4th JAN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၄ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ
📌တြော်ခရိုင် ဒွယ်လိုးမြို့နယ် လယ်ထူဖိုးကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
📌ပင်းတယမြို့နယ် ပရဟိတသမားအပါအဝင် ပြည်သူ ၆ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွား

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

ရက်စွဲ။ ။၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်

၁။ မြန်မာနိုင်ငံကို နယ်ချဲ့ဗြိတိသျှတို့က မတရားသိမ်းပိုက်၍ ဖိနှိပ်ခဲ့မှုအပေါ် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တော်လှန်ရေးဖြင့် တွန်းလှန်ကာ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ် ကမ္ဗည်းတင်နိုင်ခဲ့သော မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာအေးချမ်းကာ လွတ်မြောက်ခြင်း၏ အနှစ်သာရကို ပြည့်ပြည့်ဝဝ ခံစားရပါစေကြောင်း ဦးစွာ ဆုမွန်ကောင်း‌တောင်းအပ်ပါသည်။

၂။ တိုင်းတပါးသားတို့၏ အုပ်ချုပ်စိုးမိုးမှုအောက်တွင် နှစ်ပေါင်းများစွာ ကျရောက်ခဲ့ရာမှ တိုင်းရင်းသားအပေါင်း၏ သွေးစည်းညီညွတ်မှုဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြန်လည်ရယူနိုင်ခဲ့ပြီး “နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦး တစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်” ဟု တိတိပပ ကြေညာခဲ့ပါသည်။

၃။ သို့သော် တိုင်းပြည်အနာဂတ်နှင့် နိုင်ငံသူ၊ နိုင်ငံသားတို့၏ လူနေမှုဘဝ အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ရေးကို မငဲ့ဘဲ အာဏာလောဘနှင့် အတ္တကြီးသော စစ်အာဏာရှင်တို့က လက်နက် အားကိုးဖြင့် အာဏာသိမ်းယူခဲ့ခြင်းကြောင့် နိုင်ငံအတွင်း နှစ်ပေါင်းများစွာကြာ ငြိမ်းချမ်းရေး မရရှိခဲ့ဘဲ ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိသွားခဲ့ပါသည်။ လွန်ခဲ့သော ၁၀ စုနှစ်များ အတွင်း တိုင်းပြည်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသော်လည်း တိုင်းရင်းသားပြည်သူများက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှတဆင့် ရွေးကောက်တင်မြှောက်ခဲ့ကြသည့် ပြည်သူ့ အစိုးရထံမှ နိုင်ငံတော်၏ အာဏာကို လက်နက်အားကိုး၍ မင်းအောင်လှိုင် ခေါင်းဆောင်သည့် အကြမ်းဖက် ဖက်ဆစ်စစ်တပ်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ခေတ်သစ်ကိုလိုနီပုံစံ အဓမ္မသိမ်းယူခဲ့ပါသည်။

၄။ အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် နိုင်ငံ၏ ဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး အာဏာသိမ်းယူခဲ့သည်သာမက ဥပဒေအား လိုသလို အဓိပ္ပါယ်ဖွင့်ဆိုကာ မမှန်မကန် စွပ်စွဲ၍ ဖမ်းဆီးထောင်ချခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူတို့၏ အိုးအိမ်နှင့် ပိုင်ဆိုင်မှုများကို သိမ်းပိုက်ခြင်း၊ ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ အမျိုးသမီးများအပေါ်၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးတို့အား ပိတ်ပင်တားဆီးခြင်းစသည့် လူမဆန်သော အကြမ်း ဖက်မှုများကို ကျူးလွန်နေခြင်းကြောင့် ဆုံးရှုံးသွားသော လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် အခွင့် အရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကမ္ဘာတွင် မကြုံစဖူး ညီညွတ်သော ပြည်သူ့ တော်လှန်ရေးကြီး တစ်ရပ်ကို ဆင်နွှဲနေကြသည်မှာ လွန်စွာ ဂုဏ်ယူလေးစားဖွယ်ဖြစ်ပါသည်။

၅။ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့စဉ်က ကိုလိုနီနယ်ချဲ့တို့က နည်းအမျိုးမျိုးဖြင့် သွေးခွဲ ခဲ့သော်လည်း အခက်အခဲအမျိုးမျိုးကြားမှ တိုင်းရင်းသားခေါင်းဆောင်များ၏ မဆုတ်မနစ်သော ဇွဲလုံ့လနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ညီညွတ်မှုတို့ကြောင့် လွတ်လပ်ရေး ရယူနိုင်ခဲ့ ပါသည်။ ယနေ့အချိန်တွင် ဖက်ဆစ်တို့၏ နည်းလမ်းအတိုင်း အကြမ်းဖက် ဖက်ဆစ်စစ်တပ်က တော်လှန်ရေး အင်အားစုများအကြား သွေးခွဲခြင်းနှင့် တော်လှန်ရေးအရှိန်ကျသွားစေရန် လုပ်ကြံ သတင်းအချက်အလက် အမှားများဖြင့် ပုံဖျက်ခြင်းတို့ကို စနစ်တကျ လုပ်ဆောင်နေခြင်းကြောင့် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူတစ်ရပ်လုံးက အမျှော်အမြင်ကြီးစွာဖြင့် အထူးသတိထား ရှောင်ရှားရန် လိုအပ်ပါသည်။

၆။ မိမိတို့ ရည်မှန်းထားသည့် တိုင်းပြည်နှင့် လူမျိုး အနာဂတ်အတွက် ငြိမ်းချမ်းသာယာပြီး တန်းတူအခွင့်အရေးများနှင့် အခြေခံနိုင်ငံသားအခွင့်အရေးများအတွက် အာမခံချက် အပြည့်အဝ ရှိသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်များ ကွယ်ပျောက်သွားရန် အထူးအရေးကြီးပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက နွေဦးတော်လှန်ရေး အောင်မြင်သည်အထိ ယခုကဲ့သို့ စည်းလုံးညီညွတ်စွာ ဆက်လက်ကြိုးပမ်းသွားရန် ထပ်မံ တိုက်တွန်းအပ်ပါသည်။

၇။ ခေတ်အဆက်ဆက် တည်ရှိနေသော စစ်အာဏာရှင်စနစ်ဆိုးကို မြန်မာ့မြေပေါ်မှ ကျူပင်ခုတ် ကျူငုတ်မကျန်အောင် အမြစ်ဖျက်ခြေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကိုယ်စွမ်းဉာဏ် စွမ်းရှိသရွေ့ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူ့ထံမှ ဆင်းသက်လာသည့် အချုပ်အခြာအာဏာကို ပြည်သူတို့ထံသို့ ပြန်လည်အပ်နှင်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း လေးနက်ခိုင်မာစွာ ကတိသစ္စာပြုရင်း ဤလွတ်လပ်ရေးနေ့ သဝဏ်လွှာ ကို ပေးပို့အပ်ပါသည်။

#ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

========================

📌📌တြော်ခရိုင် ဒွယ်လိုးမြို့နယ် လယ်ထူဖိုးကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၁း၀၀ နာရီက ကေအဲန်ယူ -ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ-၅ မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ လယ်ထူဖိုး အား စစ်ကောင်စီမှ လေယာဉ်ပျံဖြင့် လာရောက်၍ ဗုံး သုံးလုံး ကြဲချခဲ့ကြောင်း ကေအဲန်ယူ (ဗဟို) မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီမှ ယခုလို လေယာဉ်ဖြင့် လာရောက်၍ ဗုံးကြဲချမှုကြောင့် လယ်ထူဖိုး ရှိ ဆေးပေးခန်း အဆောင်မှန်တံခါး ထိခိုက်ပျက်စီးခဲ့ပြီး အိမ်းမွေးတိရိစာ္ဆန်များလည်း ထိမှန်သေဆုံးခဲ့ကြောင်း ကေအဲန်ယူ၏ သတင်း ထုတ်ပြန်ချက်အရသိရပါတယ်။
အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များအနေဖြင့် လက်နက်ကြီး ၊ လက်နက်ငယ်များကို ရမ်းသမ်း၍ စဉ်ဆက်မပြတ် ပစ်ခတ်နေသည့် အပြင် ယခုကဲ့သို့ လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှုများ အချိန်မရွေး ပြုလုပ်လာနိုင်သောကြောင့် ကောကရိတ်မှ မြဝတီသို့ သွားလာနေသည့် မိဘပြည်သူလူထုများနှင့် ထိုနေရာအနီးတဝိုက်တွင် နေထိုင်သည့် မိဘပြည်သူများအနေဖြင့် သတိဝီရိယ ထား၍ သွားလာနေထိုင်ကြရန် ကေအဲန်ယူ(ဗဟို) မှ ဒီဇင်ဘာ ၃၁ ရက်နေ့ရက်စွဲဖြင့် ပြည်သူသို့ အသိပေးပန်ကြားထားပါတယ်။

========================

📌📌ပင်းတယမြို့နယ် ပရဟိတသမားအပါအဝင် ပြည်သူ ၆ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွား

ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်ထဲတွင် ပရဟိတသမား ၂ ဦး၊ အမျိုးသမီးတစ်ဦး အပါအဝင် ပြည်သူ ၆ ဦးကို အာဏာသိမ်းစစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၃၀ ရက် ည သန်းခေါင်ယံ အချိန်တွင် ပင်းတယမြို့နယ် ရွှေပုထိုးရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို အင်အား ၅၀ ကျော်ရှိသည့် စစ်ကောင်စီတပ်သားတို့က ကားဖြင့် လာရောက်ပြီး အိမ်ရှင်ဖြစ်သူ လင်မယားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။

“ကားက ၇ စီးကျော်ရှိတယ်၊ လက်နက်အပြည့်အစုံနဲ့ စစ်သားရော ရဲရော၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းပါတယ်၊ အိမ်ထဲဝင်ပြီးတော့ အိမ်သားတွေကို ရိုက်နက်တဲ့အသံ၊ ဆဲဆိုတဲ့အသံတွေ ကြားနေရတယ်၊ နာရီဝက်လောက် ကြာတော့ အိမ်ရှင် အမျိုးသားနဲ့ သူ့ဇနီးကို လက်ထိပ်နဲ့ ခေါ်ထွက်လာတာ တွေ့ရတယ်၊ ဘယ်ကိုခေါ်သွားလဲတော့ မသိရဘူး” လို့အနီးပတ်ဝန်းကျင်မှ မြင်တွေ့ရသူတစ်ဦးက ပြောပါတယ်။

ထို့အတူပင် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်း ပင်းတယမြို့နယ်မှ ပရဟိတသမား လူငယ်တစ်ဦးနဲ့တခြားသောလူငယ် ၃ ဦးတို့ကိုလည်း စစ်ကောင်စီက အကြောင်းရင်းမရှိ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရပါတယ်။

“အဲ့ညမှာ (ဒီဇင်ဘာလ ၃၀ရက်နေ့ ည) လူငယ် ၄ ဦး အဖမ်းခံပါတယ်၊ အဲ့လေးယောက်မှာ ဒေသခံလူငယ်တွေနဲ့ ပေါင်းပြီး Q စင်တာတွေ၊ ကိုဗစ်ဖြစ်တဲ့ ရွာတွေကို လိုက်လှူပေးနေတယ်။ သူတို့ကို ဘယ်ကိုခေါ်သွားလဲဆိုတာ အခုထိ မသိရသေးဘူး။ ဖုန်းတွေလည်းပါသွားလို့ သူတို့နဲ့ သိတဲ့သူတွေကို ရှောင်တိမ်းစေချင်တယ်” လို့ဖြစ်စဥ်ကို သိရှိသူ အမျိုးသားကပြောပါတယ်။

ပင်းတယမြို့နယ်ဟာစစ်တပ်အခြေစိုက်တဲ့နေရာဖြစ်ပြီး တော်လှန်ရေးလှုပ်ရှားမှု မရှိတဲ့မြို့နယ် ဖြစ်နေပေမဲ့လည်း ယခုရက်ပိုင်းအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတို့က လမ်းသွားလမ်းလာပြည်သူများကို ရိုက်နှက်စစ်ဆေးခြင်း၊ ညအချိန်မတော် ပြည်သူအိမ်များကို ဝင်ရောက်စီးနှင်းပြီး အကြောင်းရင်းမရှိ ရိုက်နှက် ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်းသိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment