရိုင်နှင့် မြို့နယ်ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အချုပ်သားများကို လွှတ်ပေးခဲ့ရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပြည်သူတွေရဲ့ပါတီ NLD ကိုပြိုကွဲအောင်လုပ်လို့ မရနိုင်ဘူး NLD ပါတီဝင်တွေနဲ့တွေ့ဆုံခဲ့ရုံနဲ့ NLD ပါတီကိုကိုယ်စားပြုခြင်းမဟုတ်တဲ့အကြောင်း ဦးအောင်ကြည်ညွန့်က ပြောကြားလိုက်ပါတယ်။

အကြမ်းဖက်ပြီး မတရားအာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ NLD လို အနိုင်ရပါတီဖြစ်ရုံတင်မကဘဲ ပြည်သူတွေနဲ့တသားတည်း ပြည်သူ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုပြိုကွဲသွားစေရန် ရည်ရွယ်လုပ်ဆောင်နေတဲ့အကြောင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပါတယ် ဒါပေမယ့်လည်း NLD ဟာ ပြည်သူ့ပါတီဖြစ်တာကြောင့် ပြိုကွဲအောင်လုပ်လို့မရနိုင်ကြောင်း Public Voice TV ကိုပြောပါတယ်။

“NLD ကပြည်သူ့ရဲ့ ပါတီဖြစ်တယ်။ ပြည်သူနဲ့ တသားတည်း ပဲရှိတယ်။ အဲဒီတော့ လူထုရဲ့ ဆန္ဒအတိုင်းဆောင်ရွက်မှသာလျှင် NLD ပါတီဖြစ်မယ်။ ဟိုဘက်ကိုသွားပေါင်းလိုက် ပြီဆိုရင် NLD လို့ကို ပြောလို့မရနိုင်တော့တဲ့ အနေအထားမျိုးမှာရှိတယ်။ အခုအချိန်ထိလည်းပဲ သူတို့နဲ့သွားပြီး တော့ပေါင်းပါမယ်ဆိုပြီးတော့ ထုတ်ပြောရဲတဲ့ ထုတ်ပြောထားတဲ့ ပုဂ္ဂိုလ်လည်း တစ်ဦးတစ်ယောက်မှ ကျနော်မတွေ့ရသေးဘူး။ တကယ်တန်းကျတော့ ပြည်သူတွေရဲ့ဟာကို ဆန့်ကျင်ပြီးတော့ လုပ်သွားဖို့ဆိုတာ အင်မတန်လွယ်ကူတဲ့ကိစ္စ တော့မဟုတ်ဘူး။ ဒါကြောင့် ဒီလိုနည်းနဲ့ ကွဲမလာဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ ပြောနေတာလည်းပဲ အကျိုးသက် ရောက်မှုမရှိဘဲနဲ့ အချည်းအနှီးပဲဖြစ်လိမ့်လို့တော့ ကျနော်ဒီလိုပဲ ပြောချင်ပါတယ်။” လို့ ဦးအောင်ကြည်ညွန့်ကပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြိုကွဲအောင်ရည်ရွယ်ချက်ထားရာမှာ အပျော့လိုင်းနဲ့ အမာလိုင်းရှိတယ်ဆိုတာတွေကို ပြောကြားထားတာလည်း တွေ့ရပါတယ်။ ထိုကဲ့သို့ စစ်အုပ်စုရဲ့ပြေဆိုချက်ကို ဦးအောင်ကြည်ညွန့်က တုံ့ပြန်ပြောကြားရာမှာ
“အဲဒါကတော့စစ်ကောင်စီက အခုပြောချင်တာပြောပြီး လုပ်ချင်တာလုပ်နေတာ ကမ္ဘာသိဖြစ်နေပြီ။ စောစောပိုင်းက တမျိုး ပြောတယ်။ နောက်တော့တမျိုးပြောတယ်။ အခု NLD ပါတီထဲကနေပြီးတော့ ကွဲထွက်လာမလားဆိုတဲ့ အမျှော်နဲ့ ထိုးကွဲဖို့ဆိုတဲ့ရည်ရွယ်ချက်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့လေ။ သူတို့ရဲရည်ရွယ် ချက်က။ ဒါကိုတော့ ကျနော်သိပ်ပြီးတော့ မစိုးရိမ်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ NLD ပါတီထဲကနေပြီးတော့ NLD ပါတီကစစ် ကောင်စီ နဲ့သွားပြီးတော့ပေါင်းမယ်ဆိုတဲ့ အနေအထားမျိုးကတော့ ဘယ်လိုမှ ပေါ်ပေါက်လာမှာ မဟုတ်ဘူး။”လို့ပြောပါတယ်။

၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မှာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့် ပထမဦးဆုံးလွှတ်တော်တက်မယ့်အချိန်မှာပဲ စစ်တပ်က လက်နက်အားကိုးဖြင့် သမ္မတအပါအဝင် ပါတီခေါင်းဆောင်များအားလုံးနီးပါးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ် ခုလိုဖမ်းဆီးထောင်ချသတ်ဖြတ်မှုတွေ တရစပ်ပြုလုပ်ခဲ့တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဌ၊ ဒုဥက္ကဌတွေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဟာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ခြင်းမရှိတော့ပါဘူး။ဒါကြောင့် ဗဟိုအလုပ်ကော်မတီ (CWC) ကို ဖွဲ့စည်းခဲ့ပြီး တရားဝင် NLD ပါတီအနေနဲ့ ပါတီရဲ့တာဝန်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အစည်းအဝေးမရှိတဲ့အတွက်ကြောင့် ပါတီရဲ့ မူဝါဒရေးရာဆုံးဖြတ်ချက်တွေကို ဆောင်ရွက်မှု မပြုလုပ်ဘဲ ရပ်ထားမယ်လို့လည်း သိရပါတယ်။ နိုင်ငံတာကာအဖွဲ့အစည်းများ လူပုဂ္ဂိုလ်တွေများဟာ မြန်မာနိုင်ငံကိုရောက်ရှိလာပီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့နဲ့ တွေ့ဆုံတာမျိုးရှိခဲ့ပါတယ် ဒါပေမယ့်လည်း အဲဒီလိုတွေ့ဆုံတာမျိုးက NLD ပါတီကို ကိုယ်စားမပြုကြောင်းနဲ့ တွေ့ခဲ့တဲ့သူတွေကိုယ်တိုင်တောင် တွေ့ဆုံခဲ့ပါတယ်ဆိုတာမျိုး တရားဝင်ထုတ်ပြန်ချက် ထုတ်တာမျိုးမတွေ့ရသေးဘူလို့ ဦးအောင်ကြည်ညွန့်က အသိပေးပြောကြားခဲ့ပါတယ်။

========================

📌📌PDF ခေါင်းဆောင်ကို ပစ်မှတ်ထားဖမ်းဆီးဖို့ကြိုးစားရာက ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်နှိပ်စက်ခဲ့တဲ့သတင်းကို တင်ပြပေးပါ့မယ်

ဇန်နဝါရီလ ၁၀ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မြေပြင်တပ်များသာမကတော့ဘဲ လေကြောင်းစစ်ရဟတ်ယာဉ်များပါ သုံးပီး ပုလဲ PDF ခေါင်းဆောင်ကိုဖမ်းဆီးနိုင်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ် ချင်တွင်းမြစ် အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ဦးနှောက်ကျေးရွာကို ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ဝင်ရောက်စီးနင်းနေရာယူပီး ဒေသခံ PDF ခေါင်းဆောင်ဗိုလ်နဂါးကို ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။

"လူတွေကို သေနတ်တွေနဲ့ လည်ပင်းကိုထောက်၊ ပါသမျှရွှေငွေပစ္စည်းအကုန်ယူ၊ တရွာလုံးက ယော်ကျားသားတွေဆိုရင်ကြီးကြီးငယ်ငယ် အကုန်ဖမ်း၊ လက်ပြန်ကြိုးနဲ့တုပ်၊ နှိပ်စက် ရိုက်နှက်ပြီး နဂါး ဘယ်မှာတုန်းချည်းပဲ မေးတာ" လို့ ဒေသခံတယောက်က ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာလူထုထောက်ခံမှုအားကောင်းရုံသာမက စည်းရုံးရေးစွမ်းရည်နှင့် တိုက်ခိုက်ရေးစွမ်းရည်ပါပြည့်ဝမှုကြောင့် ထင်ရှားလာတဲ့ ဗိုလ်နဂါးကို စစ်ရဟတ်ယာဉ် လေးစီး အထိအသုံးပြုကာ ဦးနှောက်ရွာတွင်းကိုတပ်ဖြန့်ပီး ဖမ်းဆီးမိနိုင်ရေးတွက် အားထုတ်ခဲ့ပါတယ် ဗိုလ်နဂါးနှင့်အတူ အခြားဒေသခံ pdf ခေါင်းဆောင်တွေ ရွာမှာစည်းဝေးလုပ်နေတယ်ဆိုတဲ့သတင်းအရ ခုလိုအပိုင်ဖမ်းဖို့ ကြိုးစားကြပုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်

“ထွက်ပြေးမခင်ဘဲ ရွာမှာပိတ်မိခဲ့တဲ့ ရွာသားလူငယ်တွေကို စစ်ကောင်စီတပ်တွေဟာ "လူငယ်လေးတွေဆိုရင် ဓားတွေနဲ့ လှီး၊ ကတ်ကျေးနဲ့ထိုး၊ နောက်ပြီး ရိုက်နှက်၊ အဲ့လို ရက်ရက်စက်စက် လုပ်တာ" လို့ ဆိုပါတယ်။ ခုတော့ စစ်ကောင်စီတပ်တွေဟာ သူတို့ဖမ်းဆီးချင်စိတ်ပြင်းပြနေတဲ့ ပုလဲ pdf ခေါင်းဆောင်ဗိုလ်နဂါးကို ဖမ်းဆီးနိုင်မှုမရှီဘဲ ဇန်နဝါရီလ ၁၂ ရက်မှာတော့ ရွာကနေထွက်သွားကြပြီဖြစ်ပါတယ် ဒါပေမယ့် အကြောင်းပြချက်မဲ့အသတ်ခံရနိုင်တဲ့ဘေးအန္တရာယ်ကြောင့် ရွာသူရွာသားတွေဟာ ရွာတွင်းက သူတို့အိမ်ကို မပြန်ရဲကြသေးပါဘူး။ ဇန်နဝါရီလ ၁၀ ရက်နေ့က အဆမတန်လေကြောင်းအင်အားသုံးပီး ခေါင်းဆောင်တဦးကို စီးနင်းဝင်ဖမ်းတဲ့သတင်းဟာ လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့သွားခဲ့ပီး နာမည်ကျော်ဗိုလ်နဂါးကတော့ သူအန္တရာယ်ကင်းကင်းနဲ့ ချင်းပြည်နယ်ကို ရောက်နေခဲ့တာဖြစ်ကြောင်း ကိုယ်တိုင်ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တခုကနေပီး စိုးရိမ်နေသူတွေကို အသိပေးခဲ့တာတွေ့ရပါတယ်။ ခုခံတွန်းလှန်စစ်ပြင်းထန်နေပေမယ့် အင်အားသာလွန်တဲ့ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုရဲ့ထောက်ခံမှုအားနဲ့ အစွမ်းထက်နေတဲ့ pdf တွေအပေါ် တန်ပြန်နှိမ်နင်းနိုင်ဖို့မစွမ်းဘဲ ရှိနေပါသေးတယ်။ ခုဆိုရင် စက်တင်ဘာလကတည်းကစလို့ ပြင်းထန်ခဲ့တဲ့ မြေပြင်တိုက်ပွဲများမှာ ပုလဲမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသတဝိုက်ကို အကြမ်းဖက်စစ်တပ်အဖွဲ့က ငြိမ်သက်သွားအောင် မလုပ်နိုင်ကြတော့ပါဘူး။ အာဏာသိမ်းပြီးနောက် ကြီးမားတဲ့တပ်တွင်း နေရာအပြောင်းအလဲတွေအထဲမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တိုင်းမှူးဖြိုးသန့်တယောက် ရာထူးပြောင်းရွှေ့ခံရတဲ့ဖြစ်စဉ်လည်းပါဝင်သွားခဲ့ပါတယ်။ စစ်ကောင်စီတွေရဲ့ အငြှိုးတကြီးနဲ့ဖမ်းဆီးဖို့ ခုလိုကြိုးစားလာရအောင်ထိ ပုလဲ pdf ခေါင်းဆောင်နှင့်တပ်ဖွဲ့ဝင်တွေစွမ်းဆောင်နိုင်ခဲ့တာကတော့ လာသမျှ စစ်တပ်ကားတန်းတွေကို နယ်မြေကျွမ်းကျင်မှုနှင့်အတူ ပြောင်မြောက်တဲ့ မိုင်းခွဲတိုင်္ကခိုက်မှုတွေကြောင့် ဖြစ်ပါတယ်။ ဗိုလ်နဂါးဟာ စစ်တပ်အာဏာမသိမ်းခင်အချိန်က သူဝါသနာပါတဲ့စိုက်ပျိုးရေးလုပ်ငန်းနဲ့ အေးချမ်းစွာနေထိုင်လာသူဖြစ်ပေမယ့် သူဟာ တချိန်ကတော့ စစ်တပ်ထဲဝင်လိုစိတ်ပြင်းပြခဲ့ဖူးသူဖြစ်ကြောင်း မစ်ဇျိမသတင်းဌာနကို ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ဒါ့အပြင် တပ်မတော်အင်ဂျင်နီယာတယောက်ဖြစ်ဖို့ ရည်မှန်းခဲ့ပီး စာမေးပွဲကိုလည်း ဖြေဆိုအောင်မြင်ခဲ့ပေမယ့် စစ်တပ်ရဲ့လူမဆန်တဲ့ အနိုင်ကျင့်လုပ်ရပ်တွေကြောင့် သူဟာ ရည်မှန်းချက်နှ်င့်ဝါသနာဆန္ဒကို စွန့်လွှတ်ခဲ့တဲ့အကြောင်း ပြောပြထားပါတယ်။ မီဒီယာများနှင့် အကြိမ်ကြိမ်အင်တာဗျူးမေးမြန်းခန်းမှာလည်း ဗိုလ်နဂါးရဲ့ တည်ကြည်တဲ့စိတ်ဓာတ်နဲ့ တော်လှန်ရေးအပေါ် သဘောထားတွေဟာ လူစိတ်ဝင်စားမှုများခဲ့ပီး ဗိုလ်နဂါးကတော့ ဒီတော်လှန်ရေးကြီးအောင်မြင်ဖို့အတွက် ဘယ်သူတဦးတယောက်တည်းကိုမျှ သူရဲကောင်းပမာ အားကိုးနေရမှာမဟုတ်ဘူး လူတိုင်းပါဝင်တာဝန်ယူတာဝန်ခံရမယ့် တော်လှန်ရေးဖြစ်တယ် ဒါမှသာလိုချင်တဲ့ပန်းတိုင်ကိုအချိန်တိုတွင်း ရောက်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ပုလဲမြို့နယ်တွင်းမှာ အကြမ်းဖက်စစ်သားတွေကို ဖြန့်ကျက်ကာ စီးနင်းဖမ်းဆီးဖို့ကြိုးစားခဲ့တဲ့ စစ်ကောင်စီတပ် တွေကတော့ ခုထိ မြေပြင်က ဒေသခံ pdf တွေကို ကြောက်ရွံ့နေရဆဲဖြစ်ပီး "ရွာနားမှာ မိုင်းကွဲရင် နင်တို့ရွာ တရွာလုံး မီးနဲ့တိုက်ပစ်မယ်"လို့ လည်း ခြိမ်းခြာက်သွားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းမြို့နယ်များက ဒေသခံတွေဟာ စစ်အာဏာမသိမ်းခင်ကတော့ တောင်သူလုပ်ငန်းကဲ့သို့ ရိုးသားစွာအသက်မွေးကြပီးခုချိန်မှာတော့ လူမဆန်တဲ့စစ်တပ်ကို စိတ်နာကုန်ကြပီလို့သိရပါတယ် ဗိုလ်နဂါးကိုဖမ်းဆီးနိုင်ခြင်းမရှိဘဲ ပြန်ထွက်သွားပေမယ့် အလောင်းအချို့မီးရှို့ထားခဲ့တယ်သတင်းများကိုလည်း သူတို့ကိုယ်တိုင်ရွာမပြန်ရဲသေးတာကြောင့် အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ မြေပြင်မှာ မြေပြင်ချင်းတိုက်ခိုက်ရေးစွမ်းရည်ကင်းမဲ့နေတဲ့ စစ်ကောင်စီတပ်တွေဟာ pdf တွေအပေါ် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်းနှင့် လေကြောင်းပစ်ကူသုံးပီး ဖိနှိပ်ခြင်းအပြင် ဘာမှတတ်နိုင်စွမ်းတဲ့အဖွဲ့အစည်း မဟုတ်တော့ပါဘူး။ ပုလဲမြို့နယ် ဦးနှောက်ရွာကပြန်ထွက်သွားပီဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဟာ pdf ခေါင်းဆောင်ကိုဖမ်းဆီးလိုခြင်းအကြောင်းပြချက်ဖြင့် ရွာသားတွေကို နှစ်ရက်တာ ရက်ရက်စက်စက် ရိုက်နှက်စစ်ကြောရေးလုပ်ခဲ့ကြပါတယ် သေနတ်တွေနဲ့ လည်ပင်းတွေထောက်တယ်။ လက်ထဲပါတဲ့ရွှေနဲ့ငွေပစ္စည်းအကုန်ယူတာ၊ ယောင်္ကျားတွေကိုလည်း လက်ပြန်ကြိုးတွေတုပ်ပြီးရိုက်တယ်။ နဂါးဘယ်မှာလဲ မေးတယ်၊ အစည်းအဝေးလုပ်သွားတယ် ဟုတ်သလားဆိုပြီးမေးတာ။ လူငယ်လူရွယ်တွေကို ဆိုရင်လည်း ကတ်ကြေးတွေနဲ့ ဖြတ်၊ ရိုက်နှက်ပြီးတော့ စစ်တယ် ဆိုတဲ့အကြောင်း ဦးနှောက်ကျေးရွာဒေသခံတွေက ဘီဘီစီသတင်းဌာနကို ဖြေကြားသသွားခဲ့ပါတယ်။
ခုချိန်ထိတိုင် စစ်ကောင်စီအကြမ်းဖက်တပ်တွေ အငြှိုးတကြီးဖမ်းဖို့ကြိုးစားနေတဲ့ ပုလဲ PDF ခေါင်းဆေင်ဟာ ဘေးကင်းရန်ကင်းရှိနေပီး စစ်အုပ်စုဘက်ကတော့ သူတို့အနေနဲ့ ဦးနှာက်ကျေးရွာကို ဝင်စီးနင်းနှိပ်စက်မှုနဲ့ပက်သက်ပီး ရေငုံနှုတ်ပိတ်နေဆဲဖြစ်ပါတယ်။ ဗိုလ်နဂါးရဲ့ ပြည်သူ့ထောက်ခံမှုအားကောင်းပုံတွေကိုလည်း ရုပ်သံမှတ်တမ်းများမှာ မကြခဏ မြင်ရလေ့ရှိပါတယ် ဗေဒင်ယတြာစွဲလန်းမှုကြီးမားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ တိုက်တိုင်း အောင်ဗိုလ်နဂါးကို ထိန်လန့်စိုးရိမ်မှု ကြီးမားနေစွာရှိနေတဲ့အကြောင်း ဦးနှောက်ရွာကိုလေကြောင်းအားကိုးစီးနင်းမှုတွေအရ သိကြရပီး ဗိုလ်နဂါးကတော့ သူဟာ စနေသားတဦးဖြစ်တာကြောင့် ထွေထွေထူးထူးမရည်ရွယ်ဘဲ ဗိုလ်နဂါးဟု အမည်မှည့်ခဲ့ခြင်းသာ ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် ဒေသခံ ပုလဲ pdf အဖြစ်ကနေ ဒေသစုံလွှမ်းခြုံနိုင်မယ့် မြန်မာ့တော်ဝင်နဂါး တပ်တော်ကို ဖွဲ့စည်းလိုက်ပြီလို့ ဇန်နဝါရီလ ၃ရက်နေ့မှာ ဗိုလ်နဂါးကထုတ်ဖော်ပြောကြားသွားတာကိုလည်း သိရှိရပါတယ်။

========================

📌📌ခရိုင်နှင့် မြို့နယ်ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အချုပ်သားများကို လွှတ်ပေးခဲ့ရတဲ့သတင်းကို တင်ပြပေးချင်ပါတယ်

ပုလဲမြို့နယ်တွင်းရှိ ကျေးရွာဒေသများကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က ကြည်းတပ် လေတပ် ပေါင်းပြီး အကြမ်းဖက်တိုက်ခိုက်နေချိန်မှာ အားနည်းနေတဲ့ စစ်ကောင်စီရဲ့ ရဲစခန်းတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
“ပုလဲကို ဝိုင်းရံပိတ်ဆို့ဖို့ဆိုပီး ယင်းမာပင်မှာ ရှိတဲ့ လူငယ်အရွယ်ကောင်းတွေကို ခေါ်သွားပီး စခန်းမှာ သက်ကြီးရွယ်အိုရယ်၊ ရဲအိုလောက်ရယ် အဲဒီလောက်ပဲ ချန်ထားခဲ့တဲ့ အနေအထားပေါ့။ လူကယ်ဖို့ရယ်လို့ ပစ်မှတ်ထားတာ မဟုတ်ဘူး” လို့ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ အဖွဲ့ဝင်တွေက ပြောပါတယ်။

ဇန်နဝါရီ ၁၀ နှင့် ၁၁ ရက် ညတွေမှာ စစ်ကောင်စီရဲ့ ရဲစခန်းကို PDF များက လက်လုပ် ၆၀ မမ စိန်ပြောင်းနှင့် တိုက်ခိုက်ခဲ့ပြီးပြန်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်။
စစ်ကောင်စီရဲ့ ရဲ စခန်းများအတွင်းမှလည်း လက်နက်ကြီး လက်နက်ငယ်တို့နှင့် ညလုံးပေါက် ပစ်ခတ်သံပေးခဲ့တယ်လို့ ပါဝင်တိုက်ခိုက်နေတဲ့ အဖွဲ့များကဆိုပါတယ်။

ထိုကဲ့သို့ ဒေသခံpdf များရဲ့ ဝိုင်းရံတိုက်ခိုက်မှုကိုခံခဲ့ရပီးနောက်ပိုင်းမှာ အပြစ်မဲ့ဖမ်းဆီးထားသူ ပြည်သူ ငါးဦးကို ရဲတွေဘက်က လွှတ်ပေးခဲ့ပါတယ်။
ပြန်လွတ်လာသူများမှာ ယင်းမာပင်မြို့နယ် လည်ငေါက်ရွာမှ အမျိုးသား ၁ ဦး၊ ယင်းမာပင်မှ အမျိုးသား ၄ ဦး ဖြစ်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ဗိုလ်သူရိန်ကပြောပါတယ်၊
ပြန်လွှတ်လာသူများအနက် ယင်းမာပင်မှ ၄ ဦးမှာ ကချင်ပြည်နယ်မှ ပြန်လာကြသူများဖြစ်ပြီး စစ်ကောင်စီတပ်သားတို့က မသင်္ကာ၍ ဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ လုံခြုံရေးအရ ပြန်လွတ်လာသူများရဲ့ အမည်များကို သတင်းများတွင် မဖော်ပြစေလိုကြောင်း pdf အဖွဲ့မှ ဗိုလ်သူရိန်ကပြောပါတယ်။

“ခရိုင်ဆိုပေမယ့် အင်အားမရှိတဲ့စခန်းတွေပါ တိုက်ခိုက်တဲ့ဒဏ်ကိုလဲ မခံနိုင်လို့ နှစ်သိမ့်သဘောအနေနဲ့ ဖမ်းထားတဲ့ ပြည်သူကို ပြန်လွှတ်ပေးတာပေါ့” ၎င်းက ဆက်ပြောပါတယ်။ တိုက်ပွဲ၌ ပါဝင်ပစ်ခတ်ခဲ့သည့် Hero Tiger Force မှ ဗိုလ်ကျားကြီးကလည်း အမျိုးသား ၅ ဦးကို စခန်းက ပြန်လွှတ်ပေးခဲ့ခြင်းမှာ တိုက်ခိုက်ခံရခြင်းကြောင့်ဖြစ်ပီး ဒေသခံPDF တပ်ဖွဲ့တွေကို ချွေးသိပ်တဲ့သဘောပဲလို့ ယူဆနေပါတယ်။

“မြိုင်မှာ၊ ပုလဲမှာ ဖိနေတယ်။ လေကြောင်းသုံးနေတယ်။ ကျွန်တော်တို့က သွားကူလို့ မရဘူး။ အဲဒီတော့ ကျွန်တော်တို့ မြို့နယ်မှာ ရဲစခန်းကို သွားဖိမယ်။ နေရာစုံမှာ ကြွပေးမယ်ဆိုတဲ့ ခံယူချက်နဲ့ ပစ်တာပါ” လို့ ပါဝင်တိုက်ခိုက်ခဲ့သူများက ပြောပါတယ်။

ထိုတိုက်ခိုက်မှုကို ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုနှင့် Hero Tiger Force ၊ ဗိုလ်သူရိန်နှင့် ကနီမြို့နယ်လက်နက်ကိုင်အဖွဲ့မှ ဗိုလ်နဂါးဆိုသူတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ ရဲစခန်းနှစ်ခုအတွင်း ထိခိုက် သေဆုံးမှု ရှိမရှိ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။
မင်းအောင်လှိုင်ဦးဆောင်ပီး အပြစ်ကင်းလွတ်ခွင့်ယူထားတဲ့ အာဏာသိမ်းစစ်တပ်က အရက်စက်ဆုံးစစ်ရာဇဝတ်မှုတွေကို ရက်ဆက်ကျူးလွန်နေဆဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းရှိ ယင်းမာပင်၊ ကနီ၊ ပုလဲ အစရှိသော ဒေသများကို ယခုရက်ပိုင်းအတွင်း လေကြောင်းအကူအညီသုံးပီး နယ်မြေစိုးမိုးနိုင်ဖို့နှင့် ခေါင်းဆောင်များကိုဖမ်းဆီးနိုင်ဖို့ စစ်ကောင်စီဘက်က ကြိုးစားနေကြတာပါ။
အာဏာသိမ်း စစ်ကောင်စီ စစ်ရာဇဝတ်မှုကျူးလွန်မှုကြောင့် ပြည်သူ ၁၄၆၃ ဦးထက်မနည်း သေဆုံးပြီး တစ်သောင်းကျော် ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားတကိုလည်းတွေ့ရပါတယ်။
စစ်ကောင်စီရဲ့ လူသားမဆန်တဲ့အကြမ်းဖက်သတ်ဖြတ်မှုများအပြင် ဖမ်းဆီးရိုက်နှက် ပစ္စည်းခိုးယူခြင်းအကျင့်စရိုက်များကြောင့် စစ်ကိုင်းတိုင်းနေပြည်သူတွေဟာ အာဏာသိမ်းအုပ်စုအပေါ် ပိုမိုမုန်းတီးလာစိတ်နဲ့ နာကျည်းနေကြပြီလို့လည်း သိရပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment