၂၀၂၂ ဇန်နဝါရီလ ၃ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ဖရူဆိုတွင် အစုလိုက်အပြုံလိုက်မီးရှို့သတ်ခံရမှုကို (ICC)တွင် တရားစွဲဖို့ စီစဉ်သွားမယ်လို့ လူ့အခွင့်အရေးဝန်ကြီးပြောဆို
📌ခေတ်သစ်မီဒီယာကို ပြည်သူလူထုပိုင် သတင်းမီဒီယာ (Public Service Media )အဖြစ် အသွင်ပြောင်းလဲ ရပ်တည်သွားမည်
📌မြန်မာနိုင်ငံလွတ်လပ်ရေးနေ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ဇန်နဝါရီလ ၃ ရက်နေ့မှာ ခုလိုထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ဖရူဆိုတွင် အစုလိုက်အပြုံလိုက်မီးရှို့သတ်ခံရမှုကို (ICC)တွင် တရားစွဲဖို့ စီစဉ်သွားမယ်လို့ လူ့အခွင့်အရေးဝန်ကြီးပြောဆိုလိုက်တဲ့သတင်းကိုတင်ပြပေးပါ့မယ်
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာတွင် ဒီဇင်ဘာ ၂၄ ရက်က စစ်ကောင်စီအကြမ်းဖက်မှုကြောင့် လူအုပ်စုလိုက် မီးရှို့ခံခဲ့ရပီး ၎င်းအမှုနဲ့ပက်သက်ပီး ရင်ခွဲစစ်ဆေးခဲ့သည့် ဆရာဝန်နှင့်အတူ သက်ဆိုင်သူ မိသားစုဝင်များက အထောက်အထားများကို ဇန်နဝါရီ ၃ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ မီးလောင်ကျွမ်းသွားပေမယ့် အထောက်အထားများရဖို့ စစ်ဆေးနိုင်တဲ့ ရုပ်အလောင်း ၃၁ လောင်းရှိကာ ကျား ၂၆ ဦး၊ မ ၅ ဦးဖြစ်တယ်လို့ ဖော်ထုတ်နိုင်ခဲ့ကြပါတယ် ကိုင်ကြည့်ရုံနဲ့ ကျိုးကြေသွားသည့် ခန္ဓာကိုယ်အပိုင်းအစများကို အလောင်းထည့်သည့် အိတ် ၃ အိတ်စာ ကောက်ယူကျန်ရှိနေသေးသော်လည်း လူဦးရေမည်မျှဖြစ်သည်ကိုတော့ မခန့်မှန်းနိုင်သေးဘူးလို့ ပြောပါတယ် ဓာတ်ပုံနှင့် ဆေးစစ်ချက် မှတ်တမ်းများ၊ မီးရှို့ခံခဲ့ရသည့် နေရာမှ ရှာဖွေတွေ့ရှိသည့် အထောက်အထားများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)တို့နှင့်အတူ ဒီဇင်ဘာ ၃ ရက်က အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ကြေညာလိုက်ကြတာပါ။
ဒီဇင်ဘာ ၂၄ ရက်နေ့က လူသိများခဲ့ရတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူ ပြည်သူအရေအတွက်ဟာ ၃၅ ဦးထက်မနည်းဟုသာ သိရှိထားခဲ့ပီး အမှန်မှာတော့ ၄၉ ဦးအထိ ရှိနိုင်တယ်လို့ CDM ရဲများနဲ့ဖွဲ့စည်းထားတဲ့ ကရင်နီပြည်နယ်ရဲဌာန ဒုတိယပြည်နယ်ရဲဌာနမှူး ဦးဘိုဘိုက ခန့်မှန်းပါတယ် စစ်ဆေးနိုင်ခဲ့တဲ့ ရုပ်အလောင်းများထဲတွင် အသက် ၁၂ နှစ်အောက် အမျိုးသမီးငယ် ၁ ဦး၊ အသက် ၁၆၊ ၁၇ ထက်မကြီးသည့် အမျိုးသား ၂ ဦးပါဝင်သည်ဟု ဦးဘိုဘိုက ပြောပါတယ်။ အလောင်းများကို ရင်ခွဲစစ်ဆေးခဲ့သည့် ဆရာဝန်တစ်ဦးကလည်း ထိုအချက်ကို အတည်ပြုပြီး အမျိုးသမီးငယ်မှာ အသက် ၁၀ နှစ်အောက်မငယ် ၁၅ နှစ်ထက်မကြီးသူဖြစ်မည်ဟု ခန့်မှန်းပါတယ်။ စစ်တပ်က ထိုနေရာ၌ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်နေသဖြင့် သုံးရက်ကြာချိန်မှ အလောင်းကောက်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အရှင်လတ်လတ်သတ်ဖြတ်ခံရမှု ဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးရန် စီစဉ်နေဆဲဖြစ်ကြောင်း ဆရာဝန်က ပြောပါတယ် ရင်ခွဲစစ်ဆေးခဲ့ရသည့်ထဲတွင် လက်နောက်ပြန်ကြိုးတုပ်၊အဝတ်စ ပါးစပ်ထဲ ထိုးထည့်၊ ရင်ဘတ်၊ အဆုတ်တို့တွင် ထိုးသွင်းဒဏ်ရာရှိသည့် ရုပ်အလောင်းများပါဝင်တာကိုတော့ အတည်ပြုနိုင်ခဲ့ကြပါတယ်။
"တစ်သက်နဲ့တစ်ကိုယ် လူမဆန်စွာ ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို အစုလိုက်အပြုံလိုက် မြင်တွေ့ရတဲ့နေ့" ပါပဲလို့ အမည်မဖော်လိုတဲ့ ထိုဆရာဝန်ကပြောပါတယ် "ကွယ်လွန်သွားကြတဲ့ ပြည်သူတွေဟာ အသက်ရှင်နေတုန်းက ဘယ်လောက်ကြုံတွေ့သွားခဲ့ရသလဲ ဆိုတာ သူတို့နေရာမှာ ဝင်ပြီးခံစားလို့ရတဲ့ပုံတွေ(အထောက်အထားတွေ)ဖြစ်ပါတယ်"ဟု ၎င်းက ပြောပါတယ်ဒီဇင်ဘာ ၂၄ ရက် ဖြစ်စဉ်တွင် ရုပ်အလောင်းများနှင့်အတူ ကုန်တင်ကား ၆ စီး၊ အိမ်သုံးကား ၂ စီး၊ ထော်လာဂျီ ၂ စီး၊ မော်တော်ဆိုင်ကယ် ၆ စီး မီးရှို့ခံခဲ့ရပါတယ်အလောင်းအရေအတွက် ခွဲခြားရန်ခက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆီပီပါများ တင်ဆောင်လာသည့် ကုန်တင်ကား ၃ စီးကြားမှာတွေ့ရတာဖြစ်ကြောင်းကရင်နီပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲဌာနမှူး ဦးဘိုဘိုက ပြောဆိုပါတယ် အကြမ်းဖက်ထိုဖြစ်စဉ်နဲ့ပက်သက်ပီး အထောက်အထားဖော်ထုတ်နေတဲ့ ဇန်နဝါရီလ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ သေဆုံးသူများရဲ့ မိသားစုဝင်များလည်းပါဝင်ပါတယ်မီးရှို့ခံရသည့် နေရာတွင် တွေ့ရသော ထော်လာဂျီမှာ ၎င်း၏ ခင်ပွန်း စီးနင်းသွားသည့် ယာဉ်ဖြစ်ကြောင်း မိုဆိုကျေးရွာနေ ဦးဘူးရယ်၏ ဇနီးက ငိုယိုရင်းပြောဆိုပါတယ်။ NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ခန္ဓာကိုယ်များ၊ မော်တော်ယာဉ်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းထဲ မီးရှို့ခြင်းမှာ စစ်ကောင်စီက သဲလွန်စမကျန်အောင် လုပ်ခဲ့ခြင်းသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်အကြမ်ဖက်ဖြစ်စဉ်နဲ့ပက်သက်ပီး ကုလသမဂ္ဂအပါအဝင် နိင်ငံတကာအဖွဲ့အစည်းများ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးက ပြင်းပြင်းထန်ထန်ရှုံ့ချကာ ကျူးလွန်သူတွေကိုအမြန်ဆုံးအရေးယူပေးရန် တောင်းဆိုခဲ့ကြသလိုပဲ ဇန်နဝါရီလ ၃ ရက်နေ့ အထောက်အထားသတင်းစာရှင်းလင်းပွဲမှာလည်းမိသားစုဝင်များက တရားမျှတရေးကိုတောင်းဆိုခဲ့ကြပါတယ်။ ပြစ်မှုဆိုင်ရာ နိုင်ငံတကာခုံရုံး (ICC)တွင် တရားစွဲရန် စီစဉ်မည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (IIMM) ထံသို့လည်း အချက်အလက်များပေးပို့သွားမည်ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ကတိပြုခဲ့တယ်လို့ သိရပါတယ်။
========================
📌📌ခေတ်သစ်မီဒီယာကို ပြည်သူလူထုပိုင် သတင်းမီဒီယာ (Public Service Media )အဖြစ် အသွင်ပြောင်းလဲ ရပ်တည်သွားမည် ဖြစ်ကြောင်း သိရပါတယ်
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် သတင်းတင်ပြနေကြတဲ့ သတင်းဌာနများကို ရန်သူသဖွယ်သဘောထားခဲ့ပီး ရန်ကုန်ခေတ်သစ် သတင်းဌာန၏ အယ်ဒီတာများဖြစ်သည့် ဦးသာလွန်ဇောင်းထက်နှင့် ဦးကံဇော် တို့ အပါအဝင် အယ်ဒီတာများကို ထောင်ဒဏ် နှစ် ၂၀ ထိ ပြစ်ဒဏ် ချမှတ်နိုင်သော ပုဒ်မ ၁၂၄(က) ဖြင့် အနောက်ပိုင်း ခရိုင်တရားရုံးတွင် အမှုဖွင့်ထားပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖမ်း၀ရမ်းများယူဆောင်ကာ အယ်ဒီတာများ နေထိုင်ခဲ့ဖူးသော နေ အိမ်များသို့ သွားရောက် လိုက်လံ ဖမ်းဆီး မှုများကို လုပ်ဆောင်လျက်ရှိပါတယ်။ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီသည် မတ်လ ၈ ရက်နေ့တွင်လည်း ရန်ကုန်ခေတ်သစ်သတင်းဌာန၏ လုပ်ငန်းလိုင်စင်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီလည်း ဖြစ်ပါတယ်။ ထိုသို့ အကြမ်းဖက်အာဏာသိမ်းအဖွဲ့ရဲ့ မတရားခြိမ်းခြောက်မှု အဓမ္မအမှုဆင် ဖမ်းဝရမ်းထုတ်ခြင်းများ ကြားမှာပဲ ရန်ကုန်ခေတ်သစ်သတင်းဌာန အနေနဲ့ ပြည်သူလူထုနှင့်အတူ ရပ်တည်ကာ သတင်းမီဒီယာလုပ်ငန်းများကို တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိပါတယ်။ ယခုအချိန်တွင်လုပ်ငန်းများကို ယခုထက် ပိုမို အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်ရန်လည်းကြိုးစားနေဆဲဖြစ်ကြောင်းနှင့် လက်ရှိ လွတ်လပ်သော ပုဂ္ဂလိကပိုင် သတင်း မီဒီယာ အဖြစ်မှ ပြည်သူလူထုပိုင် သတင်းမီဒီယာ (Public Service Media )အဖြစ် အသွင်ပြောင်းလဲ ရပ် တည်သွားမည် ဖြစ်ကြောင်း ခေတ်သစ်သတင်းဌာနရဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
========================
📌📌မြန်မာနိုင်ငံလွတ်လပ်ရေးနေ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ဇန်နဝါရီလ ၃ ရက်နေ့မှာ ခုလိုထုတ်ပြန်ခဲ့ပါတယ်
ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သော မြန်မာနိုင်ငံ၏လွတ်လပ်ရေးနေ့အခါသမယအတွက် မြန်မာပြည်သူများထံသို့ အမေရိကန်ပြည်ထောင်စုကိုယ်စား လွတ်လပ်ရေးနေ့ဆုတောင်းသဝဏ်လွှာပို့သအပ်ပါသည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကိုလေးစာလိုက်နာရေးနှင့် မိမိတို့နိုင်ငံအတွင်းတရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြသည့် မြန်မာပြည်သူလူထုကြီးကို မိမိတို့ဂုဏ်ပြုအပ်ပါသည်။ စစ်အာဏာရှင်၏ ကြောက်မက်ဖွယ်ရာနှိပ်စက်ကလူပြုမှုများကို ခံစားနေရသည့်တိုင် ပိုမိုကောင်းမွန်သောအနာဂတ်တစ်ခုအတွက်မျှော်လင့်ချက်ကို မစွန့်လွှတ်ကြသည့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စု၏သန္နိဋ္ဌာန်မှာ ပြောင်းလဲမသွားပါ။ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မတရားထိန်းသိမ်းထားသူများအားလုံးကို လွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်ကို မိမိတို့ ထပ်မံတောင်းဆိုပါသည်ဟု သဝဏ်လွှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment