၂၀၂၂ ဇန်နဝါရီလ ၁၇ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုဝန်ကြီးနှစ်ဦး ဂျာမနီရှိ မြန်မာ Community များ၊ မြန်မာ့အရေးစိတ်ဝင်စားသူများနှင့် တွေ့ဆုံ
📌နယ်စပ်ဖြတ်ကျော်လာသူများကို အရေးပေါ် အကာအကွယ်ပေးမယ်လို့ ထိုင်းဝန်ကြီးချုပ် ကတိပြု
📌လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်နယ်မှာအရပ်သားတွေသေဆုံးပီးနောက်မှာ ဗုံးခိုကျင်းတွေအမြန်တူးကြဖို့ အရေးပေါ်သတိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုဝန်ကြီးနှစ်ဦး ဂျာမနီရှိ မြန်မာ Community များ၊ မြန်မာ့အရေးစိတ်ဝင်စားသူများနှင့် တွေ့ဆုံခဲ့ကြပါတယ်
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နှင့် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့သည် ဂျာမနီရှိ မြန်မာ Community များ၊ မြန်မာ့အရေးစိတ်ဝင်စားသူများနှင့် ဇန်နဝါရီ ၁၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ အဆိုပါဆွေးနွေးပွဲသို့ ဂျာမနီနိုင်ငံရှိ မြန်မာ Community အသီးသီးမှတာဝန်ရှိသူများ၊ ဂျာမနီရောက်မြန်မာပြည်သားများ၊ ဂျာမနီနိုင်ငံရှိ မြန်မာ့အရေးစိတ်ပါဝင်စားသူများနှင့် ပညာရှင်များ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး၊ ဒုဝန်ကြီးမှ နှုတ်ဆက်အမှာစကားပြောကြားပြီး ဂျာမနီနိုင်ငံရှိ မြန်မာ Community များမှ သိရှိလိုသည်များကိုမေးမြန်းကာ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌နယ်စပ်ဖြတ်ကျော်လာသူများကို အရေးပေါ် အကာအကွယ်ပေးမယ်လို့ ထိုင်းဝန်ကြီးချုပ် ကတိပြုခဲ့ပါတယ်
မြန်မာပြည် အာဏာသိမ်းခံရပီးတဲ့နောက် စစ်ဘေးဒဏ်ကြောင့် နယ်စပ်ဖြတ်ကျော် မြန်မာဒုက္ခသည်များကို အရေးပေါ်အကာအကွယ်ပေးရေးနဲ့ပက်သက်လို့ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်မယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ကတိပြုလိုက်ပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေးဇာတယောက် သူမရဲ့ရာထူးတာဝန်များကို ထမ်းဆောင်စဉ်ကစလို့ မြန်မာ့အရေးပထမဆုံးခရီးစဉ်အဖြစ် ဘန်ကောက်မြို့သို့ရောက်ရှိခဲ့ပီး ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာ့အရေးကိုတွေ့ဆုံ ဆွေးနွေးနေတာဖြစ်ပါတယ်။
“ဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုမှာ မြန်မာနိုင်ငံအခြေအနေ ပိုမိုဆိုးရွားလာမှုကို တားဆီးရေး ချက်ချင်း အရေးယူမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့၊ မြန်မာပြည်သူများ အထူးသဖြင့် ထိခိုက်အလွယ်ဆုံးသူတွေရဲ့ အရေးတကြီးလိုအပ်ချက်တွေကို ဖြေရှင်းဖို့ ကျွန်မတိုက်တွန်းခဲ့ပါတယ်” လို့ စင်္ကာပူနိုင်ငံသူ ကုလအထူးကိုယ်စားလှယ်က ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်ရာမှာတော့ ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာသည် မြန်မာပြည်ကပဋိပက္ခကို တားဆီးရာတွင် အရေးကြီးတဲ့ အခန်းကဏ္ဍတွင် ရှိနေကြောင်း ဖော်ပြထားပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အနေနဲ့ အားလုံးပါဝင်ပြီး ပြည်သူများ၏ဆန္ဒကို ထင်ဟပ်တဲ့ မြန်မာနိုင်ငံဦးစားပေးလုပ်ငန်းစဉ်ကို ထုတ်ဖော်ဆွေးနွေးခဲ့ပီးလည်း ထိုင်းဝန်ကြီးချုပ်ကလည်း ဒါကိုလက်ခံကြိုဆိုမှုရှိတယ်လို့သိရပါတယ်။ မြန်မာ့အရေးဆွေးနွေးခဲ့ကြတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့နှစ်ဦးဟာ မကြာသေးမီက အာဆီယံ၊ အာဆီယံအထူးကိုယ်စားလှယ်တို့နှင့် တွေ့ဆုံမှုများ၊ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်သူ ပရာယွတ်ဟာ အာဏာသိမ်းပြီးစ အစောပိုင်းကာလတွေမှာ မြန်မာ့အရေးနဲ့ပက်သက်လို့ မပြတ်သားတဲ့ရပ်တည်ချက်ကိုတွေ့ရှိခဲ့ရပါသေးတယ်။ မြန်မာပြည်အာဏာသိမ်းခံရတဲ့ ဖေဖေါ်ဝါရီလအတွင်းမှာပဲ စစ်အုပ်စုလက်ပါးစေ ဦးဝဏ္ဏမောင်လွင်နဲ့ ထိုင်းဝန်ကြီးချုပ် ပရာရွတ် တွေ့ဆုံခဲ့တယ်လို့သတင်းများထွက်ခဲ့ပီး သတင်းထောက်များရဲ့ မေးမြန်မှုကိုဖြေကြားရာမှာတော့ ဒီတွေ့ဆုံမှုဟာ informal/confidential သာဖြစ်ကြောင်း တုံ့ပြန်ခဲ့တာတွေ့ရပါတယ်။
စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့တို့ကြား ဒီဇင်ဘာလမှာ ကြီးကျယ်ခဲ့တဲ့ မြန်မာ ထိုင်းနယ်စပ်တိုက်ပွဲများမှာတော့ သောင်ရင်းမြစ်ကိုဖြတ်ပြီးမဲဆောက်ခရိုင်အတွင်း တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ စတင်ပေးခဲ့ပါတယ်။
ကိုယ်တိုင်က ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပီး ထိုင်းပြည်သူတွေရဲ့ ဆန့်ကျင်မှုနဲ့ မကြာခဏဆိုသလိုရင်ဆိုင်နေရသူ ထိုင်းဝန်ကြီးချုပ်ဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းအုပ်စုကို တဖက်တလမ်းက ကူညီအကြံပေးနေသလား ဝေဖန်မှုတွေရှိခဲ့ပေမယ့် လေးကေ့ကော်မြို့သစ်တိုက်ပွဲမှစလို့ စစ်ရှောင်ဒုက္ခသည်များ လက်ခံကူညီရင်း သူဟာ မြန်မာ့အရေးကို အလေးပေးကူညီလာတာကိုလည်း တစထက်တစ တွေ့မြင်လာရပါတယ်။
========================
📌📌လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်နယ်မှာအရပ်သားတွေသေဆုံးပီးနောက်မှာ ဗုံးခိုကျင်းတွေအမြန်တူးကြဖို့ အရေးပေါ်သတိပေးနေရပါတယ်
ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းတွင် ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီ လေယာဉ်ပေါ်မှ ဗုံးကြဲခဲ့ရာ အသက်မပြည့်သေးသော စစ်ရှောင်စခန်းနေ ညီအစ်မနှစ်ဦးနှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဗုံးစထိမှန် သေဆုံးသွားပါတယ်။ စစ်ကောင်စီအကြမ်းဖက်လေတပ်ရဲ့ လက်နက်များသည် ရီခီးဘူးကျေးရွာရှိ စစ်ရှောင် ၇၀၀ ခန့် နေထိုင်နေသည့် တန်းလျားအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပါတယ် ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီ: ၁၂ နှစ်အရွယ်ရှိ ကယ်ရိုလိုင်း ခေါ် မခိုင်၊ ၁၅ နှစ်အရွယ် မာရီယာ ကော်ရက်တီ ခေါ် မချောစုတို့ ညီအစ်မနှစ်ဦးနှင့် အသက် ၅၁ နှစ်အရွယ် ဦးအန်ဒရေးယာ ဗုံးစထိမှန် သေဆုံးသွားခဲ့ကြတာပါ။
လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပေမယ့် ရီခီးဘူးကျေးရွာမှာ တိုက်ပွဲတစုံတရာဖြစ်ပွားနေခြင်းမရှိဘူးလို့လည်း သိရပါတယ်။ ထိုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ အကြမ်းဖက်လုပ်ရပ်အား ရပ်တန့်စေရန်အတွက် နိုင်ငံတကာမှ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို(DMO-PDF)က တောင်းဆိုချက်ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူ လူထုကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စစ်ဘေးရှောင်ပြည်သူလူထုအပေါ် ဗုံးကြဲပစ်ခတ်ခြင်း၊ ရပ်ကွက်ကျေးရွာနေ ပြည်သူလူထုအပေါ် ရည်ရွယ် ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်ခြင်းများ တစ်နေ့တစ်ခြားပြုလုပ်လာနေသည်ကို တွေ့ရှိရကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်ပါတယ်။
ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လုပ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း၊စစ်ကောင် စီတပ်၏ ဗုံးကြဲပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သော အပြစ်မဲ့ ပြည်သူသုံးဦးတို့၏ ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြထားပါတယ်။ အခုလိုလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးရတဲ့ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပီးနောက်မှာတော့ ဗုံးခိုကျင်းများကို အမြန်ဆုံးတူးထားရန် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ယနေ့(ဇန်နဝါရီ ၁၇ ရက်)တွင် အရေးပေါ် ထုတ်ပြန်ခဲ့တာလည်းတွေ့ရှိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီသည် လူမျိုးတုံးသတ်ဖြတ်မှုများဆက်လက်ကျူးလွန်ရန် သေချာနေ၍ အခုလိုအရေးပေါ် သတိပေးရခြင်းဖြစ်တယ်လို့ဆိုပါတယ်။
တိုက်လေယာဉ်များပျံသန်းသည့် အရေးပေါ်သတိပေးချက်များကို အလေးထားကြရန်နှင့် လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် တိုက်လေယာဉ်များကိုတွေ့ရှိပါက ချက်ချင်း ဗုံးခိုကျင်းများအတွင်းသို့ ပုန်းရှောင်ပေးကြရန် KSCC က တိုက်တွန်းထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီသည် ခုခံတွန်းလှန်စစ်များပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လုံးဝငဲ့ကွက်ခြင်းမရှိတဲ့စစ်ကောင်စီတပ်များဟာ လေကြောင်းအဓိကထိုးစစ်များ အရှိန်မြှင့်လာနေချိန်ဖြစ်ပါတယ်။ ကရင်နီပြည်နယ်ရှိတိုင်းရင်းသားများ စစ်ဘေးတိမ်းရှောင်နိုင်ဖို့ အသက်ပေးလုံခြုံဖို့အရေးကြီးတဲ့အခြေအနေနှင့်အချိန်လည်းဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment