18th JAN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၁၈ ရက်နေ့ ရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌ကော့ကရိတ်မှာ စစ်ဘေးရှောင်များ တိုးပွားနေ
📌အာဏာသိမ်းအုပ်စုလက်အောက်ခံအကြမ်းဖက်ရဲအရာရှိများ တိုက်ခိုက်ခံရပီး လမ်းကြုံသေဆုံးသွား
📌အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်မှုကို RCSS/SSA တုံ့ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ကော့ကရိတ်မှာ စစ်ဘေးရှောင်များ တိုးပွားနေတဲ့သတင်းကိုတင်ပြပေးချင်ပါတယ်။

ဒီဇင်ဘာ လလယ်ပိုင်းကစခဲ့တဲ့ လေးကေကော်ငြိမ်းချမ်းရေးမြို့သစ်နယ်မြေအား စစ်ကောင်စီရဲ့ထိုးစစ်ကြောင့် တိုက်ပွဲတွေဆက်ဖြစ်ပွားနေပီး စစ်ဘေးရှောင်ဒုက္ခသည်တွေ တိုးလာနေပါတယ်။ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ထုတ်ပြန်ချက်အရ လေကြောင်းဗုံးကြဲမှုနှင့် လက်နက်ကြီးရန်ကိုရှောင်တိမ်းနေရသူ ဒေသခံ ၅၀၀၀ ခန့်ရှိကြောင်းသိရပါတယ်။ ကေအဲန်ယူထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွဲ့ အံကလော် မြို့ဟောင်းကျေးရွာတွေမှာ အခုရက်ပိုင်းတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပိုမိုပြင်းထန်နေတာပါ။
စစ်ကောင်စီဘက်က လေယာဉ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကော့ကရိတ်မြို့နယ်ထဲက ကော့နွဲ့ အံကလော် မြို့ဟောင်း မိဂသိန်၊ ကမိုင်ကုန်း၊ ရွာသစ်စတဲ့ ကျေးရွာ ၁၀ ကျော်က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။ ကော့ကရိတ်မြို့နယ်ထဲမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်သူတွေမှာ စားနပ်ရိက္ခာ အမိုးအကာ ဆေးဝါး စတဲ့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
"တိုးလာတယ် ၂၀၀၀ ကနေ ၅၀၀၀ လေကြောင်းနဲ့တိုက်ကတည်းက သူတို့က မနေရဲတော့ဘူး။ ခန့်မှန်းချက်​ပေါ့လေ ၅၀၀၀ အဲ့လောက်ရှိတယ်လို့တော့ပြောကြတယ်။ လေကြောင်းတိုက်ခိုက်မှုရော မြေပြင်တိုက်ခိုက်မှုရော လုပ်နေတယ်" လို့ ကရင်လူ့အခွင့်အရေး အဖွဲ့မှ စောနန္ဒဆူးက ပြောပါတယ်။
ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ရပီး ၁၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပီး ပြည်သူများရဲ့နေအိမ်နှင့် အဆောက်အဦး ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးခဲ့ရပါတယ်။
ဒီဇင်ဘာ လကုန်ပိုင်းကဆိုရင် မြဝတီတောင်ပိုင်းဒေသတဝိုက်မှာ စစ်ကောင်စီရဲ့ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်အရေအတွက် ​သောင်းဂဏန်းအထိ တဖက်ကမ်း ထိုင်းနယ်စပ်ကိုစစ်ဘေးရှောင်ခဲ့ရပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့ကစလို့ တိုက်ပွဲအနည်းငယ်ငြိမ်သက်ချိန်မှာ စစ်ဘေးရှောင်တွေနေရပ်ပြန်တာ တချို့ရှိခဲ့ပေမယ့် ဒီဇင်ဘာလ ၁၅ ရက်ကစခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းထိုးစစ်တွေ ပြန်လည်ပြင်းထန်လာတိုင်း ဒုက္ခသည်တွေဟာ အသက်လုပြေးလွှားနေရဆဲဖြစ်ပါတယ်။ သောတရှင်များခင်ဗျာ မြဝတီ ကော့ကရိတ်ဒေသတင်မကဘဲ မြန်မာပြည်တောင်ပိုင်းဒေသတလျှောက်ဖြစ်တဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာလည်း လက်နက်ကိုင်တိုက်ပွဲများ ခပ်စိပ်စိပ်ရှိလာတာမို့ ဒေသခံတို့ နေရပ်စွန့်ခွာကာ စစ်ဘေးဒုက္ခသည်များအဖြစ် ပြေးလွှားနေကြရပါတယ်။ အသက်ဘေးရှောင်ကြသူ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ နေရပ်ကို စွန့်ခွာခဲ့ရပီး ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့ သဘာဝဘေးဒဏ်ပြင်းထန်တဲ့ နေရာတွေကို အသက်လု ရွေ့ပြောင်းနေထိုင်ကြရတာပါ။ စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပိုမိုတိုးပွားလာသော ပဋိပက္ခတွေကြောင့် မြန်မာပြည်တောင်ပိုင်းဒေသအနှံ့မှာ စစ်ဘေးဒုက္ခသည်များ တစ်သိန်းနှစ်သောင်းကျော်လာပြီဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူနှင့် ကရင့်လူ့အခွင့်အရေးအဖွဲ့အစည်းများမှထုတ်ပြန်တဲ့စာရင်းအရ သိရှိရပါတယ်။

========================

📌📌ဆက်လက်ပြီး အာဏာသိမ်းအုပ်စုလက်အောက်ခံအကြမ်းဖက်ရဲအရာရှိများ တိုက်ခိုက်ခံရပီး လမ်းကြုံသေဆုံးသွားတဲ့သတင်းတပုဒ်ကိုတင်ပြဖို့ရှိပါတယ်။

တမူးမြို့မှ ကလေးမြို့ဘက်သို့ ပါဂျဲရိုးကားဖြင့် အရပ်သားဟန်ဆောင် ထွက်ခွာလာတဲ့ ရဲကားမိုင်းဆွဲခံလိုက်ရပီး ရဲမှူးအပါအဝင် ၅ ဦး သေဆုံးသွားခဲ့ပါတယ်။
ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွင် တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာနှင့် ရန်လင်းဖိုင်ကျေးရွာကြားအရောက် မိုင်းကွဲကာ မော်တော်ယာဉ် မီးလောင်ပျက်စီးပြီး ယာဉ်ပေါ်ပါရှိသူ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲမှူး သောင်းမြင့်အပါအဝင် (၅)ဦးစလုံးသေဆုံးခဲ့ပါတယ်။
ဒီသတင်းကို သေဆုံးသူရဲအရာရှိများရဲ့ ရာထူးနာမည်နှင့်တကွ အာဏာသိမ်းစစ်တပ်လက်အောက်ခံဘဝမှ ရုန်းထွက်တော်လှန်နေကြတဲ့ myanmar polic cdm channel မှ တိကျခိုင်လုံစွာ သတင်းဖော်ပြခဲ့ကြပါတယ်။ ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်၇ နာရီအချိန်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မူးယစ်တပ်ဖွဲ့စု (၅) ကလေးမှ တပ်ဖွဲ့စုမှူး ရဲမှူး သောင်းမြင့် သည် တပည့်များဖြစ်သည့် ရဲတပ်ကြပ် ဇော်မင်းအောင်၊ ရဲဒုတပ်ကြပ် ကျော်ဇင်ထိုက် ၊ လက်နက် - ခြောက်လုံးပြူးတစ်လက်၊ MA 13 နှစ်လက် ၎င်းကျည်များနှင့်အတူ ခမ်းပါတ်နယ်မြေရဲစခန်း၊ မယ(ပ)၂၆/၂၀၂၀၊ မူး/စိတ်ပုဒ်မ - ၁၉ (က) အမှုအား သက်သေခံရန် ရဲမှူးသောင်းမြင့်၏ကိုယ်ပိုင်ယာဉ် ပါဂျဲရိုးယာဉ်ဖြင့် ကလေးမြို့မှ တမူးခရိုင်တရားရုံးသို့ ထွက်ခွာလာခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
အဆိုပါ ရဲမှူး သောင်းမြင့်အပါအဝင် (၃)ဦးတို့သည် သက်သေခံပြီးစီးလို့ တမူးခရိုင်တရားရုံးမှ ကလေးမြို့သို့ပြန်လာခဲ့ရာ တမူးမှ ပုသိမ်မြို့သို့ ပြောင်းရွှေ့ရမယ့် ဒုရဲမှူး ဝင်းနိုင်နှင့် တမူးမှ ရန်ကုန်သို့ ပြောင်းရွှေ့ရမယ့် ရဲအုပ် မိုးထက်နိုင်တို့နှစ်ဦးကလည်း မိုင်းဆွဲတိုက်ခိုက်ခံရမယ့် ခရီးလမ်းကို ကားကြုံလိုက်ပါခဲ့ကြောင်း တပ်တွင်းနေ ဖရဲသီးများလို့ အမည်တွင်တဲ့ အာဏာရှင်ဆန့်ကျင်သူများရဲ့ ပေးပို့သတင်းအရ တိကျစွာသိရကြောင်း myanmar polic cdm channel က ရေးသားထားပါတယ်။
တိုက်ခိုက်ခံလိုက်ရတဲ့ ယာဉ်ပေါ်မှာ ရဲမှူး သောင်းမြင့်အပါအဝင် စုစုပေါင်း (၅)ဦးဖြစ်သွားပြီး ကလေးမြို့သို့ထွက်ခွာလာခဲ့ကြတာဖြစ်ပါတယ်။ တိုက်ခိုက်အောင်မြင်မှုနဲ့ပက်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တမူးPDF က ရဲအုပ်တစ်ဦးအပါအဝင် ရဲ ​လေးဦး​သေဆုံး​ကြောင်းဟူ၍သာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှသာ ရဲတပ်ဖွဲ့ ၏ သတင်း​ပေးပို့ချက် ရဲမှတ်တမ်းအရ အခုလို အကြမ်းဖက်ရဲမှူးအပါအဝင် အရာရှိများ သေဆုံးရာတွင်ပါဝင်တယ်လို့ ထပ်မံသိရှိရခြင်းလည်းဖြစ်ပါတယ်။ သေဆုံးသူများမှာ မူးယစ်တပ်ဖွဲ့မှ ရဲမှူးသောင်းမြင့်၊ ဒုရဲမှူး ဝင်းနိုင်၊ ရဲအုပ် မိုးထက်နိုင်၊ ရဲတပ်ကြပ်ဇော်မင်းအောင်နှင့် ရဲဒုတပ်ကြပ် ကျော်ဇင်ထိုက်တို့ဖြစ်ကြတယ်လို့ ပြန့်နှံ့နေတဲ့ ရဲကြေးနန်းအရ သိရပါတယ်။
၎င်းတို့အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားဟန်ဆောင်ရဲကားပျက်စီးမီးလောင်သွားပီး စီးနင်းလိုက်ပါလာသောရဲများသေဆုံးသွားပါတယ်လို့ PDF တမူးက ကနဦးသတင်းထုတ်ပြန်ထားပါတယ် ဒါ့အပြင် ၃၂ ဗို့ ခြောက်လုံးပြုး သေနတ် ၁ လက် ၊ MA-13 သေနတ် တစ်လက်နဲ့ ကျ‌ည် ၅ တောင့်၊ MA-13 သေနတ်တစ်လက်နဲ့ ကျည် ၂၀တောင့် စုစုပေါင်း လက်နက် ၃ လက်ပြည်သူ့ကာကွယ်ရေးတပ်ကသိမ်းဆည်း ရမိခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ တမူးခရိုင်အတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အိမ်စီးကားတွေ၊ ခရီးသည်တင်ကားတွေ၊ ၁၂ ဘီးကားတွေကို အသုံးပြုလှုပ်ရှားနေတယ်လို့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြိုတင်သိရှိထားပီး ခရီးသွားပြည်သူတွေအနေနဲ့ ခရီးသွားလာရာမှာ စစ်ကောင်စီကားတွေနဲ့ မှားယွင်းပစ်ခတ်မှု မဖြစ်စေဖို့ မိမိတို့ကားရဲ့ မှန်တွေကို ချပြီးမောင်းနှင်ဖို့နဲ့ စစ်ကောင်စီထုတ်ထုတ်ကုန်တွေကို အရောင်းအဝယ်မပြုကြဖို့ ၁၆ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။ တမူး PDFတပ်ဖွဲ့ဟာ တပ်ရင်း ၃ ခုရှိခဲ့ရာက နောက်ထပ် တပ်ရင်း ၁ ခုတိုးပြီး တပ်ရင်း ၄ ခုနဲ့အတူ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကို တော်လှန်သွားမယ်လို့ သိရှိရပါတယ်။

========================

📌📌အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်မှုကို RCSS/SSA တုံ့ပြန်လိုက်တဲ့သတင်းကို တင်ပြပေးသွားပါ့မယ်

အာဏာသိမ်းစစ်တပ်က အဓမ္မ စစ်အာဏာသိမ်းတဲ့နေ့မှာပဲ အာဏာသိမ်းမှုကိုကန့်ကွက်တယ်လို့ ကြေငြာခဲ့တဲ့ RCSS ရှမ်းလက်နက်ကိုင်အဖွဲ့ဟာ မြန်မာပြည်တဝန်းက လက်နက်ကိုင်တော်လှန်တိုက်ပွဲများ ပြင်းထန်နေချိန်မှာတော့ စစ်အုပ်စုကငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို ကြိုဆိုတယ်လို့ သုံးနှုန်းပြီး သဘောထားတုံ့ပြန်လိုက်ပါတယ်။
ကချင် ကယား ကရင် ချင်း ဗမာ မွန် စတဲ့တိုင်းရင်းသားနယ်မြေစုံမှာ စစ်အုပ်စုရဲ့ လက်နက်အားကိုးဗိုလ်ကျမှုကို အသီးသီးသောလက်နက်ကိုင်နှင့် လက်နက်မရှိသောအဖွဲ့များကလည်း ရရာလက်နက်စွဲပီး တော်လှန်နေပေမယ့် RCSS ကတော့ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ခြင်းမရှိဘဲ အခုလိုစစ်အုပ်စုရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကိုကြိုဆိုတယ်လို့ပြောခဲ့တာပါ။
စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်သည် လက်ရှိ အထွေထွေနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးအတွက် ရည်မှန်းချက်ထားပါက ကြိုဆိုကြောင်း RCSS/SSA တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်၏ ထုတ်ပြန်ကြေညာချက်မှာ ရေးသားပါတယ်။
အာဏာသိမ်းစက RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ဦးဆောင်သူဖြစ်ခဲ့ပါတယ်။ အာဏာသိမ်း အစောပိုင်းကာလ ဖေဖော်ဝါရီ ၂၀ရက် ကြေညာချက်တွင် အာဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးမှု ရပ်ဆိုင်းထားမယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ မတ်လ ၁၁ရက် PPST အစည်းအဝေးတွင်လည်း RCSS ဗိုလ်ချုပ်ကြီးယွက်စစ်က ပြည်သူများနှင့်အတူ ရပ်တည်ပြီး စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးခြင်းများ ရပ်ဆိုင်းထားခြင်း ဆုံးဖြတ်ချက်ကို အခိုင်အမာ ဆက်လက်ကိုင်စွဲသွားမည်ဟု ပြောဆိုခဲ့ဖူးပါတယ်။
“ တွေ့ဆုံဆွေးနွေးရေးမယ်ဆိုတာ တစ်ဖွဲ့ပါမယ် တစ်ဖွဲ့မပါဘူးကိုဆိုလိုတာမဟုတ်ဘူး အားလုံးတွေ့ဆုံဆွေးနွေးရေးကိုဆိုလိုတာပါ။ နောက်တစ်ခုက စစ်တပ်က အမှန်တကယ် ဆွေးနွေးမယ်ဆိုရင်ကြိုဆိုတာပါ။ ကြိုဆိုတယ်ဆိုတာကို ဆွေးနွေးမယ်လိုမသက်ရောက်စေချင်ဘူး။ ရပ်တည်ချက်ကြောင့် ဆွေးနွေးမယ်လိုရင်ကြိုဆိုရတာမှာပေ့ါ ဒါပေမယ့် အားလုံးပါရမယ် ပွင့်ပွင့်လင်းလင်းဆွေးနွေးရမယ်။ လို့“​ RCSS/SSA မှ ​ဗိုလ်မှူးခမ်းစံကလည်း Myanmar Pressphoto Agency သတင်းဌာနကိုကိုပြောပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ (၂၂)ကြိမ်မြောက်၊ တတိယအကြိမ်မြောက် ကွန်ဂရက် အစည်းအဝေးတရပ်ကို ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ဇန်နဝါရီ ၁၆ မှ ၁၇ နှစ်ရက်တွင် ကျင်းပပြုလုပ်ခဲ့အပြီးမှာ အခုလိုထုတ်ပြန်ချက်နှင့်အတူ သဘောထားကို ပြောဆိုလိုက်ကြတာ ဖြစ်ပါတယ်။ (RCSS) ၏ (၂၂)ကြိမ်မြောက်၊ တတိယအကြိမ်မြောက် ကွန်ဂရက် အစည်းအဝေးထုတ်ပြန်ချက်တွင် ရှမ်းပြည်ညီညွတ်ရေးမှ တဆင့် ပြည်ထောင်စုညီညွတ်ရေးကို ဦးတည်ပြီး အားလုံး လက်ခံသော ရှမ်းပြည်ဖက်ဒရယ်မူနှင့်အညီ ရှမ်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေအားတဆင့်ပြီး တဆင့် ရေးဆွဲ နိုင်ရေးအတွက် သျှမ်းပြည်အမျိုးသားညီလာခံပြင်ဆင်ခြင်း အစည်းအဝေးကို မကြာမီကျင်းပသွားမည် ဟု ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတချို့ နှင့် တိုက်ပွဲဖြစ်ပွားခြင်းအား ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ပြဿနာဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန် ကြေညာချက်မှာ တွေ့ရှိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment