၂၀၂၂ ဇန်နဝါရီလ ၅ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုးဗြဲမြို့နယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်
📌မိုင်းကိုင်မှာ တိုက်ပွဲ ပြင်းထန်မှုကြောင့် ရွာခံ (၁၀၀၀)ကျော် ထပ်မံ ထွက်ပြေးနေရ
📌မူဆယ်မြို့ ၁၀၅ မိုင်တွင် ဖရဲသီးများ စွန့်ပစ်ရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုးဗြဲမြို့နယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ် ဟိုက်ကွီကျေးရွာတွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၃ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တွင် နေထိုင်နေတဲ့အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်းခဲ့ပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရပါတယ်။
“ခါးနောက်ကျောဘက်မှာတော့ ဒဏ်ရာရသွားတယ်။ အရမ်းကြီးတော့ မစိုးရိမ်ရဘူး။ ဖြစ်ဖြစ်ခြင်း ကျနော်တို့ သွားကူညီပေးခဲ့ပြီး ဆေးရုံပို့ပေးလိုက်တာ။ ဒဏ်ရာတော့ ပြင်းထန်တယ်။ စစ်ကောင်စီက ရမ်းသမ်းပစ်ပြီး နေအိမ်ထိသွားတာ” လို့ ထိုအမျိုးသမီးကို ကူညီပေးသူတစ်ဦးက ပြောပါတယ်။
လက်ရှိတွင် လက်နက်ကြီးထိမှန်ခဲ့သည့် အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။
လက်နက်ကြီး ကျရောက်မှုကြောင့် ဟိုက်ကွီကျေးရွာ ဒေသခံများက လွတ်မြောက်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရပါတယ်။
ယမန်နေ့ကအထိ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နဲ့ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တို့ စစ်ရေးအရှိန် မြင့်နေကြောင်း သိရပါတယ်။
========================
📌မိုင်းကိုင်မှာ တိုက်ပွဲ ပြင်းထန်မှုကြောင့် ရွာခံ (၁၀၀၀)ကျော် ထပ်မံ ထွက်ပြေးနေရ
ရှမ်းတောင် မိုင်းကိုင်မြို့နယ်ထဲမှာ သျှမ်းပြည်တပ်မတော် RCSS နဲ့ SSPP တို့အကြား ဒီဇင်ဘာလကုန်ပိုင်းမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် ကျေးရွာခံ (၁၀၀၀)ကျော် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့အကြား ပန်ကေတု၊ ဟမ်းငိုင်းနဲ့ ဝိန်းငိန်ကျေးရွာအုပ်စုတွေမှာ တိုက်ပွဲပြင်းထန်နေကြတာပဲ ဖြစ်ပါတယ်။
စစ်ရှောင်တွေကို ကူညီပေးနေတဲ့အမျိုးသားတစ်ဦးက “ရွာကလူတွေ ၂၉ ရက်ကတည်းက ပြေးလာတယ်။ တချို့က အ၀တ်အစားတွေ ယူမိတယ်။ တချို့က မယူလိုက်ရဘူး။ အခုလောလောဆယ်က သူတို့အတွက် အရေးကြီးတာက စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်” လို့ ပြောပါတယ်။
စစ်ရှောင် (၁၀၀၀) ကျော်ဟာ မြို့ပေါ်ရှိ မွေတော်တောင်ကျောင်း၊ ပန်ကတ်ရပ်ကွက်(၅)၊ လွယ်လိုင်၊ ကျောင်းကန်နဲ့ နားလုံ ဘုန်းကြီးကျောင်းတွေမှာ လာရောက် ခိုလှုံနေကြပါတယ်။
“အခု သူတို့ကျေးရွာဘက် အခြေအနေက တိုက်ပွဲတွေ ဖြစ်နေတုန်းပါ။ စစ်သားတွေက တစ်ဖွဲ့က ရွာထဲမှာနေပြီးပစ်တာ တစ်ဖွဲ့က ရွာအပြင်မှာနေပြီး ပစ်လာကြတာ။ အခုက နှစ်ဖက်တပ် တိုက်ပွဲ တင်းမာနေတုန်းပဲ” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။
ထွက်ပြေးလာတဲ့ ကျေးရွာခံတွေဟာ ဟမ်းငိုင်းကျေးရွာအုပ်စု ၀မ်မိန်းရွာ၊ ဝိန်းငိန်းကျေးရွာအုပ်စု နားတီးရွာ၊ ပန်ကေတုကျေးရွာအုပ်စု နားလွန်၊ နမ်ကုမ်နဲ့ ကုန်းပန်ကျေးရွာတွေပဲ ဖြစ်ပါတယ်။
========================
📌မူဆယ်မြို့ ၁၀၅ မိုင်တွင် ဖရဲသီးများ စွန့်ပစ်ရ
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု (၁၀၅)မိုင်တွင် တရုတ်နိုင်ငံသို့ တင်ပို့မဲ့ ဖရဲသီးတင်ကားတွေဟာလမ်းမှာအချိန်ကြန့်ကြာနေတဲ့အတွက် ဖရဲသီးများ စွန့်ပစ်လိုက်ရကြောင်း သိရပါတယ်။
မန္တလေးမြို့ ဘက်မှ တက်လာသည့် ဖရဲသီးတင်ဆောင်လာသည့် ကားတွေဟာတရုတ်နိုင်ငံကိုပို့ဆောင်ရန်အတွက် စစ်ဆေးမှုကြန့်ကြာနေတဲ့အတွက်ဖရဲသီးများပုပ်သိုးကာ စွန့်ပစ်လိုက်ရတာဖြစ်ကြောင်း ကုန်တင်ကားဆရာတစ်ဦးက ပြောပါတယ်။
“တရုတ်ထဲကို ပို့ဖို့က ခက်လာတယ်။ စောင့်တဲ့အချိန်ကြာတော့ ပုပ်သိုးလာတာ။ တချို့က အသီးမလှတော့ဘဲ ပျက်စီးသွားလို့ စွန့်ပစ်ရတာလည်းရှိတယ်။ ဖရဲသီးတွေလည်း အများကြီး စွန့်ပစ်လိုက်ရတယ်” လို့ကုန်တင်ကားဆရာ တစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံအတွင်းသို့ ဖရဲသီးများပို့ဆောင်ရန်အတွက် သွင်းကုန်/ထုတ်ကုန် အေးဂျင့်များ နည်းပါးလာတာကြောင့် တင်ပို့ရန်အတွက် ခက်ခဲမှုများစွာရှိလာကြောင်း သိရပါတယ်။
ဒါ့အပြင် နိုင်ငံရေးအခြေနေနဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကုန်များကို လက်ခံတင်သွင်းရန်အတွက် တရုတ်နိုင်ငံဘက်မှ လက်ခံမှု နည်းပါးလာသောကြောင့် ဖရဲသီးကုန်သည်များ ခက်ခဲမှုနဲ့ရင်ဆိုင်နေရကြောင်း ဖရဲသီးကုန်သည်တွေက ပြောပါတယ်။
“အရင်ကဆိုရင် အေးဂျင့်တွေနဲ့ အခွန်ဆောင် တိုက်ရိုက် ချိတ်ပြီး ပို့လိုက်လို့ရတယ်။ အခုက အဲလိုမဟုတ်တော့ဘူး။ နိုင်ငံရေးအခြေအနေ၊ ကိုဗစ်တွေနဲ့ဆိုတော့ အခက်ခဲတွေများလာပြီး ကုန်တင်ပို့ဖို့ အဆင့်ဆင့်ရှိလာတာကြောင့် အခက်ခဲတွေ အများကြီးရှိလာတယ်။ တရုတ်နိုင်ငံဘက်လည်း ကုန်တင်သွင်းဖို့ကို သိပ်ပြီး လက်မခံတော့ဘူး” လို့မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါ တယ်။
နိုင်ငံရေးအခြေနေနဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ဖရဲသီးကုန်သည်များသည် ယခုနှစ်တွင် အရှုံးများစွာနဲ့ရင်ဆိုင်နေရကြောင်း သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment