၂၀၂၂ ဇန်နဝါရီလ ၂ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အာဏာရှင်ကိုဖြုတ်ချရေးမှာပူးပေါင်းကြဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောဆိုလိုက်တဲ့သတင်း
📌ကောလင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် မြို့ထဲကျပြီး ကိုရင်လေးတစ်ပါးပျံလွန်တော်မူ၊ ဒဏ်ရာရသူများနှင့် နေအိမ်ထိခိုက်ပျက်စီးမှုများရှိ
📌ကုန်းသာရွာသစ် ကျေးရွာခံအမျိုးသားတစ်ဦး မိုင်းထိမိပြီး ဒဏ်ရာပြင်းထန်
📌မြဝတီ-ကော့ကရိတ်အာရှလမ်းမတွင် ယာဉ်သွားလာများအပေါ် KNLA မှ စည်းကမ်းတင်းကျပ်ထား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အာဏာရှင်ကိုဖြုတ်ချရေးမှာပူးပေါင်းကြဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောဆိုလိုက်တဲ့သတင်း
မင်းအောင်လှိုင်နှင့် စစ်ကောင်စီဟာ အထီးကျန်ဖြစ်နေပီး အာဏာရှင်ကိုဖြုတ်ချရေးမှာပူးပေါင်းကြဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ဝိုင်းဝန်းလက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်ပါတယ်။ တောင်ပေါ်မြေပြန့် ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကို ဘုံရန်သူအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်တွန်းလှန်သွားမည်ဆိုလျှင် မြန်မာနိုင်ငံတွင်နိုင်ငံရေးအခင်းအကျင်းအသစ် ထွက်ပေါ်လာလိမ့်မယ်လို့ သူကဆိုပါတယ်။
KIO ဥက္ကဋ္ဌက နှစ်သစ်ကူးမိန့်ခွန်းကို ကချင်ဘာသာဖြင့် ပြောဆိုသွားတာဖြစ်ပီး KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ပြောပြပါတယ်။ “စစ်ကောင်စီဟာ အထီးကျန်သည့်အဖွဲ့အစည်းတစ်ခု ဖြစ်နေပြီး ခုလိုအခြေအနေရောက်လာအောင် ပါဝင်တိုက်ခိုက်တွန်းလှန်နေသည့် အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်အားလုံးကို ချီးမွမ်းထောပနာပြုပါကြောင်း၊ တောင်ပေါ်မြေပြန့် ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကို ဘုံရန်သူအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်တွန်းလှန်နေခြင်းကြောင့် အနာဂတ်အချိန်တွင် မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခင်းအကျင်းအသစ် ထွက်ပေါ်လာမည့် လက္ခဏာကောင်းဖြစ်တယ် ” လို့ KIO ဥက္ကဌကပြောဆိုလိုက်တာပါ။ အာဏာသိမ်းခံလိုက်ရတဲ့ ပြည်သူကနေပေါက်ဖွားလာတဲ့ NUG၊ PDF တွေအားလုံးဟာ လက်နက်ကိုင်ပြီးမှ တော်လှန်နေတဲ့ အချိန်ကာလဖြစ်သလိုတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း အတူခုခံတော်လှန်ချိန်ဆိုတော့ မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ အထီးကျန်ဆန်တဲ့အနေအထားတခုကို ရောက်နေပီဖြစ်တယ်ဒါကြောင့် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းပြီး ရှေ့ဆက်ဖို့ တွန်းအားပေးတဲ့စကားများ ပြောဆိုခဲ့ကြောင်း ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ပြောပြပါတယ်။ ကုန်လွန်ခဲ့တဲ့ ၂၀၂၁အတွင်း စစ်ကောင်စီ အာဏာသိမ်းပီးနောက် ပြည်သူလူထုများ အခက်အခဲကြုံရသည့် ကိစ္စနှင့် ကိုဗစ်ရောဂါကြောင့် ပြည်သူများ အသက်ဆုံးခဲ့ရတဲ့အပေါ်မှာ ဝမ်းနည်းစကား ပြောကြားသွားပါတယ်။ ထိုသို့လူထုများအပေါ် အားပေးစကားပြောကြားပီးနောက် ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်များ လိုက်နာရန် တဆက်တည်း သတိပေးပြောကြားခဲ့ပါသေးတယ်။ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ ကချင်ဘာသာ မိန့်ခွန်းမှာ စစ်ကောင်စီနှင့် တိုက်ရိုက်မသက်ဆိုင်သည့် အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခြင်းမပြုရန်လည်း တော်လှန်ရေးအဖွဲ့များအပေါ် တိုက်တွန်းခဲ့တယ်လို့ပြန်ကြားရေးဌာနတာဝန်ခံက ပြောပြပါတယ်။
“စစ်ကောင်စီကို တိုက်ခိုက်တွန်းလှန်နေသည့် လက်နက်ကိုင်အဖွဲ့နှင့် အသင်းအဖွဲ့အသီးသီးကို မှာကြားလိုသည်မှာ ပြည်သူလူထုနှင့် သက်ဆိုင်သည့်နေရာများ ကျောင်း၊ ဆေးရုံနှင့် အခြားစစ်ဖက်နှင့် တိုက်ရိုက် မပတ်သက်သည့် နေရာနှင့် လူများကို သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဗုံးခွဲဖျက်စီးခြင်းများ မဖြစ်စေဖို့ သတိထားလုပ်ဆောင်စေလိုကြောင်း၊ တော်လှန်ရေးလုပ်နေသူများကို ကမ္ဘာက အပြစ်ပေးအရေးယူလာမှုမရှိစေရန် မှန်ကန်သည့်ဥပဒေများကို လိုက်နာဆောင်ရွက်စေရန် တိုက်တွန်းလိုသည်” ဟု ပြောကြားခဲ့သည်။ အာဏာရှင်ကိုမလိုလားတဲ့ခုခံပြည်သူတွေဟာ ရရာလက်နက်မျိုးစုံကို တီထွင်ထုတ်လုပ်ကာ တိုက်ခိုက်နေကြသည်ကိုတွေ့ရကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော်KIO KIA ဘက်ကလည်း လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ တတ်နိုင်တဲ့ဘက်က ပါဝင်ကြိုးစားနေကြောင်း ပြောပါတယ် လူမျိုးကြီးဝါဒ၊နှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ပါက မိမိတို့အားလုံးမျှော်လင့်သည့် နိုင်ငံရေးအခင်းအကျင်းသို့ ရောက်ရှိလာနိုင်ကြောင်း၊ အနာခံမှ အသာစံရမှာဖြစ်ကြောင်း ပြည်သူအားလုံးလည်း ကျရာအခန်းကဏ္ဍကနေ အားလုံးဆက်လက်ပူးပေါင်းပါဝင်ရန်လိုကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့ပါတယ်။ (KIO/KIA) သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်လျက် ခုခံတိုက်ပွဲများကို ပြင်းပြင်းထန်ထန်ဆင်နွှဲနေတဲ့ လက်နက်ကိုင်အဖွဲ့အဖြစ်ပီး ဒီဇင်ဘာ ၂၄ ရက်နေ့တွင် မိုးညှင်းခရိုင်၊ ကညင်မြိုင်ကျေးရွာအနီး ဆားမှော် ခမရ ၃၈၃ နှင့် ၃၈၄ တပ်ရင်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြကာ လက်နက်များကို သိမ်းဆည်းခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အထိအခိုက် အသေအဆုံး များပြားခဲံတယ်လို့သိရှိရပါတယ်။
========================
📌📌ကောလင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် မြို့ထဲကျပြီး ကိုရင်လေးတစ်ပါးပျံလွန်တော်မူ၊ ဒဏ်ရာရသူများနှင့် နေအိမ်ထိခိုက်ပျက်စီးမှုများရှိ
စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် ဇန်နဝါရီလ ၁ရက်နေ့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် မြို့ပေါ်ကျပြီး ကိုရင်လေးတစ်ပါးပျံလွန်တော်မူကာ ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း သိရပါတယ်။
လက်နက်ကြီးကျည်ဟာ ကောလင်းမြို့ပေါ်ရှိ ကျောင်းသစ်ကျောင်းတိုက်ပေါ်ကို ကျရောက်ပြီး အသက် ၁၆ နှစ်အရွယ် ကိုရင်လေး အရှင်နန္ဒိယရဲ့ ဦးခေါင်းကို လက်နက်ကြီးကျည်စထိမှန်ကာ မနက် ၁၁ နာရီခန့်တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း ကောလင်းကင်းထောက်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရပ်ကွက်အတွင်းရှိ Bar ဆိုင်တစ်ခုအပါအဝင် နေအိမ်အချို့ပေါ်ကိုလည်း လက်နက်ကြီးကျည်စများကျရောက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ကောလင်းမြို့ ဒေသခံတွေက ပြောပါတယ်။”ကိုရင်လေးတပါးတော့ ဆုံးသွားတာပေါ့။လူနေအိမ်တွေကိုတော့ တော်တော်များများထိသွားတယ်၊အတိအကျတော့ မပြောနိုင်ဘူး၊ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်း ရှိတယ်။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ယမန်နေ့ညကတည်းက ကောလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်ချရာနေရာများတွင် ပစ်ခတ်သံများဖြစ်ပေါ်ခဲ့ပြီး တိုက်ပွဲထိခိုက်ကျဆုံးမှုအခြေအနေများကို သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပေ။
========================
📌📌ကုန်းသာရွာသစ် ကျေးရွာခံအမျိုးသားတစ်ဦး မိုင်းထိမိပြီး ဒဏ်ရာပြင်းထန်
ရှမ်းမြောက် ကျောက်မဲမြို့နယ် ကုန်းသာရွာသစ် ကျေးရွာခံအမျိုးသားတစ်ဦး မိုင်းထိမိရာကနေ ပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့မနက်ကနေ ညနေပိုင်းအထိ ကုန်းသာရွာသစ် ကျေးရွာခံတွေဟာ ကလောဝိုင်းရွာဘက် သွားတဲ့လမ်းကို သန့်ရှင်းရေးလုပ်ရင်းမိုင်းသွားထုမိပြီး ပေါက်ကွဲသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အုမ်းငန်းကျေးရွာမှ ဆရာတော်တစ်ပါးက “မနက်ပိုင်းက ဓားနဲ့ပဲ သန့်ရှင်းရေးတွေလုပ်တော့ ဘာမှမဖြစ်ဘူး။ နေ့လယ်ပိုင်းကျတော့ ပေါက်ပြားနဲ့ပေါက်တာ။ ညနေ သုံးနာရီချိန်လောက်ပဲ ပေါက်ပြားနဲ့ မိုင်းပေါက်မိတော့ ထိသွားတယ်” လို့ မိန့်ပါတယ်။
မိုင်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားတဲ့အမျိုးသားဟာ (အသက် ၇၀) ကျော်အရွယ်ရှိ တားအအေး ဖြစ်ပြီး ခြေထောက်၊ လက်နဲ့ ခါးတွေမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။ “ပေါင်နဲ့ လက်မှာ ထိတဲ့ဟာက ပေါက်ထွက်သွားတယ်။ သူက စကားတောင် မပြောနိုင်တော့ဘူး။ တော့ဆန် ဆေးခန်းမှာပို့တော့ ဆရာမက မကုနိုင်တော့ဘူး။ ကျောက်မဲ ပို့ရမှာပြောလို့ ကျောက်မဲ အိုမ်တမာ၀တ်အသင်းကို လာကြိုခိုင်းတယ်” ဆိုပြီး ဆရာတော်က ဆက်မိန့်ပါတယ်။
ကျောက်မဲမြို့နယ်ဟာ SSPP, TNLA ပူးပေါင်းတပ်နဲ့ RCSS တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
========================
📌📌မြဝတီ-ကော့ကရိတ်အာရှလမ်းမတွင် ယာဉ်သွားလာများအပေါ် KNLA မှ စည်းကမ်းတင်းကျပ်ထား
ကရင်ပြည်နယ် မြဝတီမြို့နဲ့ ကော့ကရိတ်မြို့နယ်သို့သွားတဲ့ အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ယာဉ်အသွားအလာများပြားလာတာကြောင့် ကရင်အမျိုးလွတ်မြောက်ရေးတပ်မတော်(KNLA)မှ စည်းကမ်းတင်းကျပ်မှုများပြုလုပ်ထားကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။
မြန်မာစစ်တပ်နဲ့ ကေအန်ယူလက်အောက်ခံ KNLA ပူးပေါင်းတပ်ဖွဲ့ကြား ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး မြန်မာစစ်တပ်မှ အရပ်ကားများ၊ လူနာတင်ယာဉ်များကိုတားဆီးကာ စစ်အင်အားဖြည့်တင်းရန်ကြိုးပမ်းနေတဲ့အတွက် စည်းကမ်းတင်းကျပ်မှုတွေပြုလုပ်ထားခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၆)နယ်မြေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"စစ်ကောင်စီက အခုဖြစ်နေတဲ့ လေးကေ့ကော်တိုက်ပွဲမှာလဲအကျအဆုံးများနေတယ်။ ပြီးတော့ ကော့ကရိတ်ဘက်ကိုလည်းအာရှလမ်းကနေ အင်အားဖြည့်တင်းဖို့ကြိုးစားနေတယ်ပေါ့။ အဲ့ဒီအချိန်မှာ အရပ်သားကားတွေကိုတားပြီးလိုက်စီးတာ၊ လူနာတင်ယာဉ်တွေကိုဝင်စီးပြီး ကားယူတာတွေရှိတဲ့အတွက် ယာဉ်သွားယာဉ်လာစည်းကမ်းတွေကို လုံးဝတင်းကျပ်ထားလိုက်တာဖြစ်ပါတယ်"အဆိုပါနီးစပ်သူက ပြောပါတယ်။
အရပ်သားကားတွေအနေနဲ့ မြဝတီ-ကော့ကရိတ်အာရှလမ်းပေါ်သို့ သွားလာခြင်းပြုလုပ်ပါက ကားတံခါးမှန်များကိုချထားရန်၊ KNLA တာဝန်ရှိသူများဘက်မှ တားမြစ်စစ်ဆေးပါက အစစ်ဆေးခံယူရန်၊ ကားများကို တာလပတ်အုပ်၍သွားလာခြင်းမပြုရန်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် စစ်သုံးပစ္စည်းလက်နက်ခဲယမ်းများ သယ်ဆောင်ပေးခြင်းမပြုရန်တို့ကို KNLA မှ သတိပေးထားပါတယ်။
ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကိုလိုက်နာမှုမရှိဘဲ ခရီးသွားလာမှုများပြုလုပ်နေကြသည်ကို တွေ့မြင်နေရတဲ့အတွက် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် စည်းကမ်းမဲ့ယာဉ်များအား သတိပေးပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း KNLA မှ ပြောပါတယ်။
အခုပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အတွက် တချို့မော်တော်ယာဉ်လိုင်းတွေမှာ သွားလာခြင်းမရှိတော့ဘဲ ရပ်နားထားရတဲ့အပြင် စီးနင်းသူတွေနဲ့ယာဉ်မောင်းတွေမှာ စိုးရိမ်မှုရှိနေရပေမဲ့လည်း မဖြစ်မနေသွားလာနေရခြင်းကြောင့် နားလည်မှုများပေးစေလိုကြောင်း ရန်ကုန်-မြဝတီ-ကော့ကရိတ်ခရီးသည်ယာဉ်လိုင်း မောင်းသူတစ်ဦးကပြောပါတယ်။
"တိုက်ပွဲတွေက အခုဆိုပိုဖြစ်လာတော့ သွားလာရတာ အရမ်းခက်ခဲလာပါတယ်။ မတော်တဆ ကိုယ့်ကိုထိခိုက်သွားလေမလားဆိုတဲ့အတွေးကတော့ ကားသမားတိုင်းရှိပါတယ်။ ဒါပေမဲ့စားဝတ်နေရေးအတွက်ကတော့ မဖြစ်မနေမောင်းရမှာပဲဆိုတော့ မတတ်နိုင်ဘူးပေါ့။ အချို့ယာဉ်လိုင်းတွေကတော့ ပြန်ရပ်နားတာတွေတော့ရှိတယ်ပေါ့နော်။ အခြေအနေတည်ငြိမ်လာမလားဆိုပြီးစောင့်နေတဲ့သဘောလဲပါမှာပေါ့လေ"လို့ သူကဆိုပါတယ်။
ဒီဇင်ဘာ ၃၀ ရက်တွင်လည်း လေးကေ့ကော်မြို့သစ်မှ မြန်မာစစ်တပ်နဲ့ KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လမ်းမှားဝင်ရောက်လာတဲ့ စစ်တပ်မှတပ်ရင်းမှူးတစ်ဦးအပါအဝင် တပ်သားခုနှစ်ဦးကို KNLA ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခဲ့ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment