1st JAN 2022 - Evening Daily News by Radio NUG

ဇန်နဝါရီလ ၁ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ဒီမော့ဆိုမြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရမှုရှိ
📌ညောင်ရွှေထောင်၌ ဖမ်းဆီးခံထားရသည့် လူ ၃၀ ကျော်ကို ထောင်တွင်းတရားရုံးက ထောင်ဒဏ်များ ချမှတ်
📌ဖယ်ခုံတွင် အမျိုးသမီးငယ် တစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာ ပြင်းထန်စွာ ရရှိ
📌ကရင်နီစစ်ရှောင်တစ်သိန်းကျော်အတွက် အစားအသောက်နှင့်ဆေးဝါးအကူအညီများလိုအပ်နေ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ဒီမော့ဆိုမြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရမှုရှိ

ဒီဇင်ဘာ၃၁ရက်နေ့မှာဖြစ်ပွားတဲ့ ကယား (ကရင်နီ) ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီးသို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ် - ဒီမော့ဆို (DMO – PDF)၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ လွိုင်ကော် (PDF)၊ KGZ ၊ KNDF တို့အပြင် အခြားမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ မနက် ၉နာရီမှ စတင်ကာ ရင်ဆိုင်တိုင်ပွဲဖြစ်ပွားခဲ့ကြောင်း DMO – PDF က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ အဓိက လက်နက်ကြီး 60 MM ၊ 120 MM တို့ ပစ်ကူတိုက်ခိုက်ခဲ့တဲ့အပြင် ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီးနဲ့ ညနေ ၃:၄၀ ကစပြီး မိနစ် ၂၀ ကြာအောင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးများနိုင်ကြောင်း မြေပြင်သတင်းအရသိရပြီး၊ မဟာမိတ်တပ်ဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရမှုရှိခဲ့ပြီး အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း DMO – PDF က ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်ထိ တိုက်ပွဲဆက်ဖြစ်ပွားနေပြီး၊ စစ်ကောင်စီဘက်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး၊ ဂျက်ဖိုက်တာတိုက်လေယာဉ်တို့ကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း DMO – PDF ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

========================

📌📌ညောင်ရွှေထောင်၌ ဖမ်းဆီးခံထားရသည့် လူ ၃၀ ကျော်ကို ထောင်တွင်းတရားရုံးက ထောင်ဒဏ်များ ချမှတ်

ညောင်ရွှေအကျဥ်းထောင် (တောင်လေးလုံးထောင်)မှာဖမ်းဆီးခံထားရသူ ၃၀ ကျော်ကို ဒီဇင်ဘာလ ၃၀ ရက်တွင် ထောင်တွင်း တရားရုံး အသီးသီးက ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရပါတယ်။
စစ်အာဏာရှင်အား ဆန့်ကျင်တယ်လို့ စွပ်စွဲ ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)၊ ၅၀၅-က၊ ၅၀၅-ခ ၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၁၊ ၁၂၂၊ ၁၂၃၊ ၁၂၄ တို့နဲ့ တရားစွဲဆို ခံထားရဲ့အမှုတွဲ ၂၀ ကျော်ကနေ လူ ၃၀ ကျော်ကို အပြီးသတ် အမိန့်တွေ ချမှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

" ထောင်ထဲမှာ မြို့နယ်အလိုက် တရားခွင်တွေ ရှိတယ်။ သူ့တရားခွင်အလိုက် အမိန့် ချကြတာ။ တရားသူကြီး အပေါ် မူတည်ပြီး ထောင်ဒဏ်က ကွာကြတယ်။ အများစုကတော့ ၂ နှစ် ကျကြတယ်။ ဝန်ကြီး ဦစိုးညွန့်လွင်က အများဆုံးပဲ အမှု ၅ ခုအတွက် ၃၈ နှစ်၊ အဂတိအမှုတွေ ကျန်သေးတယ်။" လို့တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ညောင်ရွှေအကျဥ်းထောင် (တောင်လေးလုံးထောင်) မှာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် အပါအဝင် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူတချို့ဟာ လက်ရှိမှာ အမှု ရင်ဆိုင်နေရဆဲ ဖြစ်ပြီး ၎င်းတို့ကိုလည်း ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် အမိန့် ချမှတ်ဖွယ် ရှိတယ်လို့ သိရပါတယ်။

========================

📌📌ဖယ်ခုံတွင် အမျိုးသမီးငယ် တစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာ ပြင်းထန်စွာ ရရှိ

ဖယ်ခုံမြို့၊ ခမရ (၃၃၆) တပ် အနီးရှိ တောင်ယာအတွင်းမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က တိုးချဲ့ရပ်ကွက်နေ သားအမိ ၂ ဦး ပြောင်းဖူး ကောက် (ချိုး) နေစဉ် သမီးဖြစ်သူ အမျိုးသမီးငယ်ဟာ မိုင်းနင်းမိပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရပါတယ်။

မိုင်း နင်းမိတာကြောင့် အမျိုးသမီးငယ်ရဲ့ ခြေထောက် အသားစတွေမရှိတော့ဘဲ လက်ရှိတွင် လွိုင်ကော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး အရေးပေါ် အကူအညီတွေလည်း လိုအပ်နေတယ်လို့ Pekhon PDF က ဒီဇင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ခမရ (၃၃၆) အနီးမှာပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်ကလည်း စစ်တပ်က ထောင်ထားတဲ့ မိုင်း နင်းမိတဲ့အတွက် နန်းဟူးရပ်ကွက်နေ အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက် ဖြတ်ရသည်ထိ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းနင်းမိပြီး နိုဝင်ဘာ နဲ့ ဒီဇင်ဘာ နှစ်လအတွင်း ပြည်သူ ၈ ဦးထက် မနည်း ဒဏ်ရာပြင်းထန်စွာ ရခဲ့ပြီး စစ်ကောင်စီတပ်ထံ ဖမ်းဆီးခံရစဥ် သေဆုံးသူမှာလည်း အနည်းဆုံး ၆ ဦး ရှိခဲ့ကြောင်း Pekhon PDF ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

========================

📌📌ကရင်နီစစ်ရှောင်တစ်သိန်းကျော်အတွက် အစားအသောက်နှင့်ဆေးဝါးအကူအညီများလိုအပ်နေ

အကြမ်းဖက်စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုကို အစောဆုံး လက်နက်ကိုင် တော်လှန်ခဲ့တဲ့ ကယားပြည် နယ်မှာ မေလကစပြီး လက်ရှိအချိန်ထိ ၈လ နီးပါးကာလအတွင်း နေရပ်စွန့်ခွါပြီး စစ်ရှောင်ရသူ တစ်သိန်းကျော် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
နေရပ်စွန့်ခွါသူတွေဟာ လက်ရှိအချိန်ထိ အိမ်ပြန်သူတွေရှိသလို စစ်ကောင်စီတပ်ရဲ့ မြေမြှပ်မိုင်းတွေနဲ့ စစ်ကြောင်းရန်တွေကိုကြောက်ပြီး နေရပ်မပြန်ရ‌သေးသူတွေလည်းရှိနေပါတယ်။
" တစ်သိန်းကျော် ဝန်းကျင်တော့ စုစုပေါင်းရှိတယ်။ တချို့ကလည်း အိမ်တွေကို ခဏပြန်ကြတယ်လေ။ တချို့ကြတော့လည်း မပြန်ရဲကြဘူး။ စစ်ဖြစ်ရင်တော့ ပြန်ပြေးလာကြရတယ်" လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်းရှိ တိုက်ပွဲတွေမှာ လူနေရပ်ကွက်တွေကိုပါ လက်နက် ကြီးနဲ့ ပစ်ခတ်တာ၊ စစ်အင်အား အလွန်အကျွံ အသုံးပြုတာ အပြင် လေကြောင်းတိုက်ခိုက်ခိုက်တာတွေကို အသုံးပြုခဲ့ပါတယ်။
ကျေးရွာတွေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအပြီး စစ်ကောင်စီတွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးတာ၊ ကျေးရွာ‌တွေ အတွင်း လူနေအိမ်တွေ အနီးမှာ မြေမြှပ်မိုင်းထောင်တာတွေကိုပါ ပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့် ဒေသခံတွေအနေနဲ့ တိုက်ပွဲတွေငြိမ်သွားပေမဲ့လည်း နေရပ်ပြန်ရန် အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။
စစ်ရှောင်တစ်သိန်းနီးပါး ရှိလာတဲ့ကရင်နီပြည်နယ်မှာ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ လိုအပ်လျက်ရှိနေပါတယ်။
"စစ်ရှောင်တွေ အတွက်က ဆန်ဆီဆားအခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေ အဓိက လိုတယ်။” လို့ စစ်ရှောင်စခန်းရှိဆရာမတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်တွင် ကရင်နီပြည်နယ်တွင်ဒီမော့ဆို၊ လွိုင်ကော်နဲ့မိုးဗြဲတို့မှာ တစ်ဘက်နဲ့တစ်ဘက် စစ်ရေးအခြေအနေများ တင်းမာလျက်ရှိနေပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA)ရဲ့ထုတ်ပြန်ချက်တွေ အရ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ် နှင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေ အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲ‌တွေကြောင့် လူ‌ဦးရေ‌ ၄ သိန်းကျော် စစ်ရှောင်နေရပြီး ကယားပြည်နယ်မှ လူဦးရေ ၈ သောင်း ထက်မနည်း ပါဝင်ကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ တိုက်ခိုက်တာ၊ မိုင်းထောင်တာတွေကြောင့် ဘုရားကျောင်း‌တွေ၊ နေအိမ်တွေ မီးလောင်ပျက်စီးမှူတွေ ရှိခဲ့တဲ့အပြင် ဒေသခံတွေမှာလည်း သေဆုံးမှုတွေ ရှိခဲ့ကြောင်သိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment