၂၀၂၂ ဇန်နဝါရီလ ၁၆ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စည်ပင်သာယာရေးကော်မတီများရဲ့ မြေအရောင်းအဝယ်ဆိုင်ရာ လုပ်ဆောင်ချက်များနဲ့ပတ်သက်ပြီး NUG အစိုးရက ကြေညာချက်တစ်ရပ် ထုတ်ပြန်
📌အာဏာသိမ်းအုပ်စုခေါင်းဆောင်က ကယားပြည်နယ်နေ့မှာ ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့
📌 “ပြည်သူက ပြည်သူကို ကူညီစောင့်ရှောက်ခြင်းဖြင့် အနိုင်ယူပါ” ဆိုတဲ့ ကြားကာလပညာရေးအစီအစဥ် (Short Course for Students)
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပထမဆုံးအနေနဲ့ စည်ပင်သာယာရေးကော်မတီများရဲ့ မြေအရောင်းအဝယ်ဆိုင်ရာ လုပ်ဆောင်ချက်များနဲ့ပတ်သက်ပြီး NUG အစိုးရက ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်တဲ့သတင်းကို တင်ပြပေးပါ့မယ်။
အာဏာသိမ်းပြီးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နေပြည်တော်၊ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီများရဲ့ မြေအရောင်းအဝယ်ဆိုင်ရာ လုပ်ဆောင်ချက်များအားလုံး တရားဝင်မှုမရှိကြောင်း ကြေညာချက်အမှတ် (၄/၂၀၂၂) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဲ့ဒီထုတ်ပြန်ချက် အပြည့်အစုံမှာ -
၁။ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုထံမှ အာဏာကို မတရားသောနည်းလမ်းဖြင့် အတင်းအဓမ္မ သိမ်းယူထားသော၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် တရားဝင်ကြေညာခြင်းခံထားရသော၊ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် မည်သည့်နိုင်ငံကမျှ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားခြင်းမရှိသော အကြမ်းဖက်အဖွဲ့အစည်းတစ်ခုသာဖြစ်သည်။
၂။ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ စည်ပင်သာယာရေးကော်မတီများသည် စည်ပင်သာယာ ပိုင်မြေများကို ရောင်းချခြင်း၊ ဂရံဖောက်ခြင်းများ စီစဉ်ဆောင်ရွက်နေကြောင်းသိရှိရသည်။ နိုင်ငံပိုင်မြေ၏ မူလပိုင်ရှင်သည် နိုင်ငံတော်တွင်မှီတင်းနေထိုင်ကြသော နိုင်ငံသူနိုင်ငံသားများဖြစ်သည့်အတွက် ပြည်သူလူထုအား ကိုယ်စားပြုမှု အလျဉ်းမရှိသော အကြမ်းဖက်စစ်ကောင်စီနှင့် ယင်း၏ လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် အဆိုပါမြေများအား စီမံခန့်ခွဲ ရောင်းချပိုင်ခွင့် မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သတိပေးအပ်ပါသည်။
၃။ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းထားသည့်ကာလအတွင်း နေပြည်တော်၊ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများက မြေကွက်များရောင်းချခြင်း၊ ဂရံထုတ်ပေးခြင်းများသည် တရားဝင်မှု လုံးဝမရှိသော ဆောင်ရွက်ချက်သာဖြစ်၍ အဆိုပါမြေကွက်များကို ဝယ်ယူခြင်း၊ ဂရံထုတ်ယူခြင်း၊ တဆင့်ရောင်းချခြင်းများ မပြုလုပ်ကြရန် တားမြစ်ပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ပြန်လည်ရောက်ရှိသည့် အချိန်ကာလတွင် အဆိုပါ မြေများအား ပြည်သူပိုင်မြေအဖြစ် ပြန်လည် သိမ်းယူသွားမည်ဖြစ်ကာ ဝယ်ယူသူများ၊ ရောင်းချသူများနှင့်တကွ ပူးပေါင်းဆောင်ရွက်သူများအားလုံးကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးလိုက်သည်။ ဟူ၍ ဖော်ပြပါရှိပါတယ်။
========================
📌📌အာဏာသိမ်းအုပ်စုခေါင်းဆောင်က ကယားပြည်နယ်နေ့မှာ ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့တယ်ဆိုတဲ့သတင်းကို ဆက်လက်တင်ပြပေးပါ့မယ်။
လေကြာင်းအားကိုးနဲ့ ထိုးစစ်တွေ ဆက်တိုက် ပြုလုပ်နေဆဲ၊ ဒေသခံပြည်သူတွေ အသက်ဘေးကနေ တိမ်းရှောင်ပြေးလွှားနေစဉ်၊ လုယက်ဖျက်ဆီးသတ်ဖြတ်မှုတွေကို ပြုလုပ်နေရင်းမှာပဲ အဓမ္မအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးကမ်းလှမ်းစကားကို ဆိုခဲ့တာပါ။ ကယားပြည်နယ်ရဲ့ နှစ် ၇၀ ပြည့် ပြည်နယ်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဥပဒေမဲ့အာဏာသိမ်းတာကို ကျူးလွန်ခဲ့တဲ့ စစ်တပ်ဟာ အာဏာထိန်းတယ်လို့ ၎င်းတို့ထိန်းချုပ်ခံ မီဒီယာကနေ ပြောလေ့ရှိပြီး အခုလို တနှစ်နီးပါးပြည့်လာချိန်မှာတော့ မြန်မာ့အရေးဟာ ဆိုးသထက်သာ ပိုမိုဆိုးရွားလာနေပါပြီ။ နေရာအနှံ့က တိုက်ပွဲတိုင်းလိုလိုမှာလည်း လေကြောင်းပစ်အားကို အဓိက အားကိုးပြီး စစ်သား/အရပ်သားမရှောင် လေယာဉ်ဗုံးကြဲမှုတွေကို ပြောင်ပြောင်တင်းတင်း ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ အာဏာသိမ်းခဲ့ရခြင်းကို ဥပဒေနှင့်အညီလို့ ပြောဖို့ ဝန်မလေးတဲ့ စစ်အုပ်စုက မြန်မာပြည်တဝန်းလုံးက ပြည်သူတွေရဲ့ ခုခံတွန်းလှန်စစ်ကိုလည်း သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ရတာလို့ ရေးသားဖော်ပြ ဝါဒဖြန့်လျက်ရှိပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုအပေါ် လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲတွေကို အစောပိုင်းကတည်းက ဆင်နွှဲခဲ့တဲ့ ကရင်နီပြည်နယ်မှာ ပြည်နယ်တည်ငြိမ်ရေးအတွက် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အထူးလိုအပ်ကြောင်း၊ သွေးထိုးလှုံဆော်မှုတွေ ရှိနေလို့သာ ဒေသတချို့မှာ မငြိမ်းမချမ်းဖြစ်နေရကြောင်း၊ ကရင်နီပြည်နယ်က တာဝန်ရှိသူတွေအနေနဲ့ ငြိမ်းချမ်းရေးမှာ အရင်ကထက် ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့မှာပေးပို့တဲ့ သဝဏ်လွှာမှာ ရေးထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် pdf တွေကို တော်လှန်ရေးစိတ်နဲ့အညီ ကူညီလက်တွဲပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့မရှိဘူးလို့ ပြောပါတယ်။ KNPP အတွင်းရေးမှူး (၁) ခူဒယ်နီယာက " KNPP ကို ငြိမ်းချမ်းရေး ဆွေးနွေးမယ် လာပြောရင်တော့ KNPP က လူထုနဲ့ပဲ အလုပ်လုပ်တယ်။ လူထုနဲ့ တစ်သားတည်းပဲ။ သူတို့နဲ့ KNPP က ငြိမ်းချမ်းရေး သွားဆွေးနွေးရင် KNPP ပဲ နာမည်ပျက်မယ်။ သူတို့ကို လူထုက လက်မှ မခံတော့တာ။ လောလောဆယ် ဆွေးနွေးဖို့အကြောင်း မရှိသေးပါဘူး" လို့ RFA သတင်းဌာနကို ပြောခဲ့ပါတယ်။
ကယားပြည်နယ်နေ့အဖြစ် သတ်မှတ်ထားတဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ အခုလိုငြိမ်းချမ်းရေးစကား သဝဏ်လွှာ ပေးပို့ခဲ့ပေမယ့် တော်လှန်ရဲသူတွေရဲ့ ကရင်နီပြည်နယ်တွင်းမှာ စစ်ကောင်စီဘက်က တိုက်ခိုက်နေတာတွေတော့ လျော့မသွားဘဲ နေ့တိုင်း တိုက်ပွဲရက်ဆက်နေတုန်းပါပဲ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်မှုအောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့်အတူ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီကို ကြံ့ကြံခံ ပြန်လည်ခုခံတိုက်ခိုက်နေကြရတာပါ။
ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေဘက်တော့ အာဏာသိမ်းအုပ်စုနဲ့ ဆွေးနွေးဖို့ အစီအစဉ်မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ လက်တွဲပီး ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို အရောက်ချီတက်မယ့်အကြောင်း တစိုက်မတ်မတ် ပြောဆိုနေတာတွေ့ရပါတယ်။
စစ်ရာဇဝတ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေပြီး မြေပြင်စစ်ရေးအရ ရှုံးနိမ့်လာချိန်မှ အခုလို ငြိမ်းချမ်းရေးကမ်းလှမ်းတာဟာ အဓိပ္ပါယ်မရှိ အရှက်ဂုဏ်သိက္ခာမဲ့ လုပ်ရပ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
ကရင်နီပြည်နယ်ဟာ နယ်ရှင်စော်ဘွားတွေ အာဏာလက်လွှတ်ပြီးနောက်ပိုင်း စစ်တပ်ရဲ့ အကြမ်းဖက်ဗိုလ်ကျမှုတွေကို ခါးဆီးခံခဲ့ရတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ယုတ်မာမှုတွေကြောင့် ကရင်နီပြည်ရဲ့ ကျန်းမာရေး၊ စီးပွားရေး၊လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတွေ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ရပါတယ်။ သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ခုဖြစ်ခဲ့တဲ့ ကရင်နီပြည်နယ်ကို ကယားပြည်နယ်လို့အမည်ပြောင်းလဲ သတ်မှတ်လိုက်တဲ့နေ့ကို ကယားပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြတာပါ။ မူလ ကရင်နီပြည်နယ်အဖြစ် ပြန်လည်သတ်မှတ်ဖို့အတွက် ခေတ်အဆက်ဆက် တောင်းဆိုလျက်ရှိရာမှာ ဒီနေ့ထိထက်တိုင် ကရင်နီလူမျိုးတွေရဲ့ ခုခံတွန်းလှန်စစ်တွေက သက်သေထင်ရှားရှိနေဆဲ ဖြစ်ပါတယ်။
========================
📌📌“ပြည်သူက ပြည်သူကို ကူညီစောင့်ရှောက်ခြင်းဖြင့် အနိုင်ယူပါ” ဆိုတဲ့ ကြားကာလပညာရေးအစီအစဥ် (Short Course for Students) နဲ့ပတ်သက်လို့ ဆက်လက်တင်ပြပေးပါ့မယ်။
ကိုဗစ်ကူးစက်မှုနဲ့ အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေးကို အရေးပေါ်ကာလအခြေအနေ ကြေညာထားစဉ်မှာ အဆက်မပြတ်စေရေးနှင့် ပညာဆက်လက် သင်ယူခွင့်မဆုံးရှုံးစေရေးအတွက် ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ "ကျောင်းသား၊ ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်" အရ သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပပညာရှင်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ "အရေးပေါ်ကာလအခြေအနေတွင် အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်" ကို စီစဥ်လျှက်ရှိသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ နဲ့ ၁၆ရက်နေ့ မြန်မာစံတော်ချိန် ည (၁၀:၃၀) နာရီ မှ မနက် (၂း၃၀) အတွင်း Remote Environmentally Sensitive Maintenance (ESM) training for Dirt, Gravel, and Low Volume Road (DGLVR) ခေါင်းစဉ်နဲ့ Online Webinar ကို အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ်ရှိ Penn State University မှ ဦးဆောင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဖော်ပြပါအချက်အလက်တွေနဲ့ ကိုက်ညီတဲ့ ကျောင်းသား/ကျောင်းသူတွေ လျှောက်ထားနိုင်ပြီး (၂၅) ဦး တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ လျှောက်ထားဖို့ လိုအပ်ချက် အသေးစိတ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင် ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာ သွားရောက်လေ့လာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment