17th JAN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၁၇ ရက်နေ့ ရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌မြန်မာ့အရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မပါမဖြစ် လိုအပ်သူလို့ ဖိလစ်ပိုင်က ထုတ်ပြန်
📌NUG ၏ ကိုယ်စားလှယ်ရုံး ဂျာမဏီနိုင်ငံမှာ ဖွင့်လှစ်ရန် စီစဉ်မည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ပြောကြား
📌Save Myanmar (USA) က "မဟာဗျူဟာမြောက် (၃)ပွင့်ဆိုင် အွန်လိုင်း အလှူငွေကောက်ခံပွဲ" အမှတ်စဉ် (၃) ကျင်းပခဲ့ပြီး အမျိူးသားညီညွတ်ရေးအစိုးရက ဝန်ကြီးများတက်ရောက်
📌KNLA က BGF ကိုသတိပေးသတ်မှတ်ရက်ပြည့်ပီးနောက် စီးနင်းတိုက်ခိုက်မှုတွေစတင်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မြန်မာ့အရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မပါမဖြစ် လိုအပ်သူလို့ ဖိလစ်ပိုင်က ထုတ်ပြန်

မြန်မာ့ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မပါမဖြစ် လိုအပ်သူဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin က ပြောကြားလိုက်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီး လှုပ်ခတ်လာနေတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဇန်နဝါရီ ၁၆ ရက်နေ့က ကြေညာချက်ထုတ်ပြန်ရာမှာ သူက အဲဒီလို ထည့်သွင်းပြောကြားလိုက်တာပါ။ သူ့ရဲ့ထုတ်ပြန်ချက်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို ကြိုဆိုလိုက်သလိုတိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေနဲ့ အပစ်ရပ်ဆွေးနွေးမှုတွေမှာ အာဆီယံအထူးကိုယ်စားလှယ် ပါဝင်လာတဲ့အပေါ်လည်း ကြိုဆိုလိုက်ပါတယ်၊ ဒါပေမဲ့အဲဒီဆွေးနွေးမှုတွေဟာ လက်ရွေးစင်လူတစ်စုသာ မဟုတ်ဘဲ အားလုံးပါဝင်နိုင်ဖို့နဲ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် မဖြစ်မနေ ပါဝင်ဖို့ လိုအပ်တယ်လို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ်တွေ ထပ်မံချမှတ်ခဲ့တဲ့အပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင်ရှုတ်ချလိုက်ပြီး ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့အတွက် တိုင်းပြည်ပြိုကွဲမယ့်အရေးနဲ့ ပြည်တွင်းစစ်ဖြစ်မယ့်အရေးကို စိုးရိမ်စရာ ဘာအကြောင်းမှ မရှိဘူးလို့လည်း ဆိုပါတယ်။
သူ့အနေနဲ့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်ရေး တိုးတက်မှုရှိဖို့နဲ့ သက်ဆိုင်သူအားလုံး (အထူးသဖြင့်) ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာအောင် တွန်းအားပေးသွားမယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ဒုက္ခတွေ လျော့ပါးလာရေးအတွက် လာမယ့်ရက်သတ္တပတ်တွေအတွင်း တခြားအာဆီယံခေါင်းဆောင်တွေနဲ့အတူ လက်တွဲ ကြိုးပမ်းသွားမယ်လို့လည်း ပြောဆိုထားပါတယ်။

========================

📌📌အခုဆက်လက်ပြီး NUG ၏ ကိုယ်စားလှယ်ရုံး ဂျာမဏီနိုင်ငံမှာ ဖွင့်လှစ်ရန် စီစဉ်မည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဂျာမဏီနိုင်ငံရောက် မြန်မာနွယ်ဖွား တော်လှန်ရေးအင်အားစုတွေဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့နဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၄ နာရီခွဲကနေ ၇ နာရီခွဲအချိန်အတွင်း အွန်လိုင်းမီတင်ကတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးတွေက တက်ရောက်လာကြသူတွေရဲ့ မေးခွန်းတွေကို စေ့စပ်သေချာစွာ အချိန်ပေးဖြေကြားပေးခဲ့ကြပါတယ်။
ဝန်ကြီးနှစ်ဦးရဲ့ ပြောကြားချက်ထဲမှာ - ဂျာမဏီနိုင်ငံလိုမျိုး ဒီမိုကရေစီအားကောင်းတဲ့ ဥရောပသမ္မဂ္ဂအတွင်းက အရေးပါတဲ့နိုင်ငံတခုခုမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကိုယ်စားလှယ်ထားရှိဖို့နှင့် ကိုယ်စားလှယ်ရုံးခန်းထားရှိဖို့လိုအပ်ကြောင်း၊ ရှိလဲရှိသင့်နေပြီဖြစ်ကြောင်း၊ ကိုယ်စားလှယ် ရွေးချယ်ခန့်ထားရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရည်အခြင်းသတ်မှတ်ချက်မူဝါဒအတွင်းမှ ရွေးချယ်ခန့်အပ်သွားမှာဖြစ်ကြောင်း၊ ခန့်အပ်ပြီးတဲ့ကိုယ်စားလှယ်ကိုလည်း ဝိုင်းဝန်းကူညီပေးကြဖို့ အသိပေး မှာကြားခဲ့ပါတယ်။
ဒါ့အပြင်လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ NUG မှ ဆောင်ရွက်နေတဲ့ သံတမန်ရေးရာကိစ္စရပ်တွေ၊ လက်ရှိ‌ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေနဲ့ ဆက်လက်ဆောင်ရွက်ကြမယ့်ကိစ္စရပ်တွေကို စေ့စပ်သေချာစွာ ရှင်းလင်းပြောကြားသွားခဲ့ကြပါတယ်။
အဆိုပါ အွန်လိုင်းတွေ့ဆုံပွဲကို - CRPH, NUG Support Team Germany – Deutschland, တွဲဖက် အစီအစဥ်မှူးအဖြစ် German Solidarity with Myanmar Democracy e.V. မှ မငြိမ်းချမ်းမေ၊ Burma Bureo, Rohingya Community နဲ့ For Federal Myanmar Berlin တို့မှ ကိုယ်စားလှယ်တွေနှင့် တော်လှန်ရေးအင်အားစုတွေ၊ ပညာတော်သင် ရောက်ရှိနေကြသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

========================

📌📌ဆက်လက်ပြီး Save Myanmar (USA) က "မဟာဗျူဟာမြောက် (၃)ပွင့်ဆိုင် အွန်လိုင်း အလှူငွေကောက်ခံပွဲ" အမှတ်စဉ် (၃) ကျင်းပခဲ့ပြီး အမျိူးသားညီညွတ်ရေးအစိုးရက ဝန်ကြီးများတက်ရောက်

ဇန္နဝါရီလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန် မနက်(၈) နာရီက အမျိူးသားညီညွတ်ရေးအစိုးရရဲ့ တာဝန်ခံမှုနဲ့ Save Myanmar (USA) မှ တာဝန်ယူပြီး၊ "မဟာဗျူဟာမြောက် (၃) ပွင့်ဆိုင် အွန်လိုင်း အလှူငွေကောက်ခံပွဲ" အမှတ်စဉ် (၃) ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်၊ လူမဆန်စွာ ထိုးစစ်ဆင်ခံနေရတဲ့ ချင်းတောင်ဒေသရှိ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ပေါင်း (၁၇) ဖွဲ့ စုဖွဲ့ထားသည့် " Chinland Joint Defense Committee " အတွက် ရံပုံငွေ ယူအက်စ် ဒေါ်လာ ၄၀၀၀၀ နီးပါး ကောက်ခံ ရရှိခဲ့တယ်လို့ သိရပါတယ်။ Save Myanmar (USA) မှ အခုလို - မြေပြင်တွင် အသက်စွန့် တိုက်ပွဲဝင်နေကြတဲ့ လိုကယ်ပီဒီအက်ဖ်များ၊ ၎င်းလိုကယ်ပီဒီအက်ဖ်များဟာ နွေဦးတော်လှန်ရေး အောင်နိုင်ရေးအတွက် အရေးကြီးကြောင်း၊ ပံ့ပိုးကူညီရမှာဖြစ်ကြောင်း နှင့် တာဝန်ခံပူး‌ပေါင်းပါဝင်ပေးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်ထောင်စုဝန်ကြီးတွေ နှင့် နွေဦးတော်လှန်ရေးအစမှသည် အဆုံးရောက်တဲ့အထိ အစွမ်းကုန်ကူညီသွားမည်ဟု သံဓိဌာန်ချ ကူညီပေးနေတဲ့ ပြည်တွင်း/ ပြည်ပမှ အလှူရှင်တွေ ပါဝင်တဲ့ (၃)ပွင့်ဆိုင် မဟာဗျူဟာမြောက် အွန်လိုင်း အလှူငွေ ကောက်ခံမှုတွေကို နိုဝင်္ဘာလကုန် နောက်ဆုံးပတ်မှ စတင်ကျင်းပခဲ့တဲ့ ပွဲပေါင်း (၃) ပွဲမှ စုစုပေါင်း အလှူငွေ ယူအက်စ် $ ၁၂၀,၀၀၀ နီးပါး ကောက်ခံရရှိခဲ့ပြီး လှူဒါန်း‌နေပြီဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း ကောက်ခံပြီး မဟာဗျူဟာမြောက် လိုအပ်လျှက်ရှိတဲ့ ဒေသတွင်းရှိ ပီဒီအက်ဖ်တွေကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

========================

📌📌KNLA က BGF ကိုသတိပေးသတ်မှတ်ရက်ပြည့်ပီးနောက် စီးနင်းတိုက်ခိုက်မှုတွေစတင်

ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင်း KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ မဲပလိရွာ BGF အမှတ် ၁၀၁၄ တပ်ရင်းစခန်းကို KNU KNLA တပ်များက ဝင်တိုက်သိမ်းပိုက်လိုက်ကြပါတယ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ခုလိုစတင်ဝင်ရောက်သိမ်းပိုက်မှုကိုပြုလိုက်တာကတော့ ဇန်နဝါရီလ ၁၅ ရက်နေ့ထိ KNU ရဲ့ သတိပေးထုတ်ပြန်ချက် သတ်မှတ်ကာလပြည့်မြောက်ခဲ့ခြင်းကြောင့်လည်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီနောက်လိုက်အဖြစ်နဲ့ ကရင်လူမျိုးအချင်းချင်းပျက်စီးနစ်နာစေမယ့် စစ်ကောင်စီကို အထောက်အပံ့ပေးခြင်း လိုက်ပါဝန်းရံလုံခြုံမှုပေးခြင်းများကို ရပ်တန်းကရပ်ပါရန် BGF အား KNLA တပ်များက သတိပေးခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံးသတ်မှတ်ရက်မှာဇန်နဝါရီလ ၁၅ ရက်နေ့ဖြစ်ပြီး ထိုနေ့လွန်မြောက်သည်အထိ အကြမ်းဖက်စစ်ကောင်စီအား ထောက်ပံ့ကူညီနေမယ်ဆိုရင် မတိုက်ခိုက်ချင်ပေမယ့် ကရင်လူမျိုးချင်းချင်းလည်း တိုက်ခိုက်မှုတွေစတင်မယ့်အကြောင်း သတိပေးထားခဲ့တာ ဖြစ်ပါတယ် ကရင်နယ်ခြားစောင့်တပ်အဖြစ် လူသိများသည့် BGF သည် မူလ KNU မှ DKBA ထို့နောက်မှတဆင့် အာဏာရှင်နောက်လိုက်အဖြစ်နယ်ခြားစောင့်တပ်ဟု အသွင်ပြောင်း ရပ်တည်နေခဲ့ခြင်းဖြစ်ပီး အာဏာသိမ်းပီးနောက်ပိုင်းမှစတင်ကာ ကရင်လူမျိုးတို့၏ မုန်းတီးခြင်းကိုခံနေရသော အဖွဲ့အစည်းဖြစ်ပါတယ် ဇန်နဝါရီ ၁၆ ရက်နေ့ တိုက်ခိုက်စီးနင်းမှုနဲ့ပက်သက်ပြီး “အစတုန်းကတော့ ကိုယ့်လူမျိုးပေါ့နော်။ တစ်ဖက်အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်တော့ရှောင်တယ်။ ဒါပေမဲ့ အခုတော့ ရန်သူလိုပဲ သဘောထားတဲ့သဘောပဲပေါ့။ အဓိကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်လို့ပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲသတင်း အတည်ပြုနိင်ခဲ့ပီးနောက် အဆိုပါ BGF တပ်ဖွဲ့များရဲ့ မဲကလိအခြေစိုက်စခန်းကို KNLA ကသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။ KNLA ရဲ့ တပ်ရင်း ၁၀၂ တပ်ခွဲ ၄ အဖွဲ့မှ ဦးဆောင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းကိုသိမ်းပိုက်ခဲ့ပြီးနောက် စခန်းအတွင်းရှိတဲတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNLA တပ်မှူးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
"BGF တပ်ဖွဲ့ဝင်တစ်ဦးကိုအရှင်ဖမ်းဆီးရမိတယ်။ ထိခိုက်သေဆုံးမှုနဲ့ သိမ်းဆည်းရမိတဲ့ပစ္စည်းနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူး။ KNLA တပ်ဖွဲ့ဖက်တော့ ၂ ဦးဒဏ်ရာရတယ်" လို့ ပြောပါတယ်။ တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး ထိုကဲ့သို့ တပ်မဟာ ၅ နယ်မြေကို စစ်ကောင်စီတပ်များသည် BGF အကူအညီဖြင့် ဝင်ရောက်ကျူးကျော်မှုကို တုံ့ပြန်ရာမှာ KNLA နှင့် KNDO တပ်များကခုခံတော်လှန်နေကြတာပါ။ ယခုလဝက်အတွင်းမှာ စစ်ကောင်စီတပ်များ ၅၀ ကျော်သေဆုံးခဲ့ပီး ၄၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ KNU တပ်မဟာ ၅ ကသတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ် KNLA တပ်များရဲ့တိုက်ခိုက်စီးနင်းမှုကိုခံခဲ့ရတဲ့ မဲပလိတပ်စခန်းသည် BGF အမှတ် ၁၀၁၄ တပ်ရင်းမှ ဗိုလ်မောင်ချစ်လက်အောက်ခံ တပ်စခန်းဖြစ်ကြောင်း သိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment