၂၀၂၂ ဇန်နဝါရီလ ၁ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အဓမ္မအာဏာသိမ်းမှုနောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ ဖမ်းဆီးခံရမှု၊ ကျဆုံးမှု၊ ပါတီရုံးဖျက်ဆီးခံရမှုများနှင့် နေအိမ်ချိတ်ပိတ်ခံရမှုအချက်အလက်များကို📌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်
📌ဟန်နားအထက်တန်းကျောင်းမှာ ကျောင်းလာမတက်တဲ့ ကလေးတွေကို တစ်ဦး ၅ သိန်းပေးရမယ်ဆိုပြီး ခြိမ်းခြောက် ကျောင်းတက်ခိုင်းနေ
📌မင်းအောင်လှိုင်နှင့် စစ်ကောင်စီဟာ အထီးကျန်ဖြစ်နေပီး အာဏာရှင်ကိုဖြုတ်ချရေးမှာပူးပေါင်းကြဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အဓမ္မအာဏာသိမ်းမှုနောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ ဖမ်းဆီးခံရမှု၊ ကျဆုံးမှု၊ ပါတီရုံးဖျက်ဆီးခံရမှုများနှင့် နေအိမ်ချိတ်ပိတ်ခံရမှုအချက်အလက်များကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့ ၂၀၂၂ ခုနှစ် ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့အဆိုပါသတင်းမှတ်တမ်းတွင် အောက်ပါအတိုင်းရေးသားဖော်ပြခဲ့ပါတယ်၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ ၂၀၂၁ ဒီဇင်ဘာလ ၃၁ နေ့အထိ မတရားဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် အရေအတွက်စုစုပေါင်းမှာ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌများဖြစ်ကြသော ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် (၆၄၉) ဦးဖြစ်ပြီး ပြန်လည်လွတ်မြောက်လာပြီးသူမှာ (၁၄၆) ဦးရှိပါသည်။ ထိန်းသိမ်းခံထားရစဉ်ကာလအတွင်း (၁၄) ဦးကျဆုံးခဲ့ရကာ (၄၈၉) ဦးမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲဖြစ်ပါသည်။ ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးကာလတွင်ဖြစ်စေ၊ အကျဉ်းကျနေစဉ်ကာလတွင်ဖြစ်စေ၊ ပြန်လည်လွတ်မြောက်ပြီး မကြာမီကာလတွင်ဖြစ်စေ ကျဆုံးကွယ်လွန်ခဲ့သူ (၁၄) ဦးမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၊ ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်(ခ) ဦးအေးကြူ တို့အပါအဝင် ဦးခင်မောင်လတ် (ပန်းဘဲတန်း)၊ ဦးဇော်မြတ်လင်း (ရွှေပြည်သာ)၊ ဦးကျော်ကျော်(ခ) အဂ္ဂမိုးညို (ဇမ္ဗူသီရိ)၊ ဦးစိုးစံ(ဝမ်းတွင်း)၊ ဦးအေးလှ(ကျောက်တံခါး)၊ ဦးညွန့်ရွှေ(ပဲခူး)၊ ဦးဖြိုးဝေထွန်း(ချောက်)၊ ဦးဝင်းကြိုင်(လှိုင်သာယာ)၊ ခွန်ဘွားထိုသွေး (ဆီဆိုင်)၊ ဦးကျော်ဆန်းဦး(ပုဗ္ဗသီရိ)၊ ဦးသန်းထွန်းဦး(ခ)မင်းကိုသိန်း(ခ)ဦးဖက်တီး(အောင်မြေသာဇံ)၊ သက်ထွေးမောင်(ခ)မုန်းမာန်(ခ)ဒေါင်းမာန် (ပြည်ကြီးတံခွန်) တို့ဖြစ်ပါသည်။ အဆိုပါ (၁၃) ဦးအနက် ဦးဉာဏ်ဝင်း၊ ဦးအေးလှ၊ ဦးညွန့်ရွှေ၊ ဦးဝင်းကြိုင်၊ ခွန်ဘွားထိုသွေး တို့ (၅) ဦးမှာ ထောင်တွင်းအကျဉ်းကျခံနေရစဉ်ကာလအတွင်း ကျဆုံးခဲ့သူများဖြစ်ပြီး ဦးခင်မောင်လတ်၊ ဦးဇော်မြတ်လင်း၊ ဦးကျော်ကျော်(ခ) အဂ္ဂမိုးညို ၊ ဦးစိုးစံ၊ ဦးဖြိုးဝေထွန်း၊ ဦးကျော်ဆန်းဦး၊ ဦးသန်းထွန်းဦး(ခ)မင်းကိုသိန်း(ခ)ဦးဖက်တီး၊ သက်ထွေးမောင်(ခ)မုန်းမာန်(ခ)ဒေါင်းမာန် တို့မှာ စစ်ကြောရေးကာလအတွင်း သတ်ဖြတ်ခံရမှုကြောင့် ကျဆုံးခဲ့သူများဖြစ်ပါသည်။ မုံရွာအောင်ရှင်(ခ) ဦးအေးကြူ သည် ပြန်လည်လွတ်မြောက်ပြီး တစ်လအကြာတွင် ကျဆုံးခဲ့ရပါသည်။ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ်များလဲပါဝင်ပြီး စုစုပေါင်း (၁၀၁) ဦးဖြစ်ပါသည်။ ပြန်လည်လွတ်မြောက်လာပြီးသူမှာ (၈) ဦးရှိကာ (၉၂) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါသည်။ ထိန်းသိမ်းခံထားရစဉ်အတွင်း ကွယ်လွန်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးရှိပါသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးအပါအဝင် တိုင်းနှင့်ပြည်နယ်များရှိ တိုင်းရုံး၊ မြို့နယ်ရုံး၊ ရပ်ကွက်/ကျေးရွာရုံးများကို မသမာသူအကြမ်းဖက်သမားများက ဥပဒေမဲ့ဖျက်ဆီးလျက်ရှိရာ ရရှိသောစာရင်းများအရ ဗဟိုရုံးချုပ်အပါအဝင် စုစုပေါင်း (၈၆) ကြိမ်ရှိခဲ့ပြီဖြစ်ပါသည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝန်းရံသူပြည်သူများ၏ နေအိမ်နှင့် အဆောက်အဦများအား ဥပဒေမဲ့ဝင်ရောက်၍ ပစ္စည်းများသိမ်းဆည်းသယ်ယူသွားခြင်း၊ ဖျက်ဆီးမီးရှို့ခဲ့ခြင်းများအပြင် အကြောင်းအမျိုးမျိုးပြ၍ နေအိမ်များကို ချိတ်ပိတ်မှုများရှိခဲ့ကာရရှိသောစာရင်းများအရ ချိတ်ပိတ်ခံရသူ စုစုပေါင်း (၇၇) ဦးရှိခဲ့ပြီဖြစ်ပါသည်။
အထက်တွင်ဖော်ပြခဲ့သော ကိန်းဂဏန်းအချက်အလက်များသည် မြေပြင်ရှိ ပါတီဝင်များ၏ အကူအညီဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ(CWC) က ကောက်ယူရရှိထားသော အချက်အလက်များသာဖြစ်ပြီး စာရင်းမရရှိသေးသူများရှိနိုင်ပါသည်ဟူ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီမှရေးသားဖော်ပြခဲ့ပါတယ်။
========================
📌📌ဟန်နားအထက်တန်းကျောင်းမှာ ကျောင်းလာမတက်တဲ့ ကလေးတွေကို တစ်ဦး ၅ သိန်းပေးရမယ်ဆိုပြီး ခြိမ်းခြောက် ကျောင်းတက်ခိုင်းနေ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရိူးမြို့နယ် ဟန်နားကျေး ရွာအုပ်စု ဟန်နားအထက်တန်းကျောင်းမှာ ကျောင်းမတက်တဲ့ ကျောင်းသူ/သားတွေကို စစ်ကောင်စီလက် အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဆရာမတွေက ကျောင်းမတက်ရင် တစ်ဦးကို ငွေကြေး ၅ သိန်း ပေးရမယ်လို့ ငြိမ်ခြောက်ပြီး ကျောင်းအတင်းအဓမ္မ ကျောင်းတက်ခိုင်းနေတယ်လို့ သိရပါတယ်။ဒေသခံကျောင်းသားမိဘတွေက သူတို့ကလေးတွေကို ကျောင်းမထားချင်ပေမယ့် အတင်းအဓ္မ တက်ခိုင်းတာကြောင့် မဖြစ်မနေ ကလေးတွေကို ကျောင်းတက်ခိုင်းနေရတယ်လို့ ဆိုပါတယ်။ ဟန်နားကျေးရွာ သေခံတစ်ဦးကတော့ "ကလေးတွေ ကျောင်းပေးမတက်ချင်မယ့် ငွေကြေးတောင်းတော့ ကျွန်တော်တို့ မပေးနိုင်ဘူး။ ကျောင်းမတက်ရင် ငွေကြေး ၅ သိန်း ပေးရမယ်လို့ မိဘတွေကို ခြိမ်ခြောက်ထားနေတယ်" လို့ သူကပြောပါတယ်။လက်ရှိ ဟန်နားကျေးရွာစာသင်ကျောင်းမှာ ဆရာမ ၅ ဦးသာ CDM ပြုလုပ်ထားပြီး လက်ရှိကျန်ရှိနေတဲ့ ဆရာမ ၁၇ ဦးအထိ ရှိတယ်လို့ သိရပါတယ်။အလားတူ လားရိူးမြို့အတွင်းမှာလည်း CDM ကျောင်းဆရာမတစ်ဦးဆီမှာ အခမဲ့ကျောင်းတက်နေတဲ့ ကျောင်းသားတွေကိုလည်း Non-CDM ဆရာမတွေက ကျောင်းလာမတက်ရင် စာသင်ကျောင်းထဲပေးဝင်မှာ မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ခံထားရပါတယ်။
CDM မှာပါဝင်ထားတဲ့ ကျောင်းဆရာမ တစ်ဦးက "NUGအစိုးရဘက်ကလည်း ကျွန်မတို့ပြောထားတယ်။ ကလေးတွေကို ဒီတိုင်းမပစ်ထားနဲ့ တတ်နိုင်သလောက် စာသင်ကြားပေးထား။ အစိုးရပြန်တက်လာရင် ကလေးတွေကို စာမေးပွဲအလွယ်တကူဖြေကြားနိုင်မှာ။ ပညာရေးမနှောင့်နှေးတော့ဘူး။ ဒါပေမယ့် ကလေးတွေက အခုအခြိမ်းခြောက်ခံနေရတယ်" လို့ ပြောပါတယ်။ လက်ရှိ ခြိမ်းခြောက်ထားခံထားရတဲ့ ကျောင်းသူ/သားတွေဟာ အ.ထ.က (၂) နဲ့ အ.ထ.က (၆)မှာ ကျောင်းပြန်သွားတက်ရတယ်လို့ သိရပါတယ်။"ကျောင်းကဆရာ၊ ဆရာမတွေက မိဘတွေဆီ ဖုန်းဆက်လာတယ်။ ဒီနေ့ ချက်ချင်းလာတက်၊ မရရင် တစ်သက်လုံး ပေးတက်မှာလည်း မဟုတ်ဘူးဆိုပြီး ခြိမ်းခြောက်လာတယ်။ မိဘတွေကလည်း ကြောက်လန့်ပြီးတော့ ကလေးတွေကို ကျောင်းသွားတက်ခိုင်းကြတယ်။ ကျမဆီလာတက်တဲ့ ကျောင်းသားတွေလည်း အခုဆို တော်တော်နည်းသွားတယ်" လို့ CDM ဆရာမတစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ မနက်ပိုင်းသာ စာသင်ကြားပေးနေပြီး နေ့လည်ပိုင်းမှာ စာသင်ကြားခြင်းမရှိဘဲ အကပိုင်းတွေကိုပဲ သင်ကြားပေးတယ်လို့ ဆိုပါတယ်။ လားရှိုးမြို့တွင်းမှာ အထက (၂) နဲ့ အထက (၆) မှာ ကျောင်းဖွင့်ထားလျက်ရှိနေပြီး ကျောင်းသူ/သား အများစုကတော့ ကျောင်းလာတက်ရောက်ကြခြင်း မရှိသေးပါဘူး။
========================
📌📌မင်းအောင်လှိုင်နှင့် စစ်ကောင်စီဟာ အထီးကျန်ဖြစ်နေပီး အာဏာရှင်ကိုဖြုတ်ချရေးမှာပူးပေါင်းကြဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောဆိုခဲ့ပါတယ်
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ဝိုင်းဝန်းလက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်ပါတယ်။ တောင်ပေါ်မြေပြန့် ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကို ဘုံရန်သူအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်တွန်းလှန်သွားမည်ဆိုလျှင် မြန်မာနိုင်ငံတွင်နိုင်ငံရေးအခင်းအကျင်းအသစ် ထွက်ပေါ်လာလိမ့်မယ်လို့ သူကဆိုပါတယ်။
KIO ဥက္ကဋ္ဌက နှစ်သစ်ကူးမိန့်ခွန်းကို ကချင်ဘာသာဖြင့် ပြောဆိုသွားတာဖြစ်ပီး KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ပြောပြပါတယ်။ “စစ်ကောင်စီဟာ အထီးကျန်သည့်အဖွဲ့အစည်းတစ်ခု ဖြစ်နေပြီး ခုလိုအခြေအနေရောက်လာအောင် ပါဝင်တိုက်ခိုက်တွန်းလှန်နေသည့် အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်အားလုံးကို ချီးမွမ်းထောပနာပြုပါကြောင်း၊ တောင်ပေါ်မြေပြန့် ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကို ဘုံရန်သူအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်တွန်းလှန်နေခြင်းကြောင့် အနာဂတ်အချိန်တွင် မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခင်းအကျင်းအသစ် ထွက်ပေါ်လာမည့် လက္ခဏာကောင်းဖြစ်တယ် ” လို့ KIO ဥက္ကဌကပြောဆိုလိုက်တာပါ။ အာဏာသိမ်းခံလိုက်ရတဲ့ ပြည်သူကနေပေါက်ဖွားလာတဲ့ NUG၊ PDF တွေအားလုံးဟာ လက်နက်ကိုင်ပြီးမှ တော်လှန်နေတဲ့ အချိန်ကာလဖြစ်သလိုတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း အတူခုခံတော်လှန်ချိန်ဆိုတော့ မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ အထီးကျန်ဆန်တဲ့အနေအထားတခုကို ရောက်နေပီဖြစ်တယ်ဒါကြောင့် ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းပြီး ရှေ့ဆက်ဖို့ တွန်းအားပေးတဲ့စကားများ ပြောဆိုခဲ့ကြောင်း ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ပြောပြပါတယ်။ ကုန်လွန်ခဲ့တဲ့ ၂၀၂၁အတွင်း စစ်ကောင်စီ အာဏာသိမ်းပီးနောက် ပြည်သူလူထုများ အခက်အခဲကြုံရသည့် ကိစ္စနှင့် ကိုဗစ်ရောဂါကြောင့် ပြည်သူများ အသက်ဆုံးခဲ့ရတဲ့အပေါ်မှာ ဝမ်းနည်းစကား ပြောကြားသွားပါတယ်။ ထိုသို့လူထုများအပေါ် အားပေးစကားပြောကြားပီးနောက် ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်များ လိုက်နာရန် တဆက်တည်း သတိပေးပြောကြားခဲ့ပါသေးတယ်။ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ ကချင်ဘာသာ မိန့်ခွန်းမှာ စစ်ကောင်စီနှင့် တိုက်ရိုက်မသက်ဆိုင်သည့် အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခြင်းမပြုရန်လည်း တော်လှန်ရေးအဖွဲ့များအပေါ် တိုက်တွန်းခဲ့တယ်လို့ပြန်ကြားရေးဌာနတာဝန်ခံက ပြောပြပါတယ်။
“စစ်ကောင်စီကို တိုက်ခိုက်တွန်းလှန်နေသည့် လက်နက်ကိုင်အဖွဲ့နှင့် အသင်းအဖွဲ့အသီးသီးကို မှာကြားလိုသည်မှာ ပြည်သူလူထုနှင့် သက်ဆိုင်သည့်နေရာများ ကျောင်း၊ ဆေးရုံနှင့် အခြားစစ်ဖက်နှင့် တိုက်ရိုက် မပတ်သက်သည့် နေရာနှင့် လူများကို သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဗုံးခွဲဖျက်စီးခြင်းများ မဖြစ်စေဖို့ သတိထားလုပ်ဆောင်စေလိုကြောင်း၊ တော်လှန်ရေးလုပ်နေသူများကို ကမ္ဘာက အပြစ်ပေးအရေးယူလာမှုမရှိစေရန် မှန်ကန်သည့်ဥပဒေများကို လိုက်နာဆောင်ရွက်စေရန် တိုက်တွန်းလိုသည်” ဟု ပြောကြားခဲ့သည်။ အာဏာရှင်ကိုမလိုလားတဲ့ခုခံပြည်သူတွေဟာ ရရာလက်နက်မျိုးစုံကို တီထွင်ထုတ်လုပ်ကာ တိုက်ခိုက်နေကြသည်ကိုတွေ့ရကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော်KIO KIA ဘက်ကလည်း လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ တတ်နိုင်တဲ့ဘက်က ပါဝင်ကြိုးစားနေကြောင်း ပြောပါတယ် လူမျိုးကြီးဝါဒ၊နှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ပါက မိမိတို့အားလုံးမျှော်လင့်သည့် နိုင်ငံရေးအခင်းအကျင်းသို့ ရောက်ရှိလာနိုင်ကြောင်း၊ အနာခံမှ အသာစံရမှာဖြစ်ကြောင်း ပြည်သူအားလုံးလည်း ကျရာအခန်းကဏ္ဍကနေ အားလုံးဆက်လက်ပူးပေါင်းပါဝင်ရန်လိုကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့ပါတယ်။ (KIO/KIA) သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်လျက် ခုခံတိုက်ပွဲများကို ပြင်းပြင်းထန်ထန်ဆင်နွှဲနေတဲ့ လက်နက်ကိုင်အဖွဲ့အဖြစ်ပီး ဒီဇင်ဘာ ၂၄ ရက်နေ့တွင် မိုးညှင်းခရိုင်၊ ကညင်မြိုင်ကျေးရွာအနီး ဆားမှော် ခမရ ၃၈၃ နှင့် ၃၈၄ တပ်ရင်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြကာ လက်နက်များကို သိမ်းဆည်းခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အထိအခိုက် အသေအဆုံး များပြားခဲံတယ်လို့သိရှိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment