6th JAN 2022 - Morning Daily News by Radio NUG


၂၀၂၂ ဇန်နဝါရီလ ၅ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ကချင်ပြည်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဌ၊ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်အတွက် အမျိုးသားညီညွတ်ရေး အစိုးရက မွေးနေ့ဆုတောင်းလွှာပေးပို့
📌အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်မှာ ဒီဇင်ဘာလ တစ်လတည်းအတွင်း စစ်ရာဇဝတ်မှုပေါင်း (၅၀၀) ကျော် တွေ့ရတဲ့အကြောင်း ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ရေးသားဖော်ပြ
📌လွတ်မြောက်နယ်မြေဒေသအတွင်း“နွေဦးကျန်းမာ “ အထွေထွေရောဂါကု နှင့် သင်ကြားရေးပြည်သူ့ဆေးရုံ ပြင်ပလူနာဌာန စတင်ဖွင့်လှစ်
📌Drone တွင် တပ်တပ်ဆင်တိုက်ခိုက်နိုင်သည့် UAV Bomb များကို အမြောက်အမြားထုတ်လုပ်နေပြီဖြစ်ကြောင်း People Soldiers’ Production Team ကထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ကချင်ပြည်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဌ၊ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်အတွက် အမျိုးသားညီညွတ်ရေး အစိုးရက မွေးနေ့ဆုတောင်းလွှာပေးပို့ခဲ့တဲ့သတင်းကိုတင်ပြပါ့မယ်

ဒီနေ့မှာ ကျရောက်တဲ့ ကချင်ပြည်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဌ -၁ ၊ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ရဲ့ အသက် ၆၀ ပြည့်မွေးနေ့အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကက မွေးနေ့ဆုတောင်းလွှာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။မွေးနေ့ဆုတောင်းလွှာထဲမှာတော့ “၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကချင်ပြည်လွတ်လပ်ရေး ကောင်စီ (KIC) ဒုဥက္ကဌ-၁ ၊ ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်ရဲ့ နှစ် ၆၀ ပြည့် မွေးနေ့မှစ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ပြည်သူ့အကျိုး ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါ တယ်။” လို့ ဖော်ပြထားပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်ကို ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၅ ရက် (စနေနေ့) ညနေ ၇ နာရီအချိန်မှာ အဖ ဦးဆွမ်လွတ်တူး၊ အမိ ဒေါ်ဂျီစောလွီ တို့က မွေးဖွားခဲ့တာပါ။မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံမှာ မွေးဖွားခဲ့တာ လည်းဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်ရဲ့ မြန်မာနာမည်က ဦးတင်စိုးဖြစ်ပြီးတော့ အဲဒီ (ဦး)မောင်တင်စိုးအမည် ကို အောင်နန်းရိပ်သာရပ်မှာနေတဲ့ အဖွားဒေါ်ကောက်(ခေါင်းကိုဖခင် ဦးစံလှ၏မိခင်)က ပေးထားတာဖြစ်တယ် လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ၂၀၁၉ ခုနှစ်မှာ ပြောကြားထားခဲ့ဖူးပါတယ်။အကြမ်းဖက်စစ်တပ်က ဖေဖော်ဝါရီ ၁မှာ အာဏာသိမ်းပြီးချိန် ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒပြစဉ်အခါကလည်း အကြမ်းဖက်စစ်ကောင်စီကို ပစ်မိန့်မပေးဖို့အတွက်ဖေဖော်ဝါရီ ၈ ရက်ကတည်းက တောင်းဆိုခဲ့သူပါ။
အမျိုးသားညီညွတ်ရေးအစိုးရက ငွေတိုက်စာချုပ်တွေ ရောင်းချတဲ့အခါမှာလည်း ငွေကြေးစီးဆင်းမှု လွယ်ကူစေ ဖို့အတွက် KPICT (Kachin Political Interim Coordination Team) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ပူးပေါင်းစေပြီး KPICT ရဲ့ ငွေကြေးစီးဆင်းမှုနဲ့ ငွေတိုက်စာချုပ် ငွေကြေးစီးဆင်းမှုကို အကူအညီတွေလည်းပေးခဲ့ပါတယ်။နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုဘက်က မားမားမတ်မတ်ရပ်ခဲ့သူတစ်ဦးဖြစ်ပြီးတော့ တော်လှန်ရေးလူငယ် တွေ၊ CDM သမားတွေအတွက် အကူအညီကောင်းတွေကို ပေးအပ်ကူညီခဲ့တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။လူမူကွန်ရက်စာမျက်နှာတွေမှာလည်း တိုင်းရင်သားပေါင်းစုံက ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်ကို မွေးနေ့ဆုမွန်ကောင်းတွေ တောင်းထားပေးတာလည်း တွေ့ရပါတယ်။

========================

📌📌အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်မှာ ဒီဇင်ဘာလ တစ်လတည်းအတွင်း စစ်ရာဇဝတ်မှုပေါင်း (၅၀၀) ကျော် တွေ့ရတဲ့အကြောင်း ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ရေးသားဖော်ပြခဲ့ပါတယ်

အာဏာသိမ်းအကြမ်းဖက် ဖက်ဆစ်စစ်တပ်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ ပြည်သူလူထုအပေါ် ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်မှုများ၊ လူနေအိမ် ဘာသာရေးအဆောက်အဦးများကို မီးရှို့ ဖျက်ဆီးမှုများ၊ ပြည်သူ့ကိုယ်ပိုင် အဖိုးတန်ပစ္စည်းများကို ခိုးယူသိမ်းဆည်း ဖျက်ဆီးမှုများ၊ စစ်ကြောရေးများတွင် ဥပဒေမဲ့ ရိုက်နှက်သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရည်ရွယ်ချက်ရှိရှိ မျိုးသုဉ်းသတ်ဖြတ်နေမှုများ၊ လူထုနေထိုင်ရာ နေရာများကို တိုက်လေယာဉ် ရဟတ်ယာဉ်များ သုံးလျက် ပစ်ခတ်တိုက်ခိုက်နေမှုများ၊ လက်နက်ကြီးများဖြင့် လူနေအိမ်များဆီ ရမ်းသန်းပစ်ခတ်၍ လူထုအသက်သေဆုံးမှု အိုးအိမ်ပျက်စီးဆုံးရှုံးနေရမှုများ စသည့် ဖက်ဆစ်ဆန်ဆန် အကြမ်းဖက်စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ တစ်ရက်မပျက် ကျူးလွန်နေသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တစ်လတည်းအတွင်းမှာပင်၊ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်မှာ စစ်ရာဇဝတ်မှုပေါင်း (၅၀၀) ကျော် တွေ့ရှိရပြီး၊ လက်တွေ့မြေပြင်တွင် ယခု တွေ့ရှိရသည့် အချက်အလက်များထက် များစွာဖြစ်ပျက်နေသည်မှာ အသေအချာဖြစ်သည်။ အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ စစ်ရာဇဝတ်မှုများကို အရေးယူအပစ‌်ပေးနိုင်ရေးသည် ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ်ဆောင်ရွက်နေပြီး မြေပြင် တရားလို ပြည်သူ ကာယကံရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် သက်သေအထောက်အထားများကို စုဆောင်းထားရှိပါသည်။ ထို့အပြင် သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်တွဲဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူလူထုအနေဖြင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ နှင့် ချိတ်တွဲလျက် အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ စစ်ရာဇဝတ်မှုများကို အမှုဖွင့်တိုင်ကြားပေးခြင်းဖြစ်စေ၊ သတင်းပေးတိုင်ကြားခြင်းဖြစ်စေ စစ်ရာဇဝတ်တရားခံ အပြစ်သားများကို ဥပဒေအောက် အရောက်ခေါ်ယူပြီး တရားစွဲဆိုနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ စစ်ရာဇဝတ်မှု ကျူးလွန်သူများသည် မည်သည့်အခြေအနေမျိုးမှာဖြစ်ဖြစ် ၎င်းတို့ကျူးလွန်ခဲ့သည့် ပစ်မှုများနှင့် ပတ်သက်၍ ဥပဒေ၏ အပစ်ပေးမှုအောက်မှ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်မှုမရှိစေရအောင် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်လို့ ဇန်နဝါရီလ ၅ ရက်နေ့ရက်စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ရေးသားပါတယ်။

========================

📌📌လွတ်မြောက်နယ်မြေဒေသအတွင်း“နွေဦးကျန်းမာ “ အထွေထွေရောဂါကု နှင့် သင်ကြားရေးပြည်သူ့ဆေးရုံ ပြင်ပလူနာဌာန စတင်ဖွင့်လှစ်လိုက်တဲ့သတင်းကိုဖတ်ကြားပါ့မယ်

ဆေးတက္ကသိုလ် ၂၊ရန်ကုန် ကျောင်းသားကော်မတီမှဦးစီးသည့် စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများပါဝင်သော အထွေထွေရောဂါကုနှင့် သင်ကြားရေးပြည်သူ့ဆေးရုံ ပြင်ပလူနာဌာန အား လွတ်မြောက်နယ်မြေဒေသအတွင်း ၄.၁.၂၀၂၂ လွတ်လပ်ရေးနေ့မှာ စတင်ဖွင့်လှစ်နိုင်ပြီဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေဒေသအတွင်း ဖွင့်လှစ်သည့် အဆိုပါ ဆေးရုံကို " နွေဦးကျန်းမာ " ဟု အမည်ပေးထားပြီး အတွင်းလူနာဌာန ၊ ကလေးကုသဆောင် ၊ ခွဲစိတ်ခန်း နှင့် လူနာသယ်ယူပို့ဆောင်ရေးစနစ်များ အားပြင်ဆင်လျက်ရှိကာ လိုအပ်သည့် ဆေးဝါး နှင့် စက်ပစ္စည်းများအား တပ်ဆင်လျက်ရှိတယ်လို့ ဆေးတက္ကသိုလ် ၂ ရန်ကုန် ကျောင်းသားကော်မတီကနေ သိရပါတယ်။ "နွေဦးကျန်းမာ " အထွေထွေရောဂါကုနှင့် သင်ကြားရေးပြည်သူ့ဆေးရုံ ပြင်ပလူနာဌာန အား အဆင့်မြှင့်တင်ပြီးပါက ကျေးရွာပေါင်း ၃၀ ကျော် နှင့် လူဦးရေ ၁၅၀၀၀ ကျော်ထိ ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ နွေဦးကျန်းမာ ပြည်သူ့ဆေးရုံအတွက် အထွေထွေ လိုအပ်ချက်များအတွက် လှူဒါန်းလိုပါက page message box သို့ဖြစ်စေ um2.studentcommittee@gmail.com သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆေးတက္ကသိုလ် ၂ ရန်ကုန် ကျောင်းသားကော်မတီကနေ ကြေညာထားပါတယ်။

========================

📌📌Drone တွင် တပ်တပ်ဆင်တိုက်ခိုက်နိုင်သည့် UAV Bomb များကို အမြောက်အမြားထုတ်လုပ်နေပြီဖြစ်ကြောင်း People Soldiers’ Production Team ကထုတ်ပြန်ခဲ့ပါတယ်

People Soldiers’ Production Team ကို DSTA ဆင်း CDM စစ်သားများဖြင့် အဓိကဖွဲ့စည်းထားခြင်းဖြစ်ပြီး PSPT ရဲ့ ပရောဂျက်များအတွက် Focal Person အဖြစ် ကိုညီသုတက တာဝန်ယူထားပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့ညနေပိုင်းမှာတော့ ၎င်းအဖွဲ့ဟာ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအပါအဝင် အခြားဒေသများရှိ LDF ၊ PDF နှင့် UG များအတွက် ရှေ့ထွက်မိုင်း/ ကားမိုင်းများ / ပဒေသာမိုင်းများထပ်မံထုတ်လုပ်ထားတဲ့အကြာင်း အသိပေးရေးသားခဲ့ပါတယ်။ ထုတ်ကုန်များအတွက် ကူညီကြိုးစားပေးသော လူပုဂ္ဂိုလ်များနှင့်အတူ လုံခြုံရေးအရ အမည်မဖော်ပြနိုင်သော PDF အဖွဲ့အားလည်း​ေ ကျးဇူးတင်ကြောင်းပါရှိပါတယ်။PSPT သည် သက်ဆိုင်ရာ LDF PDF များဖြင့် ပူးပေါင်းဆောင်ရွက်နေပြီး ထုတ်ကုန်များအားလုံးကို LDF PDF နှင့် UG များအတွက် အဓိက ရည်ရွယ်ထုတ်လုပ်ပေးခြင်းဖြစ်ကြောင်း၊ဒါ့အပြင် Drone တွင် တပ်တပ်ဆင်တိုက်ခိုက်နိုင်သည့် UAV Bomb များကိုပါ အမြောက်အမြားထုတ်လုပ်နေပြီဖြစ်ကြောင်း ဆိုပါတယ်။ သိက္ခာမရှိသော တန်ဖိုးမရှိသော စစ်တပ်ကို တိုက်ခိုက်ရန်အတွက် ပြည်သူကိုကာကွယ်လိုသော CDM စစ်သားများက စစ်လက်နက်များ အမြောက်အမြားထုတ်လုပ်ကာ ဆန့်ကျင်နေကြခြင်းဖြစ်တယ် ပြည်သူ့အတွက် ထပ်မံကြိုးစားပါမယ်လို့ ရေးသားထားတာကိုလည်း တွေ့ရှိရပါတယ်။
People Soldiers’ Production Team ဟာ Project K1 လို့အမည်ပေးထားတဲ့ ဖောက်ခွဲရေးပစ္စည်း ထုတ်လုပ်မှုတရပ်ကို လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်မှာ ဖော်ပြခဲ့ပီးပြည်သူ့ခုခံတွန်းလှန်စစ်အတွက် ရှေ့ထွက်မိုင်း နှင့်ကားမိုင်းများ စမ်းသပ်အောင်မြင်ပီဖြစ်ကြောင်း PDF LDF များအတွက် အရေအတွက်အမြောက်အမြား ထုတ်လုပ်ပေးလျက်ရှိကြောင်းကိုလည်း အသိပေးခဲ့တာတွေ့ရပါတယ်။ စစ်ပွဲတစ်ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့အရာတွေထဲမှာ လက်နက်အင်အား၊ စိတ်ဓာတ်အင်အား နှင့် စစ်နည်းဗျုဟာ တို့ဟာ အင်မတန်အရေးပါတဲ့ အရာတွေပါပဲ။
လက်နက်အင်အား မလုံလောက်ရင် စစ်ပွဲအတွက် အသက်များစွာပေးဆပ်ရသည်များရှိတတ်ပါတယ်။ စိတ်ဓာတ်အင်အားကို အရင်းတည်ပြီး တိုက်ပွဲဝင်နေတဲ PDF LDF တွေဟာ နိုင်ငံတော်အတွက် အင်မတန်တန်ဖိုးရှိသူများဖြစ်ကြပါတယ်။ PDF LDF တွေကြောင့် တော်လှန်ရေးရှေ့ဆက်နိုင်တာပါ။
သူတို့အတွက် ကျနော်တို့လုပ်ပေးနိုင်တာတွေထဲကတစ်ခုက လက်နက်ထုတ်လုပ်ရေးနှင့် နည်းပညာဖြန့်ဝေရေးပါပဲလို့ PSPT အဖွဲ့ကရေးသားထားပီး
ဒါ့အတွက် လိုအပ်ချက်အရင်းအမြစ်များလုံလောက်အောင် ထောက်ပံ့ပေးနိုင်သူတွေလိုအပ်ကြောင်း ရေးသားဖော်ပြထားပါတယ်။




#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment