5th JAN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၄ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌လွတ်လပ်ရေးနေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုအတွက် လေးနိုင်ငံမှသဝဏ်လွှာများရောက်ရှိ
📌ဖလူးကြီးကျေးရွာတွင် စစ်ရှောင်စခန်းမှ နေရပ်ပြန်လာသူ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် သေဆုံး
📌NLD ပါတီ တောင်သာမြို့နယ် လူငယ်လုပ်ငန်းအဖွဲ့၀င် ၁ ဦး စစ်ကြောရေးမှာသတ်ဖြတ်ခံလိုက်ရပါတယ်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌လွတ်လပ်ရေးနေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုအတွက် လေးနိုင်ငံမှသဝဏ်လွှာများရောက်ရှိတဲ့သတင်းကိုဖော်ပြချင်ပါတယ်

ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံ၏ ၇၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့အတွက် ကမ္ဘာ့နိုင်ငံများမှ သဝဏ်လွှာများပေးပို့ခဲ့တယ်လို့ အာဏာသိမ်းအုပ်စုရဲ့ဝါဒဖြန့်သတင်းစာတွင် ခေါင်းစဉ်ကြီးများဖြင့် ခမ်းခမ်းနားနားဖော်ပြခဲ့ပါတယ်။ ဖော်ပြပါဝါဒဖြန့်သတင်းစာများတွင် တွေ့ရှိရတာကတော့ ရုရှ ဖက်ဒရေးရှင်းနိုင်ငံ ၊ ကမ္ဘောဒီးယားနိုင်ငံ ၊ ဆားဘီးယားနှင့် မြောက်ကိုရီးယားနိုင်ငံ စတဲ့လေးနိုင်ငံပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့ အာဏာရှင် နှင့် အာဏာရှင်တပိုင်းနိုင်ငံများရဲ့ သဝဏ်လွှာပေးပို့မှုကို စစ်အုပ်စုသတင်းစာတွင် တမျက်နှာပြည့် ခမ်းခမ်းနားနားဖော်ပြခဲ့ပေမယ့် ရုရှဖက်ဒရေးရှင်းနိုင်ငံမှ သဝဏ်လွှာနှစ်စောင်ဖြစ်ပီး ကမ္ဘောဒီးယားနိုင်ငံမှ သုံးစောင်အထိဖော်ပြပါရှိပါတယ် ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီးထံမှတစ်စောင်အပါအဝင် မြောက်ကိုရီးယားနိုင်ငံမှလည်း စစ်ကောင်စီလက်အောက်ခံ ဦးဝဏ္ဏမောင်လွင်သို့တစောင်ပေးပို့တာကို တွေ့ရပါတယ်။စစ်ကောင်စီကိုအဓိကထောက်ပံ့နေကြတဲ့နိုင်ငံအဖြစ် လူသိများတဲ့ တရုတ်နိုင်ငံမှ သဝဏ်လွှာပေးပို့သည်ကိုမတွေ့ရသလို အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ သဝဏ်လွှာပေးပို့မှုကိုလည်း မတွေ့ရပါဘူး။
ယနေ့ကျရောက်သော လွတ်လပ်ရေးနေ့ အခါသမယတွင် မြန်မာနိုင်ငံ ကနေဒါသံရုံးက မြန်မာပြည်သူများ၏ ဒီမိုကရေစီရရှိရေးတွက် ရဲစွမ်းသတ္တိနှင့် ကြံ့ကြံ့ခိုင်နိုင်မှုတို့ကို ချီးကျူး ဂုဏ်ပြုလိုပါကြောင်း ရန်ကုန်အခြေစိုက် ကနေဒါသံရုံးက ရေးသားဖော်ပြခဲ့ပါတယ် ကနေဒါသံရုံးက မြန်မာတို့ရဲ့ လွတ်လပ်ရေးနှင့်ပက်သက်ပီး ဆက်လက်ဖော်ပြရာမှာ ဇန်နဝါရီလ (၄) ရက်နေ့တွင် နှစ်ပေါင်းရှည်ကြာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ပြီးနောက် မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ကြောင်း ယနေ့အခါတွင်လည်း ဒီမိုကရေစီ ဆိုင်ရာ လွတ်လပ်ခွင့်များ၊ ပြည်သူ့ရေးရာ လွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများ ချိုးဖောက်ခံရသည့်တိုင် မြန်မာပြည်သူများသည် ဒီမိုကရေစီအပေါ် သံန္နိဌာန်ခိုင်မာမှုနှင့် စိတ်အားထက်သန်မှုတို့ကို ပြသလျက် ရှိဆဲ ဖြစ်ကြောင်း နွေဦးတော်လှန်ရေးကို ချီးကျူးရေးသားထားပါတယ်။ ဒါ့အပြင်ကျွန်ုပ်တို့သည့် လာမည့် ၂၀၂၂ ခုနှစ်တွင် စစ်တပ်သည် ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်နေခြင်းကို အဆုံးသတ်ရေးနှင့် ပြစ်မှုကျူးလွန်သူများကို တာဝန်ယူ၊ တာဝန်ခံခိုင်းရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်နေသူများ အပါအဝင် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သော ဒီမိုကရေစီ ရရှိရန် ဆောင်ရွက်နေသည့် မိတ်ဖက်များ အားလုံးနှင့် ဆက်လက် လက်တွဲ လုပ်ဆောင်သွားပါမည်ဟု ရေးသားဖော်ပြထားတာတွေ့ရပါတယ်။ ဥရောပသမဂ္ဂကလည်း အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို ခုခံတော်လှန်နေကြတဲ့ ရဲစွမ်းသတ္တိပြည့်ဝသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ပျော်ရွှင်ဖွယ် မင်္ဂလာရှိသည့် မြန်မာ့လွတ်လပ်ရေးနေ့ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းပို့သထားပါတယ်။ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော ၇၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့အကြို ဇန်နဝါရီလ ၃ ရက်နေ့မှစလို့ စစ်အာဏာရှင်ဆန့်ကျင်နေကြတဲ့သပိတ်အင်အားစုများသည် သူ့ကျွန်ဘဝမှ လွတ်မြောက်ပီ စစ်ကျွန်ဘဝမှ ရုန်းထွက်ကြစို့ဟု ဖော်ပြထားသည့် ပန်းတိုင်စာတန်းများကို ကိုင်ဆောင်ချိတ်ဆွဲကာ စစ်အာဏာရှင်ကို အမြစ်ဖြတ်ရေးလှုံ့ဆော်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အနယ်နယ်အရပ်ရပ်မှ မြန်မာနိုင်ငံသားများသည်လည်း ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစလို့ အာဏာသိမ်းခံ စစ်ကျွန်ဘဝရောက်နေသောယခုနှစ် လွတ်လပ်ရေးနေ့ကို ကို ဝမ်းနည်းစွာဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပလှုပ်ရှား ကစားနိုင်ခြင်းမရှိခဲ့ပါ။

========================

📌📌ဖလူးကြီးကျေးရွာတွင် စစ်ရှောင်စခန်းမှ နေရပ်ပြန်လာသူ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးသွားတဲ့သတင်းကို ပြောပြပေးပါ့မယ်

လေးကေကော်တိုက်ပွဲများမှာ ဒေသခံပြည်သူတွေဟာ အာဏာသိမ်းအကြမ်းဖက်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကိုတိမ်းရှောင်ခဲ့ပေမယ့် ဇန်နဝါရီလ ၃ ရက်နေ့ညနေပိုင်းမှာနေရပ်ပြန်ခဲ့မိတဲ့ အမျိုးသမီးတဦးဟာ စစ်ကောင်စီပစ်တဲ့လက်နက်ကြီးထိမှန်ပီး သေဆုံးခဲ့ရပါတယ်။ နေ့စဉ်လိုလိုဖြစ်နေတဲ့တိုက်ပွဲများမှာ အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီးကိုသာအဓိကအသုံးပြုတဲ့အပြင် အထိနာသည့်အခါတိုင်း လေကြောင်းမှတဆင့် လာရောက်ပစ်ခတ်လေ့ရှိပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ် အနီး ဖလူးကြီးကျေးရွာမှ ဒေသခံ အမြောက်အမြား ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ပြေးခဲ့ပေမယ့် ဒေါ်စန်းစန်းအေး အသက် ၄၂ အရွယ်အမျိုးသမီးဟာ နေရပ်ပြန်လို့ရပီဆိုတဲ့ စစ်ကောင်စီဘက်က စည်းရုံးမှုတွေကို ယုံကြည်မိရာမှ အခုလိုအိမ်ပြန်ရင်း အသက်ဆုံးရှုံးသွားတာပဲဖြစ်ပါတယ်။
"BGF ကဗိုလ်မုတ်သုန်က ထိုင်းဘက်ကမ်းရော မြန်မာဘက်ကမ်းကရော လူတွေကို နေရပ်ပြန်လို့ရပြီလို့ ပြောတာရှိတယ်။အဲ့အတွက် ပြန်ကျတဲ့ သူတွေရှိတယ်။ တချို့ကလည်း ပစ္စည်းလေးတွေ ပြန်ယူကြတာပါ့။ အဲ့ပြန်တဲ့ လူထဲကမှ ဒီအမျိုးသမီးက လက်နက်ကြီး ထိမှန်ခဲ့တာ"ဟု ဒေသခံ သတင်းရင်းမြစ် ကပြောပါတယ်။ ဒေါ်စန်းစန်းအေးဟာ ဇန်နဝါရီ ၃ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ဖလူးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်စထိမှန်ပြီး ဇန်နဝါရီလ၄ ရက်နေ့မနက် တွင်သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ စစ်ရှောင်များနေရပ်ပြန်လာရန်နှင့် လုံခြုံရေးတာဝန်ယူမည်ဖြစ်ကြောင်း ၊ မှဲ့တစ်ပေါက်မစွန်းစေရဟု စစ်ကောင်လက်အောက်ခံ နယ်ခြားစောင့်တပ် BGFမှ ဗိုလ်မှူး စောမုတ်သုန်က ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သလိုပဲ စစ်ကောင်စီဘက်ကလည်း ၎င်းတို့ဟာ ဒီမိုကရေစီလိုလားသူ တော်လှန်ရေးတပ်ဖွဲ့များကိုသာ ပစ်မှတ်ထားခြင်းဖြစ်တာကြောင့် ပြည်သူများ နေရပ်ပြန်ကြရန် တိုက်တွန်းခဲ့ပီးနောက်ပိုင်း အခုလိုပဲ ဒေါ်စန်းစန်းအေးဟာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီး ထိမှန် သေဆုံး ရသူဖြစ်ခဲ့ပါတယ်။
"အမှန်က လူထုတွေက လွတ်တဲ့နေရာကို ရောက်ပါပြီ။ မှဲ့တစ်ပေါက်မှ မစွန်းစေရဘူးလို့ ဗိုလ်မုတ်သုန်က ပြောတယ်။ ပြန်လာခိုင်းပြီးတော့ လူထုလုံခြုံရေးအတွက် ဘာတာဝန်ခံမှု၊ တာဝန်ယူမှမရှိတော့ ဒီလိုဖြစ်သွားတာပေါ့။ "ဟု နေရပ်ပြန်စစ်ရှောင်အသိုင်းအဝိုင်းထဲမှ ပြည်သူတစ်ဦးကပြောပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံးမှ ပြောခွင့်ရသူဖဒိုစော​တောနီက NCA ကိုဟန်ဆောင်အသုံးချနေပီး လူထုကိုပြန်သတ်နေတဲ့စစ်ကောင်စီကိုအမြစ်ပြုတ်အောင်တိုက်ဖို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းကစခဲ့တဲ့ အာဏာသိမ်းစစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များရဲ့ နှစ်ဖက်တိုက်ပွဲအခြေအနေကတော့ဇန်နဝါရီလ ၄ ရက်နေ့ထိတိုင်အောင် စစ်ရေးရင်ဆိုင်တင်းမာနေဆဲဖြစ်ပါတယ်။

========================

📌📌NLD ပါတီ တောင်သာမြို့နယ် လူငယ်လုပ်ငန်းအဖွဲ့၀င် ၁ ဦး စစ်ကြောရေးမှာသတ်ဖြတ်ခံလိုက်ရပါတယ်

တောင်သာ NLDပါတီရဲ့ သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံ ဦးဇော်ထွေးရဲ့ ပြောကြားချက်အရ မန္တလေးတိုင်း၊ တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD )ပါတီမြို့နယ် လူငယ်လုပ်ငန်းအဖွဲ့၀င် ကိုသိန်းစိုး(ခ)သန်းစိုးဟာ ဇန်နဝါရီလ ၃ ရက်နေ့က နှိပ်စက်ခံရင်း ကျဆုံးခဲ့ကြောင်းသိရပါတယ်။
သပိတ်စစ်ကြောင်းတွင် ရှေ့ဆုံးမှ အလံကိုင်ခဲ့သူ ကိုသိန်းစိုး(ခ) သန်းစိုး အား ပုဒ်မ ၅၀၅(က) ဖြင့် ဝရမ်းထုတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖမ်းမိခဲ့ရာ အဝတ်များချွတ်၍ ရိုက်နှက် ညှင်းဆဲခံခဲ့ရပြီးနောက်ပိုင်း ဇန်နဝါရီလ ၂ ရက်နေ့ကတည်းက အဆက်အသွယ် မရတော့ပါဘူး။ ကိုသိန်းစိုး(ခ) သန်းစိုးဟာ ပြီးခဲ့တဲ့ လပိုင်းက နေရပ်သို့ ပြန်နေထိုင်ခဲ့ရာ ဒီဇင်ဘာလ ၂၆ ရက် ည ၁၁ နာရီတွင် တောင်သာမြို့နယ် ကျောင်တစ်လုံးဆည်လမ်း၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါတယ်။ ဖမ်းဆီးခံရပီးနောက် " မြို့နယ်ဆေးရုံမှာ ထားပြီး ဒီဇင်ဘာလ ၂၇ ရက်ညအထိ မျက်နှာနဲ့ ကိုယ်မှာ ညိုမဲဒဏ်ရာတွေနဲ့၊ ဒီလိုအရမ်းအေးတဲ့ ရာသီမှာ လူမဆန်စွာ ကိုယ်တုံးလုံးချွတ်ပြီး ရိုက်နှက်တာမျိုး လုပ်နေတယ်။ နောက်ရက်တော့ ဘယ်ကိုခေါ်သွားမှန်း မသိရဘူး၊ သေလား ရှင်လားလဲ မသိရဘူး" လို့ ကိုသိန်းစိုး မကျဆုံးခင်အထိသာ နီးစပ်သူတွေထံမှ အခုလိုသတင်းများကြားသိခဲ့ရပါတယ်။ တောင်သာမြို့နယ် အ.ထ.က (၁)စာသင်ကျောင်းတွင်းက စစ်ကြောရေးစခန်းတွင်စစ်ကောင်စီတပ် အင်အား ၇၀ ခန့်နဲ့ ကိုသိန်းစိုးကိုဝိုင်းဝန်းနှိပ်စက်ခဲ့တာပါ။
" ၂၆ ရက် ညကလိုပဲ အ၀တ်တွေချွတ်ပြီးနှိပ်စက်တာစစ်ကြောရေး ရောက်တဲ့အထိပဲ။ သူ့ကိုအရက်မူးအောင်တိုက်ပြီးစစ်တယ်။ သူတို့လိုချင်တဲ့ အဖြေမရတော့ သူ့ကို ခြေသည်း၊လက်သည်းခွံတွေ ခွာပစ်တယ်။ တမံတလင်းကြမ်းပြင်ပေါ် တုံးလုံးလှဲခိုင်းပြီး ရေနဲ့လောင်းတယ်။ ကြမ်းပြင်ကိုလည်း ရေစိုအောင်အမြဲထားပြီး နှိပ်စက်တာ မနေ့က သေသွားတယ်။ အလောင်းလည်း ပြန်မပေးဘူး။ မိသားစု၀င်တွေကိုလည်း အကြောင်းမကြားဘူး ကြံ့ခိုင်ရေးပါတီမှ သတင်းတာ၀န်ခံဟောင်း ကိုပြည့်ဖြိုးမောင် နှင့် စည်းရုံးရေးမှူးနှစ်ယောက်တို့ အတူဦးဆောင်ကာ ဖမ်းဆီးခံရသူများကို အခုလိုနှိပ်စက်လေ့ရှိကြောင်းလည်း ဦးဇော်ထွေးက ပြောပါတယ်။ စစ်ကြောရေးမှာ စစ်ကောင်စီအဖွဲ့များရဲ့ ညှဉ်းပန်းသတ်ဖြတ်ခံရပီးကျဆုံးသွားသူ ကိုသိန်းစိုးဟာ တောင်သာမြို့နယ် အမှတ်(၁) ရပ်ကွက်တွင် နေထိုင်ပီး ဆိုင်ကယ် ရေဆေး ဆီလိုက် လုပ်ကိုင်သူ ဖြစ်ကာ ၎င်း အား ဖမ်းမိပြီးနောက်မှာ မိခင်နှင့် အစ်မဖြစ်သူတို့လည်း ရှောင်တိမ်းနေရကြောင်း ဒေသခံများကပြောပြကြပါတယ်။ တောင်သာမြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစလို့ အိမ်ထောင်စုဇယားဖြင့် အိမ်ရှိလူများအား လိုက်လံစစ်ဆေးခြင်းများပြုလုပ်ပါတယ်။ အိမ်ထောင်စုဇယားတွင်ပါဝင်သော်လည်းအိမ်တွင်မရှိသူများ ပြန်လာရန်နှင့်ပြန်မလာပါက မိသားစုဝင်များကိုဖမ်းဆီးခြင်း နေအိမ်ချိတ်ပိတ်ခြင်းများကို လည်း အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ကျူး လွန်နေတယ်လို့ သိရပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက အာဏာသိမ်းကောင်စီရဲ့ လူမဆန်တဲ့စစ်ရာဇဝတ်မှုတွေကို ရပ်တန့်ဖို့အကြိမ်ကြိမ်သတိပေးနေတဲ့ကြားမှာပဲ ခုလို ဖမ်းဆီးစစ်ဆေးရာမှ လက်လွန်ပီးသတ်ဖြတ်မှု အလောင်းဖျောက်မှုဖြစ်စဉ်များဟာ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment