17th JAN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၁၆ ရက်နေ့ ရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတွေမှာ အကြမ်းဖက်စစ်ကောင်စီက မီးရှို့အကြမ်းဖက်မှုတွေ ကျူးလွန်နေဆဲ
📌ထားဝယ်ခရိုင်ကရှေ့နေများ ခြိမ်းခြောက်ခံနေကြရ
📌မြဝတီ - ကော့ကရိတ် အာရှလမ်းမှာ ဆီကားနှစ်စီးပစ်ခတ်တိုက်ခိုက်ခံခဲ့ရ
📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်အမှတ် (၄/၂၀၂၂) ကို ထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတွေမှာ အကြမ်းဖက်စစ်ကောင်စီက မီးရှို့အကြမ်းဖက်မှုတွေ ကျူးလွန်နေဆဲဖြစ်ပါတယ်

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အနောက်ပိုင်းက သဒွတ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ် ၂၅လုံး မီးလောင်ပျက်စီးသွားတဲ့အကြောင်း နွေဦးတော်လှန်ရေး မြိုင် ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇန်နဝါရီလ ၁၆ရက်နေ့ မနက် ၉နာရီခန့်မှာ အကြောင်းမဲ့ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပီး သဒွတ်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက်မှာတော့ စစ်အုပ်စုဟာ နေ့လည် ၁၁နာရီခန့်မှာလည်း မြိုင်မြို့နယ်အနောက်ပိုင်း
ညောင်ပင်လယ်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ သဒွတ်ရွာအတွင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းကစ၍ ဝင်ရောက်ရှာဖွေမွှေနှောက်ဖျက်ဆီးခဲ့ပြီး နောက်တနေ့ နံနက်ပိုင်းတွင် နေအိမ်များကိုခုလို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ တိမ်းရှောင်ပြည်သူများက ပြောပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း မြိုင်မြို့နယ် ဇီးဖြူစားကောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များဝင်ရောက်လာပြီး နေအိမ်အချို့အား ဖျက်ဆီးသွားခဲ့ပါသေးတယ်။ ခုလိုစစ်ရာဇဝတ်မှုများကို ဇန်နဝါရီလ ၉ရက်နေ့မှ စတင်ကာ စစ်အုပ်စုက ပြောင်ပြောင်းတင်းတင်း ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ မြိုင်မြို့နယ်နေရာအနှံ့အပြားအား အင်အားအများအပြားသုံး၍ ကျေးရွာများအား ဝင်ရောက်ကာ ရှာဖွေဖမ်းဆီးခြင်း၊ လုယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိပါတယ်။
အလားတူပဲ စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းကျေးရွာကို ဒီဇင်ဘာလအတွင်းကစလို့ စစ်ကောင်စီတပ်များဝင်ရောက်လာပီး ကျေးရွာနေအိမ်များကို အကြိမ်ကြိမ်မီးရှို့ခဲ့ကြပါတယ်။ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်စာရင်းများကို အမည်များနှင့်တကွ Natchaung Youth Foundationက ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စာရင်းဖော်ပြခဲ့ကြပါတယ်။
နတ်ချောင်းဒေသခံတဦးက "အရင်ကရှို့ပစ်ခဲ့တဲ့ အိမ်ပေါင်း ၂၈ အိမ်လောက်ရှိတယ် နောက်ထပ်အသစ်ရှို့ခံရတာမျိုးမရှိဘူး ရွာတွင်းအခြေအနေကတော့ တချို့တဝက်ပဲ ရွာထဲပြန်နေရဲကြတာရှိတယ်" လို့ပြောပြပါတယ်။ ကလေးမြို့နယ် နတ်ချောင်းရွာကို စစ်ကောင်စီတပ်များ ဝင်ရောက်အကြမ်းဖက်မှုစတင်ခဲ့တာ ဒီဇင်ဘာလ ၂၂ ရက်နေ့ကတည်းကဖြစ်ပီး ထွက်ပြေးခဲ့ကြတဲ့ ပြည်သူတွေဟာ ယခုချိန်ထိ နေအိမ်များပြန်မနိုင်ဘဲ တိမ်းရှောင်နေကြရတာဖြစ်လို့ ခုဆိုရင် နတ်ချောင်းမှာ အိမ်ခြေ ၂၀၀၀ ကျော် စစ်ဘေးရှောင် ဘဝဖြင့်အခက်အခဲမျိုးစုံကို ကြုံနေကြရ​ကြောင်း သိရှိရပါတယ်။

========================

📌📌ထားဝယ်ခရိုင်ကရှေ့နေများ ခြိမ်းခြောက်ခံနေကြရတဲ့သတင်းကို ပြောပြပေးပါ့မယ်

စစ်တပ်အာဏာသိမ်းကာလအတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရသူတွေအတွက် ရှေ့နေတွေဟာ ကောက်ရိုးတမျှင်ပမာ လိုက်ပါ အကျိုးဆောင်ပေးခဲ့ကြပါတယ်။
အခုတော့ တက်ကြွလှုပ်ရှားသူတွေအတွက် ထားဝယ်ခရိုင်အတွင်းမှာ ကောက်ရိုးတမျှင်ကိုလည်း ဆုံးရှုံးကြရဦးမယ့်အခြေအနေဖြစ်လာပါပီ။ အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူတွေဘက်က လိုက်ပါအကျိုးဆောင်ခဲ့ကြတဲ့ရှေ့နေတွေဟာ ပါဝါရုပ်သိမ်းလိုက်ကြပီး တိမ်းရှောင်နေကြရပါတယ် အကြောင်းကတော့ ဒီမိုကရေစီအရေးမှာ အားပေးကူညီမှုဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီကရှေ့နေတွေကို ဖမ်းဆီးတော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာလို့ပါပဲ ရှေ့နေတွေကိုဖမ်းမယ်ဆိုတဲ့သတင်းဟာ ထားဝယ်မြို့မှာရှေ့နေတဦးအဖမ်းခံလိုက်ရချိန်က စတင်ထွက်ပေါ်ခဲ့ပါတယ် သူကတော့ ထားဝယ်မြို့ကတရားလွှတ်တော်ရှေ့နေ ဒေါ်စန္ဒာချိုဖြစ်ပါတယ် ဒေါ်စန္ဒာချိုဟာ ပုဒ်မ ၅၀၅ နဲ့စွဲဆိုခံထားရတဲ့ သူမရဲ့အမှုသည်ကို ရှေ့နေလိုက်ပေးနေရာက သူမရဲ့နေအိမ်မှာ အောက်တိုဘာ ၁၈ ရက်နေ့က စစ်ကောင်စီဖမ်းဆီးသွားခဲ့ပါတယ်။
သူမဖမ်းဆီးခံရပီးနောက်မှာပဲ စစ်ကောင်စီကဖမ်းဆီးဖို့ ရှေ့နေများနာမည်စာရင်း ထွက်ပေါ်လာတယ်လို့ ရှေ့နေအချို့က ပြောကြပါတယ်။ ခုလိုစာရင်းပေါက်ထွက်ပေါ်နေတာဟာ သက်ဆိုင်ရာဌာနကတဆင့်မဟုတ်ဘဲ ရှေ့နေနဲ့နီးစပ်တဲ့ ရဲအပါအဝင် တရားရေးအသိုင်းအဝိုင်းမှ တဆင့်စကား သတင်းထွက်လာတယ်လို့ ရှေ့နေအချို့ထံကသိရပါတယ် စစ်အာဏာဆန့်ကျင်ရေးဆန္ဒပြပွဲများမှာ ရှေ့နေအသိုင်းအဝိုင်းအားလုံးနီးပါးပါဝင်ခဲ့ကြပီး ဒီလိုပါဝင်လာတာကလည်း နိုင်ငံတကာအဖွဲ့နဲ့ ချိတ်ဆက်ပီး ငွေကြေးထောက်ပံ့မှုများကို ရှေ့နေတွေကလက်ခံခဲ့တယ်လို့ ဒေါ်စန္ဒချိုကို ထွက်ဆိုစေခဲ့တာဖြစ်နိုင်ကြောင်း ထိုကဲ့သို့အကြောင်းပြချက်တခုကိုဖန်တီးပီး အခြားရှေ့နေတွေအမှုမလိုက်နိုင်အောင် သွယ်ဝိုက်သောနည်းဖြင့် ပ ထုတ်တာဖြစ်နိုင်ကြောင်း ရှေ့နေအသိုင်းအဝိုင်းကယူဆနေကြပါတယ် ဒီလို ရှေ့နေတွေကို နာမည်နှင့်တကွ ဖမ်းဆီးမယ့်စာရင်း ထွက်ပေါ်လာခြင်းဟာ ခြိမ်းခြောက်တဲ့သဘောပါပဲလို့ လုံခြုံရေးအရေ အမည်မဖော်ပြနိုင်တဲ့ ရှေ့နေတဦးကပြောပါတယ် ခုဆိုရင်ရှေ့နေအသိုင်းအဝိုင်းတခုလုံး ကျောမလုံတော့ပါဘူး မေးမြန်းစရာရှိလို့လိုက်ခဲ့ပါဦးဆိုပီး မနက်ကျရင်အလောင်းပြန်ပို့တဲ့ စစ်ကြောရေးခေတ်ဆိုးမှာ ရှေ့နေတွေကိုယ်တိုင်က ဥပဒေကိုရင်ဆိုင်ဖို့ တွန့်ဆုတ် ကုန်ကြတာဖြစ်ပါတယ် " ရှေ့နေတွေဘဝကမလုံခြုံတော့ဘူး တရားခွင်ကိုလည်း ဘယ်သူမှ သွားမရဲတော့ဘူးလို့ ရှေ့နေတဦးကပြောပါတယ်။
ဒီလိုစိုးရိမ်ထိတ်လန့်ပီး ရှောင်တိမ်းကုန်ကြရတာနဲ့ပက်သက်ပီး ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့်ဟာကိုယ် စစ်ကောင်စီကိုကြောက်လို့ပြေးတာသာဖြစ်ကြောင်း ရှေ့နေတဦးကဆိုပါတယ်။ ဥပေဒကြောင်းအရ အကာကွယ်ပေးဖို့ကြိုးစားရင်း တရားလွှတ်တော်ရှေ့နေတွေကိုယ်တိုင် ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်စဉ်တွေအနက် တခုကလည်း မတ်လတုန်းက ကော့သောင်းမြို့မှာဖြစ်ပွားခဲ့ပါတယ်။ တရားလွတ်တော်ရှေ့နေဦးဇင်မျိုးဟာ သူ့အိမ်မှာနေထိုင်ရင်း ဧည့်စာရင်းစစ်မယ်ဆိုရာမှ စစ်ကောင်စီတပ်ဖွဲ့တွေက မတ်လ ၃၁ ရက်နေ့ကဖမ်းသွားခဲ့တာပါ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း တရားလွှတ်တော်ရှေ့နေဦးသက်ထွန်းဦးဟာ ဇွန်လ ၂ ရက်နေ့ တရားခွင်အတွင်းမှာပဲ ဖမ်းဆီးခံလိုက်ရပါသေးတယ်။
ဒါ့အပြင်မန်းလေးတိုင်းမှာ တရားလွှတ်တော်ရှေ့နေနှစ်ဦးနှင့် အငယ်တန်းရှေ့နေနှစ်ဦးကို ရဲများကမေးစရာရှိတယ်ဆိုပီး ဒီဇင်ဘာလအတွင်းမှာ ဖမ်းဆီးခဲ့ပါသေးတယ် ခုလိုရှေ့နေအသိုင်းအဝိုင်းအပေါ် ဖိအားပေးခြိမ်းခြောက်မှုတွေကြောင့် ထားဝယ်ခရိုင်အပြင် ဘိတ်ခရိုင်ကရှေ့နေတွေလည်း နိုင်ငံရေးအမှုသည်များအတွက် အမှုလိုက်ပါအကျိုးဆောင်ပေးခြင်းမရှိတော့ဘူးလို့ သိရှိရပါတယ်။

========================

📌📌မြဝတီ - ကော့ကရိတ် အာရှလမ်းမှာ ဆီကားနှစ်စီးပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့သတင်းကို တင်ပြပေးပါ့မယ်

မြဝတီတောင်ပိုင်း လေးကေကော်ဒေသမှာ အကြမ်းဖက်စစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲမှုဒဏ်ကြောင့် ဒေသခံပြည်သူတွေ ထောင်သောင်းချီတဲ့အထိ စစ်ဘေးရှောင် ဒုက္ခသည်တွေ ဖြစ်ခဲ့ရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ချိန်မှစလို့ လေကြောင်း ထိုးစစ်ကြောင့် အပြစ်မဲ့ပြည်သူတွေထိခိုက်သေကျေခဲ့ရပီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်သတ်မှတ်ပေးဖို့ ကေအန်ယူကရင်အမျိုးသားအစည်းအရုံးက ဒီဇင်ဘာလ ၂၀ ရက်နေ့က တောင်းဆိုခဲ့ရသည်ထိ လေကြောင်းတိုက်ခိုက်မှုက ဆိုးဝါးခဲ့ရပါတယ် ဒါ့အပြင် စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူတွေ သေကျေနေရတဲ့ လေကြောင်းတိုက်ခိုက်မှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေကိုလည်း ကရင်လူမှုအဖွဲ့အစည်းတွေက ပြုလုပ်လာကြတာတွေ့ရပါတယ်။ လေကြောင်းပစ်ခတ်မှုတွေနှင့်အတူ မြေပြင်ကစစ်အင်အားကျူးကျော်တိုးချဲ့မှုတွေကြောင့် စစ်ကောင်စီအဓိကအသုံးပြုနေရတဲ့ မြဝတီ- ကော့ကရိတ်အာရှလမ်းမပေါ်မှာလည်း ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ပါတယ်။ စစ်လေယာဉ်တွေအသုံးပြုဖို့လေယာဉ်ဆီသယ်ယူရေးလမ်းကြောင်းများစွာအနက် တခုဖြစ်တဲ့ အဆိုပါအာရှလမ်းမကို စစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ သယ်ယူပို့ဆောင်မှုများမလုပ်ဖို့ KNU က သတိပေးတားမြစ်ချက်တွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၆ရက် နေ့လယ်မှာတော့ လောင်စာဆီတင်ယာဉ် ၂ စီး ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်း၂ဦးသေဆုံးပြီး ယာဥ်တစ်စီး မီးလောင်သွားတယ်လို့ သိရပါတယ်။ အာရှလမ်း ကွမ်းခြံကွေ့ကုန်းတက်နေရာတွင် ဇန်နဝါရီ ၁၆ရက်၊ မွန်းလွဲ (၁)နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

"မြဝတီမြို့ကနေ လောင်စာဆီသယ်ပီး ကော့ကရိတ်ဘက်ကိုသွားတဲ့ လောင်စာဆီတင်ယာဉ် ၃စီးအနက် ၂စီး ပစ်ခတ်ခံရတာပါ။
မြဝတီကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ကုန်းတက်နေရာမှာ ပစ်ခတ် ခံထိတာ။ ယာဉ်တစ်စီးကတော့ မီးလောင်သွားပြီး ယာဉ် မောင်းလည်း မီးလောင်သေဆုံးမှု ဖြစ်သွားတယ်။
နောက်ထပ်ပစ်ခတ်ခံရတဲ့ ယာဉ်တစ်စီးမှာလည်း ယာဉ်မောင်း ကျည်ထိမှန်ပြီး နေရာမှာပွဲချင်းပြီး သေဆုံးသွားခဲ့တယ်။"လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ယခုဖြစ်စဉ်အပါအဝင် လောင်စာဆီတင် ယာဉ်များ ပစ်ခတ်ခံရမှုမှာ လေးကြိမ်အထိ ရှိခဲ့ပြီးဖြစ်ပါတယ်။
အဆိုပါ မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် လောင်စာဆီ အပါအဝင် စစ်ကောင်စီအပေါ် အထောက်အကူပြုစေမည့် လုပ်ဆောင်ချက်မှန်သမျှကို မလုပ်ဆောင်ရန် ကေအဲန်ယူက သက်ဆိုင်ရာ အသီးသီးကို အသိပေးထားတယ်လို့လည်း သိရပါတယ်။

========================

📌📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်အမှတ် (၄/၂၀၂၂) ကို ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ ရက်စွဲပါ အဆိုပါကြေငြာချက်ကို ဖတ်ကြးတင်ပြပေးပါ့မယ်။
အာဏာသိမ်းပြီးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နေပြည်တော်၊ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများ၏ မြေအရောင်းအဝယ်ဆိုင်ရာ လုပ်ဆောင်ချက်များအားလုံး တရားဝင်မှုမရှိကြောင်း ကြေညာခြင်း

၁။ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုထံမှ အာဏာကို မတရားသောနည်းလမ်းဖြင့် အတင်းအဓမ္မ သိမ်းယူထားသော၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် တရားဝင်ကြေညာခြင်းခံထားရသော၊ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် မည်သည့်နိုင်ငံကမျှ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားခြင်းမရှိသော အကြမ်းဖက်အဖွဲ့အစည်းတစ်ခုသာဖြစ်သည်။

၂။ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ စည်ပင်သာယာရေးကော်မတီများသည် စည်ပင်သာယာ ပိုင်မြေများကို ရောင်းချခြင်း၊ ဂရံဖောက်ခြင်းများ စီစဉ်ဆောင်ရွက်နေကြောင်းသိရှိရသည်။ နိုင်ငံပိုင်မြေ၏ မူလပိုင်ရှင်သည် နိုင်ငံတော်တွင်မှီတင်းနေထိုင်ကြသော နိုင်ငံသူနိုင်ငံသားများဖြစ်သည့်အတွက် ပြည်သူလူထုအား ကိုယ်စားပြုမှု အလျဉ်းမရှိသော အကြမ်းဖက်စစ်ကောင်စီနှင့် ယင်း၏ လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် အဆိုပါမြေများအား စီမံခန့်ခွဲ ရောင်းချပိုင်ခွင့် မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သတိပေးအပ်ပါသည်

၃။ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းထားသည့်ကာလအတွင်း နေပြည်တော်၊ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများက မြေကွက်များရောင်းချခြင်း၊ ဂရံထုတ်ပေးခြင်းများသည် တရားဝင်မှု လုံးဝမရှိသော ဆောင်ရွက်ချက်သာဖြစ်၍ အဆိုပါမြေကွက်များကို ဝယ်ယူခြင်း၊ ဂရံထုတ်ယူခြင်း၊ တဆင့်ရောင်းချခြင်းများ မပြုလုပ်ကြရန် တားမြစ်ပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ပြန်လည်ရောက်ရှိသည့် အချိန်ကာလတွင် အဆိုပါ မြေများအား ပြည်သူပိုင်မြေအဖြစ် ပြန်လည် သိမ်းယူသွားမည်ဖြစ်ကာ ဝယ်ယူသူများ၊ ရောင်းချသူများနှင့်တကွ ပူးပေါင်းဆောင်ရွက်သူများအားလုံးကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးလိုက်သည်။ ဟူ၍ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်အမှတ် (၄/၂၀၂၂) မှာ ဖော်ပြပါရှိပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment