3rd JAN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၂ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ပြည်သူတွေဟာ စစ်အုပ်စုရဲ့ ဗိုလ်ကျ လွှမ်းမိုးမှုကို ဒီပွဲမှာအပြီးသတ်တိုက်ဖျက် ဖို့ သန္နိဋ္ဌာန်ချပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးကပြောကြား
📌၂၇၆၁ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကေအဲန်ယူ - ထိန်းချုပ်နယ်မြေ တစ်နေရာမှာကျင်းပ
📌ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တော်ဝင် နဂါးတပ်တော် ( MRDA) အဖြစ်သို့ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း
📌ပြည်သူ့တော်လှန်ရေးနှစ် ၂၀၂၂အခမ်းအနားကို ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ တက်ရောက်ဖွင့်လှစ်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပြည်သူတွေဟာ စစ်အုပ်စုရဲ့ ဗိုလ်ကျ လွှမ်းမိုးမှုကို ဒီပွဲမှာအပြီးသတ်တိုက်ဖျက် ဖို့ သန္နိဋ္ဌာန်ချပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးကပြောကြားလိုက်ပါတယ်

သမိုင်းတလျှောက်မှာ အဆိုးဝါးဆုံး စစ်အာဏာသိမ်းမှုနှင့် ရက်စက်မှုတွေကို ကြုံခဲ့ကြတဲ့ပြည်သူတွေဟာ အနှစ် ၆၀ ကျော်ရင်ဆိုင်ခဲ့ရပြီးဖြစ်တဲ့ စစ်အုပ်စုရဲ့ ဗိုလ်ကျ လွှမ်းမိုးမှုကို ဒီပွဲမှာအပြီးသတ်တိုက်ဖျက် ဖို့ သန္နိဋ္ဌာန်ချနိုင်ခဲ့ပီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ဝန်ကြီး ဦးရည်မွန်က ဘီဘီစီသတင်းဌာနကိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးဦးဆောင်မှုကဏ္ဍအတွက် အရေးပါတဲ့ CRPH, NUCC, NUG တို့ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့တယ် အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော်ကို ရှေ့ရှုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို ထူထောင်နိုင်ခဲ့တယ် PDF နဲ့လက်တွဲပြီးတိုက်ပွဲဝင်မဲ့ ပကဖတွေ၊LDF တွေဟာလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ပေါ်ပေါ က်လာခဲ့တယ် စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ ဗဟိုကွပ်ကွဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C နဲ့တကွ စစ်ရေးမဟာမိတ်စုစည်းမှုတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ် ပြည်သူ့တော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ စာနာနားလည်မှုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါတွေဟာ ၂၀၂၁ ခုနှစ်အတွင်းကြိုးစားရုန်းကန်ခဲ့ရာမှ ရရှိခဲ့တဲ့အတွေ့အကြုံကောင်းတွေဖြစ်ကြောင်း ဦးရည်မွန်က ရည်ညွှန်းပြောဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေဟာ နယ်မြေဒေသအချို့ကို စိုးမိုးထားနိုင်ပီး ထိုဒေသများကိုအခြေပြုကာ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးအာဏာထူထောင်မှုကိုလည်း တပြိုင်နက်တည်း အကောင်အထည်ဖော်နေပြီဆိုတာလည်း ပြည်သူကိုအသိပေးခဲ့ပါတယ်။ အသက်နှင့်ဘဝတွေ ဆုံးရှုံးနစ်နာမှုတွေများခဲ့ရပေမယ့် လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ဆိုတာ တော်လှန်ရေး ရေသောက်မြစ် တည်တဲ့နှစ်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးကတင်စားပါတယ်။ တဆက်တည်းမှာပဲ ၂၀၂၂ ခုနှစ်ကတော့ တော်လှန်ရေးအောင်ပွဲခံမဲ့နှစ်လို့ ပြောပါတယ်။
လူအင်အား၊ ရန်ပုံငွေအင်အား ၊ လက်နက်အင်အား ၊ command and control တွေပိုကောင်းလာဖို့ ရှိကြောင်းကိုလည်း ပြောပါတယ်။ တိုက်ပွဲတိုင်းလိုလိုမှာ လေကြောင်းအားကိုးတဲ့တိုက်ခိုက်မှုတွေကို အားထားနေရတဲ့ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ဟာ အင်အားအနေနဲ့ စာရွက်ပေါ်မှာသာရှိကြောင်းခုခံတော်လှန်စစ်ကြောင့် စစ်ကောင်စီအင်အားများ နေ့စဉ်ပြုန်းတီးနေကြာင်း ဦးရည်မွန်ကပြောပါတယ် ။ ထိုသို့အထိနာလာတာနဲ့အမျှ လေကြောင်းနှင့်လက်နက်ကြီးတွေကိုအားထားပီး ပြည်သူတွေကိုပိုမိုအကြမ်းဖက်လာနိုင်ကြောင်း ပြည်သူတွေကိုသတိပေးခဲ့ပါတယ်။
ဒါပေမယ့် ဆက်လက်အင်အားကောင်းလာနေတဲ့ တော်လှန်ရေးတပ်ဖွဲ့များဟာ အာဏာသိမ်းအုပ်စုရဲ့အကြမ်းဖက်ဗျူဟာကို လအနည်းငယ်အတွင်းမှာ ဦးချိုးပစ်လိုက်နိုင်တယ်လို့ ယုံကြည်ကြောင်း ပြောဆိုပါတယ်။ ကာကွယ်ရေးဝန်ကြီးကဆက်လက်ပြောဆိုရာမှာသူကိုယ်တိုင် တိုင်းရင်းသငားလက်နက်ကိုင်နယ်မြေတွေထဲ ခိုလှုံခဲ့ရဖူးပီး EAO များရဲ့ စောင့်ရှောက်မှုနဲ့ CRPH လုပ်ငန်းတွေကိုအကောင်အထည်ဖော်ခဲ့ရတာမို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ကျေးဇူးဟာ ကြီးမားတယ်လို့လည်း ထုတ်ဖော်ဝန်ခံသွားပါတယ်။ NUCC , NUG နှင့် PDF တွေပေါ်ပေါက်လာရခြင်းကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဝိုင်းဝန်းပေးမှုကြောင့်သာ ဖြစ်တည်ခဲ့ကြောင်းဆိုပါတယ်။
" အခုဆင်နွှဲနေတဲ့ ပြည်သူ့တော်လှန်ရေးမှာ NUG , MOD ကအရပ်ဘက်ကွပ်ကဲမှု တာဝန်ကိုယူပြီး EAO တွေရဲ့ စစ်ဖက်ခေါင်းဆောင်တွေက စစ်ရေးဦးဆောင်မှုတာဝန်ကိုယူ အဲသလိုပူးပေါင်းဆောင်ရွက်တာပါ။ လေးကေ့ကော်တိုက်ပွဲကတော့ KNU အနေနဲ့ သမိုင်းကတောင်းဆိုတဲ့ တော်လှန်ရေးတာဝန်ကို ဦးဆောင်မှုရှိရှိ ပါဝင်ထမ်းရွက်ဖို့ စိတ်ပိုင်းဖြတ်လိုက်တာပဲလို့ မြင်ပါတယ်။ စစ်ကောင်စီအနေနဲ့ သူဖွင့်ထားရတဲ့ စစ်မျက်နှာစုံမှာ အရူးမီးဝိုင်းပိုဖြစ်လာဖို့ပဲရှိပါတယ်" လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောဆိုသွားပါတယ်။
ဆက်လက်ပီး ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ကြောကြားချက်များတွင် ရန်ကုန်မြို့ မြို့ပြပြောက်ကျားစစ်ဆင်ရေးမှာ ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့အဖမ်းခံလိုက်ရတဲ့ဖြစ်စဉ်ကိုလည်း ထည့်သွင်းပြောဆိုပါတယ်။ အာဏာသိမ်းအုပ်စုရဲ့ အမဲလိုက်သလို လိုက်ခံနေရတဲ့ လှုပ်ရှားမှုမှာ ခုလိုဖမ်းဆီးခံရမှုဟာ တချို့ရဲဘော်များရဲ့ မြေအောက်စည်းမျဉ်းစည်းကမ်းလိုက်နာမှု အားနည်းတဲ့အချက်ကြောင့်လည်း ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ ဒီအားနည်းချက်တွေကို ပြန်သုံးသပ်နေပီး လိုအပ်သည်များကိုလည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်မှာ တော်လှန်ရေးအောင်မြင်ဖို့အရေးအတွက် Man power အနေနဲ့ ပြောစရာမလိုအောင်ပြည့်စုံပါတယ် အဓိကလိုအပ်နေတာ လေးခုရှိပီး ထိုလိုအပ်ချက်များကတော့ ရန်ပုံငွေ ၊ လက်နက် ၊ မဟာမိတ်စုဖွဲ့မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဗျူဟာပိုင်းတို့ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။ ဦးရည်မွန်ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးတဦးဖြစ်ပီး ၂၀၂၂ ခုနှစ်ဟာ ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ် အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွက် ပန်းတိုင်ကိုရောက်မယ့်နှစ်ဖြစ်ကြောင်းကိုလည်း ခန့်မှန်းပြောဆိုထားပါတယ်။

========================

📌📌၂၇၆၁ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကေအဲန်ယူ - ထိန်းချုပ်နယ်မြေ တစ်နေရာမှာကျင်းပခဲ့ကြတဲ့အကြောင်း တင်ပြပေးပါ့မယ်

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနမှ စီစဉ်မှုပီးတော့၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက် သလေလဆန်း (၁) ရက်နေ့တွင် ကျရောက်သော ၂၇၆၁ ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေတစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပီး အခမ်းအနားအစီအစဥ်ကို နံနက် ၆း၀၀ နာရီအချိန်တွင် စတင်ပါတယ် အခမ်းအနားအစကို ဗိုလ်မှူး စောမိုးဇက် နှင့် ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ ကရင်အမျိုးသားအလံတော်ကို အလံတော်တိုင်ထိပ်သို့ လွင့်ထူခြင်းဖြင့်စတင်ခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ရုံး (ဗဟို) မှ ဦးဆောင်၍ ကရင်အမျိုးသားအလံတော်ကို အလေးပြုခြင်း နှင့် ကျဆုံးလေပြီးသော ကရင်အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များနှင့် မိဘပြည်သူများအား အလေးပြုခဲ့ပါသည်။ ထို့နောက်မှာတော့ ပဒိုစောလှထွန်း ( ကေအဲန်ယူ - အထွေထွေအတွင်းရေးမှူး - ၂ ) မှ ၂၇၆၁ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်အခမ်းအနား အဖွင့်ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံကို ဆရာမ နော်သွဲဖော မှ ပြောကြာခြင်း၊ ၂၇၆၁ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးသို့ ပေးပို့သော ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ သဝဏ်လွှာကို နော်အယ်နီအောင် ( ကရင်ဘာသာ ) နှင့် စအောင်မျိုးထက် ( မြန်မာဘာသာ ) တို့မှ ဖတ်ကြားခြင်း၊၂၇၆၁ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား နှစ်သစ်မင်္ဂလာ ကြိုဆိုခြင်း နှင့် ဂုဏ်ပြုစကားကို( ကေအဲန်ယူ - ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ) ပဒို စောသမိန်ထွန်း နှင့် ( ကေအဲန်ယူ - ဗဟို ကော်မတီဝင် ) ပဒို နော်ဒါးဒါး စသည် တို့မှ ပြောကြားပြီး ၂၇၆၁ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးသို့ ပေးပို့လာသော
ကရင်အမျိုးသမီးအစည်းအရုံး ( KWO )၏ သဝဏ်လွှာ ကို နော်စေးသမိုထူးမှ လည်းကောင်း၊ ကရင်လူငယ်အစည်းအရုံး ( KYO )၏ သဝဏ်လွှာကို စောစတီဗင်မှ လည်းကောင်း ဖတ်ကြားခဲ့ပါသည်။ ထို့နောက် ကေအဲန်ယူ - စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန (ဗဟို) ဒုတာဝန်ခံ ပဒို စောကလယ်စေးမှ ကျေးဇူးတင်စကား နှင့် နိဂုံးချုပ် စကားကို ပြောကြားပါတယ်။ ကရင်အမျိုးသားသီချင်းကို သီဆိုခြင်းဖြင့် ၂၇၆၁ ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့၏ အခမ်းအနား အစီအစဉ်ကို ရုတ်သိိမ်းခဲ့ပါတယ်။ အခမ်းအနား အစီအစဉ်အပြီးမှာတော့ ကရင်ရိုးရာနှစ်သစ်ကူးအစားအစာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေး ခဲ့ပါတယ်။ ထိုသို့ကျင်းပခဲ့ကြတဲ့ ၂၇၆၁ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်ကြီးများအချို့၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်မှ ခေါင်းဆောင်ကြီးများအချို့နှင့် ဒေသသခံပြည်သူလူထုများ အပါအဝင် စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ခန့် အခမ်းအနားကို တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။

========================

📌📌ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တော်ဝင် နဂါးတပ်တော် ( MRDA) အဖြစ်သို့ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်းသတင်းကိုတင်ဆက်ပေးပါ့မယ်

ဗိုလ်နဂါးဦးဆောင်ပြီး အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံခုခံတော်လှန်နေတဲ့ စစ်ကိုင်းတိုင်း ပုလဲဒေသ ကာကွယ်ရေးတပ်ဖွဲ့ကို ဇန်နဝါရီလ ၁ ရက်နေ့ ၂၀၂၂ ခုနှစ်မှာ မြန်မာ့တော်ဝင်နဂါးတပ်တော် Myanmar's Royal Dragon Army (MRDA) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို ခုခံရာမှာ လူသိများပြီးအောင်မြင်တဲ့မှတ်တမ်းကောင်းတွေကို ဗိုလ်နဂါးဦးဆောင်တဲ့ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က ရရှိထားခဲ့တာဖြစ်ပါတယ်။ အခုတော့ တစ်နိုင်ငံလုံးလွှမ်းခြုံမယ့် မြန်မာ့တော်ဝင်နဂါးတပ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့ပီဖြစ်ကြောင်း ခေါင်းဆောင်ဗိုလ်နဂါးကပြောပါတယ်မြန်မာ့တော်ဝင်နဂါးတပ်တော်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန် ကြီးဌာနနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ် ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်ရာမှာ ပြည်သူလူထုရဲ့ ကူညီထောက်ပံ့မှုနဲ့သာစတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာအထိုက်အလျောက် အောင်မြင်မှုတစ်ခုရရှိနေပြီဖြစ်ကြောင်းကိုလည်း ခေါင်းဆောင်ဗိုလ်နဂါးက ပြောပြပါတယ်။ ဆက်လက်ပီးတော်လှန်ရေးကိုအရှိန်အဟုန်မြှင့်ဖို့ ရည်မှန်းချက်နဲ့ We love Dragonဆိုတဲ့ အဖွဲ့တခုကိုဖန်တီးပီး ဘဏ္ဍာရေးကိုဖြည့်တင်းမှာဖြစ်တာကြောင့် ယုံယုံကြည်ကြည်နဲ့ ပံ့ပိုးပေးကြဖို့ကိုလည်း တော်ဝင်နဂါးတပ်တော် ခေါင်းဆောင်ဖြစ်သူက Rise Newsမီဒီယာကို ပြောကြားခဲ့ပါတယ်။
“ လက်နက်ကိုင်တော်လှန်ရမယ့် အနေအထားတရပ်ဖြစ်လာပြီးတဲ့နောက်မှာ ရရာလက်နက်ကိုဆွဲကိုင်ပြီးတော့ တော်လှန်ခဲ့ကြတယ်. ဒါပေမယ့် လိုအပ်ချက်တွေထဲကနေပေါက်ဖွားလာတဲ့ ပြည်သူဖြစ်တဲ့အတွက် ကျနော်တို့မှာပြည့်စုံလုံလောက်တဲ့ လက်နက် ခဲယမ်းတွေဖန်တီးဖို့ဆိုတာ မရှိခဲ့ဘူး. အဲ့တော့ ပြည်သူလူထုရဲ့ ပံ့ပိုးမှုအကူအညီမှုတွေနဲ့ ကျနော်တို့မှာ ရန်သူကိုရင်ဆိုင်ဖို့ လက်နက်ခဲယမ်းတွေးဖန်တီးရတယ်. အဲ့ဒါတွေနဲ့ပဲ တော်လှန်ရေးကို ဆင်နွှဲလာခဲ့တာ ဒီနေ့ဆိုရင် ထိုက်သင့်တဲ့အောင်မြင်မှုတစ်ခု ပြည်သူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖန်တီးပေးနိုင်တဲ့ အနေအထားအထိရောက်နေခဲ့တယ်. ဒါကလည်း အားလုံးသိတဲ့အတိုင်းပဲ ကျနော်တို့ကိုယ်တိုင်ရှိတဲ့ စည်းစိမ်ဥစ္စာအနည်းအကျဥ်းဆိုတာလည်း ဒီတော်လှန်ရေးထဲမှာ ထည့်သွင်းအသုံးပြုပြီးတဲ့နောက် ကုန်သွားပြီ. ဒီအနေအထားအထိရောက်လာဖို့ဆိုတာက အဖက်ဖက်က ပြည်သူလူထုရဲ့ဝန်းရံပံ့ပိုးမှုတွေနဲ့ ကျနော်တို့ချီတက်လာခဲ့ရတာ. ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုတဲ့နေရာကနေပြီးတော့ ကျနော်ဟာပုလဲမြို့ကို ကိုယ်စားမပြုတော့ပဲနဲ့ တနိုင်ငံလုံးရဲ့ ဒေသစုံမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို စုစည်းပြီးတော့ ကျနော်တို့ လွတ်လပ်ရေးပန်းတိုင်ဆီချီတက်ဖို့ စိတ်ကူးနဲ့ အခုဆိုရင် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုတာကိုဖျောက်ပြီးတော့ နယ်မြေဒေသတစ်ခုတည်းကို အဆွဲမပြုတော့ပဲနဲ့ ဒေသစုံလွှမ်းခြုံတဲ့ အဖွဲ့အစည်းတစ်ခုဖန်တီးလိုက်တယ် အဲ့ဒါကတော့ Myanmar Royal Dragon Army လို့ခေါ်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်ကို ကျနော်တို့ဖွဲ့စည်းထူထောင်လိုက်တယ်. ပံ့ပိုးလာတဲ့ငွေကြေးတွေကို အသုံးချသွားမယ် အဲ့ဒီလို အသုံးချပြီးတော့ ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ပဲ ကျနော်တို့တိုက်ပွဲဝင်မယ် ပြည်သူ့လွတ်မြောက်ရေးကိုဖန်တီးမယ်လို့လည်း ကတိပြုတယ်.“

MRDA သည် စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်ချေမှုန်းရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ် အလားတူ နိုင်ငံတစ်ဝန်း စစ်အုပ်ချုပ်ရေးယန္တရား လုံးဝပျက်စီးရပ်ဆိုင်းသွားသည်အထိ တိုက်ခိုက်ချေမှုန်းမယ်လို့ MRDA ဖွဲ့စည်းကြောင်း ကြေငြာချက်မှာ ကတိပြုထားပါတယ်။ အဆိုပါကြေငြာချက်ကို ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပီး အတ္တဝါဒီ အဓမ္မဝါဒီတို့၏ ရန်များမှကာကွယ်ရင်း ပြည်သူတို့ရဲ့ လွတ်လပ်ငြိမ်းချမ်းတဲ့ဘဝကို ဖော်ဆောင်မယ်လို့ ရေးသားထားပါတယ်။ ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ဟာ မူလကပုလဲ PDF အဖွဲ့အဖြစ် တိုက်ပွဲပေါင်းများစွာကို ရရာလက်နက်ကိုင်စွဲပီး အောင်မြင်မှုရယူထားနိုင်ခဲ့ပါတယ်ပြည်သူတွေအနေနဲ့ မိမိတို့လိုချင်တဲ့ ဒီမိုကရေစီနှင့်လွတ်လပ်တရားမျှတမှုကို လမ်းကြုံမလိုက်ဘဲ မည်သူ့ကိုမျှအားမကိုးဘဲ ကိုယ်တိုင်ပါဝင်တိုက်ယူဖို့လိုတဲ့အကြောင်း ရဲရဲတောက် ပြောကြားထားတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

========================

📌📌ပြည်သူ့တော်လှန်ရေးနှစ် ၂၀၂၂အခမ်းအနားကို ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ တက်ရောက်ဖွင့်လှစ် ခဲ့တဲ့သတင်းကို ဆက်လက်တင်ပြပေးပါမယ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် အဖွဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁)ရက် စနေနေ့ မွန်းလွဲ ၃နာရီအချိန်တွင် ကိုရီးယားနိုင်ငံ ဘူဖြောင်းခရိုင်ရှိ ဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂ ခန်းမဆောင်တွင် ကျင်းပပြုလုပ်သော စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)အဖွဲ့က ဦးဆောင်စီစဉ်သည့် ပြည်သူ့တော်လှန်ရေးနှစ် ၂၀၂၂အခမ်းအနားသို့ တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခြင်း၊ ၂၀၂၂ ခုနှစ်ကို ပြည်သူ့တော်လှန်ရေးနှစ်အဖြစ် ကြေညာပေးခြင်းတို့အား ပြုလုပ်ခဲ့ပါသည်။

၂၀၂၂ခုနှစ်တွင် တော်လှန်ရေးစိတ်ဓာတ်ကို အမြင့်ဆုံးမြှင့်တင်၍ အစွမ်းကုန် လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်သည့် အဆိုပါ “ပြည်သူ့တော်လှန်ရေးနှစ် ၂၀၂၂” ကြေညာဖွင့်လှစ်ခြင်းနှင့် တော်လှန်ရေး အရှိန်မြှင့်တင်ခြင်း အခမ်းအနားကို တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသား ၃၀၀ခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို
အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော
ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊
ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊
လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်၊
အမျိုးသားညီညွတ်ရေးအစိုးရအတိုင်ပင်ခံကောင်စီမှ ဦးမင်းကိုနိုင်
စသည့် နိုင်ငံခေါင်းဆောင်အသီးသီးတို့မှ
အွန်လိုင်းမှ တိုက်ရိုက်မိန့်ခွန်းပြောကြားခြင်းဖြင့်လည်းကောင်း၊
ရုပ်သံများ သဝဏ်လွှာများဖြင့် လည်းကောင်း
မိန့်ခွန်းများ အသီးသီး ပြောကြားပေးခဲ့ကြပါသည်။

ကိုယ်စားလှယ်ဦးရန်နိုင်ထွန်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)မှ အမျိုးသားညီညွတ်ရေးအစိုးရထံ ပေးအပ်လှူဒါန်းသည့် စတုတ္ထအကြိမ်မြောက် One Day Challenge အလှူငွေ အမေရိကန် ဒေါ်လာ (၁)သိန်းအား NUG အစိုးရကိုယ်စား လက်ခံယူပေးခဲ့ပါသည်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment