၂၀၂၂ ဇန်နဝါရီလ ၃ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌တန့်ဆည် ကပေါင်းကျရွာကို စကစ (၁၀) ကြိမ်မြောက် ဝင်စီးကာ နေအိမ်များကို ဆက်လက် မီးရှို့ဖျက်ဆီး
📌မိုင်းကိုင်မြို့နယ်မှာ တိုက်ပွဲထပ်မံပြင်းထန်l စစ်ရှောင်လာတဲ့ဒေသခံပြည်သူ ၇၀၀ ကျော်ထိရှိလာ
📌ခန္တီးနယ် ချင်းတွင်းမြစ်တစ်လျှောက်ရှိ ကျေးရွာများတွင် ရှမ်းနီ SNA အဖွဲ့က လူနှင့်ရိက္ခာတောင်းယူနေသဖြင့် မပေးနိုင်သည့်ရွာများ အခက်တွေ့နေရတယ်ဆိုတဲ့သတင်း
📌ဟိုပန် တံတားဂိတ်ကို ဖြတ်ကျော်ဖို့ စစ်ကောင်စီထံ ကားတစ်စီးကို အနည်းဆုံး ငွေ ၄ သိန်း ပေးဆောင်ပြီး ဖြတ်သန်းနေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌တန့်ဆည် ကပေါင်းကျရွာကို စကစ (၁၀) ကြိမ်မြောက် ဝင်စီးကာ နေအိမ်များကို ဆက်လက် မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီလ ၁ရက်နေ့ နေ့လည်ပိုင်းမှာ (၁၀) ကြိမ်မြောက်အဖြစ် စီးနင်းဝင်ရောက်နေပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို ထပ်မံ မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
တန့်ဆည်နယ်အတွင်း ရွာစဉ် ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်ကောင်စီတွေဟာ ယမန်နေ့က ကပေါင်းကျရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်း ထပ်မံ စီးနင်းဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
"ဒီနေ့ မီးရှို့ခံရတာ ဘယ်နှစ်အိမ် ပါသွားလဲ ဆိုတာ မသိရသေးဘူး။ ရွာနား လည်း ကပ်လို့မရတော့" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီ (၁) ရက်က ကပေါင်းကျရွာအနီး မိုင်းဆွဲခံရမှုမှာ စကစ (၁၀) ဦး သေဆုံးပြီး အပြန်အလှန် ပစ်ခတ်မှုတွေလည်း ရှိခဲ့သလို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကပေါင်းကျရွာဟာ အိမ်ခြေ (၇၀၀) ခန့်ရှိပြီး ရွှေမျှောလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကာ စည်ကားဖွံ့ဖြိုးတဲ့ ကျေးရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်း စစ်ကောင်စီတွေက ကပေါင်းကျရွာကို အကြိမ်ကြိမ် စီးနင်းဝင်ရောက်ကာ လူသတ်၊ လုယက်၊ ပစ္စည်းခိုးယူ၊ နေအိမ်မီးရှို့ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စက်တင်ဘာလမှာ စစ်ကောင်စီတပ်က ကပေါင်းကျရွာကို ခုနှစ်ကြိမ်မြောက်အဖြစ် စီးနင်းဝင်ရောက်ချိန် ဒေသခံအချို့ကို သတ်ဖြတ်ပြီးနောက် ဒေသခံတွေ ကျေးရွာအတွင်း မနေဝံ့တော့ဘဲ ထွက်ပြေးနေရတာဟာ လေးလကျော်ပြီဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ရာဂဏန်းရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ကပေါင်းကျရွာထဲမှာ တပ်စွဲထားဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိုးအိမ်မဲ့ ဖြစ်သွားရတဲ့ ဒေသခံတွေအတွက် ပြန်လည်ထူထောင်ရေး အကူအညီတွေ လိုအပ်လျက်ရှိချိန်မှာ စစ်အုပ်စုက ကပေါင်းကျရွာအတွင်း ဆက်လက် မွှေနှောက် သောင်းကျန်းကာ ဖျက်ဆီးနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လတွေအတွင်း တန့်ဆည်မြို့နယ် ကာပေါင်းကျရွာက ဒေသခံပြည်သူ (၉) ဦးနဲ့ ကျွန်းလယ်ရွာက ဒေသခံပြည်သူ (၂) ဦးကို သတ်ဖြတ်ခဲ့သလို ကာပေါင်းကျရွာမှာ နေအိမ် (၆၁) လုံးနဲ့ ဆိုင်ကယ်အစီး (၃၀)၊ ကျီကုန်းရွာမှာ နေအိမ် (၂၄)လုံး၊ ကျွန်းလယ်ရွာမှာ နေအိမ် (၄) လုံး၊ ပုတီးရွာမှာ နေအိမ် တစ်လုံးနဲ့ မြောက်အင်းရွာမှာ နေအိမ်လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တန့်ဆည် PDF က ဒီဇင်ဘာ (၂၉) ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ တန့်ဆည်မြို့နယ်အပြင် ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ကန့်ဘလူ စတဲ့ မြို့နယ်တွေအတွင်းက ကျေးရွာတွေကိုလည်း စီးနင်းဝင်ရောက်ကာ ထင်တိုင်းကျဲ သောင်းကျန်းပြီး လူသတ်၊ မီးရှို့၊ ဖမ်းဆီးနှိပ်စက်တာနဲ့ မွှေနှောက်၊ ဖျက်ဆီး ခိုးယူ၊ လုယက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
========================
📌📌မိုင်းကိုင်မြို့နယ်မှာ တိုက်ပွဲထပ်မံပြင်းထန်l စစ်ရှောင်လာတဲ့ဒေသခံပြည်သူ ၇၀၀ ကျော်ထိရှိလာ
ရုမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ရှမ်းပြည်ပြန်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်မှု ဖြစ်ပွားတာကြောင့် ကျေးရွာဒေသခံပြည်သူ ၇၀၀ ကျော် မိုင်းကိုင်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မိုင်းကိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကနေ စတင်ပြီး ဒီကနေ့ထိ ဟမ်ငိုင်းအုပ်စု၊ ပန်ကေတုအုပ်စု၊ ဝိန်းငိန် အုပ်စုတွေမှာ တိုက်ပွဲဲပြင်းထန်တာကြောင့် ဒေသခံပြည်သူ ၇၂၉ ဦး ဘေးလွတ်ရာ မိုင်းကိုင်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ် ။
အဆိုပါ စစ်ရှောင်တွေဟာ မိုင်းကိုင်မြို့ပေါ်က မွေတော်တောင်ကျောင်း၊ ပန်ကန် ရပ်ကွက် (၅) ၊ လွယ်လိုင်ဘုန်းကြီးကျောင်း၊ ကျောင်းကန်ဘုန်ကြီးကျောင်း၊ နားလုံအောက်ဘုန်းကြီးကျောင်းတွေမှာ လာရောက်ခိုလှုံနေကြတာ ဖြစ်ပါတယ်။
ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒေသခံပြည်သူတွေရဲ့လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး မိုင်းကိုင်မြို့ဒေသခံတစ်ဦးပြောပြချက်အရ "နေ့တိုင်းလိုလို တစ်ရက်လုံးလုံးတိုက်ပွဲဖြစ်နေတော့ ရွာသားတွေက ပြီးခဲ့တဲ့ ၂၉ ရက်နေ့ကတည်းကနေ ဒီကနေ့အထိ ရောက်လာနေတုန်းပါပဲ။ ဒီနေ့လည်း လက်နက်ကြီးအသံတွေ ကြားနေရတုန်းပါပဲ။ ဒေသခံပြည်သူတွေ ဒီကနေ့ထိ ထွက်ပြေးလာတုန်းပဲ။ တစ်ချို့သူတွေ ကားနဲ့လာတယ်။ တစ်ချို့လည်းဆိုင်ကယ်နဲ့ လာတာရှိတယ်။"လို့ သူက ဆိုပါတယ် ။
တစ်ချို့ စစ်ရှောင်တွေဟာ မြို့ပေါ် ဆွေမျိုးတွေထံ လာရောက်ခိုလှုံနေကြတဲ့သူတွေရှိသလို လက်ရှိထွက်ပြေးလာတဲ့ ဒေသခံပြည်သူတွေလည်းရှိနေသေးတာကြောင့် စစ်ရှောင်လူဦးရေ စားရင်း အတိအကျ မသိနိုင်သေးဘူးလို့လည်း သူက ဆက်ပြောပြပါတယ် ။
မိုင်းကိုင်မြို့နယ်မှာဆိုရင် ရှမ်းလက်နက်ကိုင် အချင်းချင်းဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်မှာလည်း ဒေသခံပြည်သူ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။
========================
📌📌ခန္တီးနယ် ချင်းတွင်းမြစ်တစ်လျှောက်ရှိ ကျေးရွာများတွင် ရှမ်းနီ SNA အဖွဲ့က လူနှင့်ရိက္ခာတောင်းယူနေသဖြင့် မပေးနိုင်သည့်ရွာများ အခက်တွေ့နေရတယ်ဆိုတဲ့သတင်း
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ် ၊ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ ရှမ်းနီတပ်မတော် SNA က လူနဲ့ ရိက္ခာတောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ရွာကြီးဆို တပ်သားသစ် ၃ ဦး နဲ့ တစ်ဦးစာအတွက် ဆန်တစ်အိတ်စီ၊ ကျေးရွာငယ်ဖြစ်ရင် တစ်ရွာ တပ်သားသစ် ၂ ဦးနဲ့ ဆန်တစ်အိတ်စီ စသဖြင့်တောင်းခံကြောင်း၊ တပ်သားသစ်မပေးနိုင်ပါက တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီပေးရမယ်လို့ SNA ကတောင်းခံထားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
" တချို့ရွာတွေကတော့ သူတို့တောင်းတာ ပေးပြီးသွားပြီ။ တချို့ရွာတွေလည်းမပေးရသေးဘူး။ တချို့ရွာတွေက ပေးစရာ လူငယ်ကိုမရှိတော့တာ။ အားလုံးက စီးပွားရေးမကောင်းတော့ နယ်ခြားမှာအလုပ်သွားလုပ်တာနဲ့ ခရီးလွန်နေတာနဲ့။ ဖြစ်နိုင်ရင် ဆန်ရိက္ခာလောက်နဲ့ပဲ လက်ခံပေးရင်ကောင်းမှာ။ မျှော်လင့်တာပေါ့လေ" လို့ တပ်သားသစ်နဲ့ ရိက္ခာဆက်ကြေးတောင်းခံရတဲ့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့က SNA မှ ထွန်းလွင်ဟုအမည်ရသူ ဦးဆောင်တဲ့အဖွဲ့ ဟာ ကျေးရွာထဲရောက်လာပြီး အဲ့ဒီလိုတောင်းခံမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
" ပထမ သူတို့တောင်းတဲ့ ရက်ချိန်းကတော့ ပြည့်သွားပြီ။ နောက်ထပ်ရက်ချိန်းမပေးသေးဘူး။ တပ်သားသစ်မပေးနိုင်တဲ့ရွာတွေကတော့ အခက်တွေ့နေမှာပဲ။ ရိက္ခာလောက်နဲ့ပဲ ပြီးပြတ်ရင် ဝမ်းသာစရာပေါ့ဗျာ" လို့ နောက်ထပ်ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ဒေသခံပြောပြချက်အရ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရှိ ၎င်းတို့ကျေးရွာအပါအဝင် ကျေးရွာ ၇ ခုမှာ ဒီလိုအခက်အခဲကို ကြုံတွေ့နေရကြောင်း သိရပါတယ်။
ကျေးရွာအမည်တွေကို လုံခြုံရေးအခြေအနေအရ ထည့်သွင်းဖော်ပြခြင်းမပြုဖို့လည်း ဒေသခံက မေတ္တာရပ်ခံထားပါတယ်။
ခန္တီးမြို့ပေါ်နေ ဒေသခံတစ်ဦးက " ခန္တီးနယ်ထဲမှာ SNA အရင်က မရှိဘူး။ ဒီနောက်ပိုင်းမှ ရောက်လာတာ။ ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင်ကလည်း SNA က လူသစ် ၁၀၀ လောက်တောင်းပြီး နောက်ဆုံး SNA မဟုတ်ဘဲ စကစတပ်ထဲ ရောက်သွားလို့ ကလေးမိဘတွေက ပြောဆိုနေကြသေးတယ်။ အခု လူသစ်တောင်းခံရတဲ့ ရွာတွေမှာတော့ SNA က ပထမဆုံး တောင်းတာ။ ဒီဘက်မှာ SNA နဲ့ စကစတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာမျိုးတော့ မရှိသေးဘူး" လို့သူက ပြောပါတယ်။
========================
📌📌ဟိုပန် တံတားဂိတ်ကို ဖြတ်ကျော်ဖို့ စစ်ကောင်စီထံ ကားတစ်စီးကို အနည်းဆုံး ငွေ ၄ သိန်း ပေးဆောင်ပြီး ဖြတ်သန်းနေရ
ရှမ်းမြောက် ဝ ဒေသ ဟိုပန်မြို့ ဟိုပန် တံတားဂိတ်ကို ဖြတ်ကျော်ဖို့အတွက် ကားသမားတွေဟာ စစ်ကောင်စီတပ် ခမရ (၁၇) တပ်ရင်းကို ငွေကြေး အနည်းဆုံး ၄ သိန်း ပေးဆောင်ပြီး သွားလာနေရတယ်လို့ သိရပါတယ်။
တံတားမှာ စစ်ကောင်စီနဲ့ ညှိနှိုင်းထားတဲ့ ကားတွေသာ အဝင်အထွက် ရနေပြီး ကျန်ကားသမားတွေကို သွင်းကုန်၊ ထုတ်ကုန် သယ်ဆောင်ခွင့် မပေးကြောင်း သိရပါတယ်။
သွင်းကုန်၊ ထုတ်ကုန် သယ်ယူပို့ဆောင်ပေးတဲ့ (၁၂) ဘီး တွဲကား မောင်းနှင်နေတဲ့ ကားသမားတွေလည်း စစ်ကောင်စီရဲ့ ခွင့်ပြုလက်မှတ်ပါမှသာ ဖြတ်ကျော်လို့ရတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။
“ကားမောင်းနေတဲ့ ပြည်သူတွေက တပ်ရင်းမှူးနဲ့ တွေ့ဖို့ ခွင့်တောင်းတယ်။ သူတို့က တွေ့ခွင့်မပေးဘူး။ ပြည်သူတွေ အဝင်အထွက်၊ ကုန်တင်ကုန်ချ ပေးမလုပ်တော့ ဒုက္ခရောက်ကုန်ကြတယ်။ စိုက်ပျိုးထားတဲ့ သီးနှံတွေလည်း ပို့ဖို့အဆင်ပြေတော့ဘူး” လို့ဆိုပါတယ်။
အခုလို ဂိတ်တွေကို အတင်းအကြပ် လုပ်တာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ စတင်လုပ်ဆောင်နေပြီး အခုဆို ၁ လကျော် ရှိနေပြီ ဖြစ်ပါတယ်။
အလားတူ ဟိုပန်မြို့ကနေ အခွန်ဆောင်ထားခြင်းမရှိဘဲ တရားမဝင် တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကိုလည်း ချင်းရွှေဟော်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီနဲ့ ရဲတွေက ငွေကြေးရယူပြီး ချင်းရွှေဟော်ကနေ ကွမ်းလုံဘက်ကို ရောက်မယ့် ခိုးလမ်းကနေ တင်သွင်းနေကြတယ်လို့ ကားသမားတွေက ပြောဆိုထားကြပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာ-တရုတ် နယ်စပ်ဖြစ်တဲ့ ကိုးကန့်ဒေသမှာ စစ်ကောင်စီလက်အောက်ခံတွေဟာ လူထုတွေဆီကနေ နည်းအမျိုးမျိုးနဲ့ ငွေကြေးတောင်းခံမှုတွေ ပိုမိုပြုလုပ်လာနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment