၂၀၂၂ ဇန်နဝါရီလ ၆ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း NUG အစိုး၏ အကူအညီဖြင့် ကြားကာလ ပညာသင်ကြားရေး Online home base စနစ် ဖြင့်ဆောင်ရွက်သွားမည်။
📌နမ့်ခမ်းတွင် TNLA အဖွဲ့ကို စစ်တပ်က ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဒေသခံ ၆ ဦး ဒဏ်ရာရ
📌အင်တောရွာအထက်တန်းကျောင်းမှ ကျောင်းကော်မတီဝင် ၂ဦး စစ်ကောင်စီတပ်မှ မီးရှို့သတ်ဖြတ်
📌ဖယ်ခုံ ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ပြီးနောက် NLD ပြည်နယ်လွှတ်တော်အမတ်နေအိမ်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း NUG အစိုး၏ အကူအညီဖြင့် ကြားကာလ ပညာသင်ကြားရေး Online home base စနစ် ဖြင့်ဆောင်ရွက်သွားမည်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းကျောင်းများဖွင့်လှစ်ဖို့စီစဥ်နေမှုနဲ့ပက်သက်ပြီး ဆောင်ရွက်နေမှု အခြေအနေများအား ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောကြားရာမှာ တော်လှန်ရေးပြီးရင် ကလေးတွေရဲ့ ပညာရေးကို အဆင်သင့်ဆက်သွားနိုင်ဖို့ရည်ရွယ်ပြီးလုပ်ဆောင်ရတာဖြစ်သလို အခုလိုတော်လှန်ရေးမျိုးကိုနောက်တစ်ကြိမ် ပြန်မဖြစ်ရအောင် ပညာရေးကိုမြှင့်တင်ဖို့လိုသလို၊ ပညာတက်တွေပေါ်ပေါက်ဖို့လိုအပ်ပါတယ်။
"စစ်ကိုင်း နဲ့ မကွေး အချို့ဒေသတွေက အခြေအနေပေးတဲ့ နေရာတွေမှာ စလုပ်တာပါ။ အန္တရာယ်ကတော့ ရှိပါတယ်။စစ်ကောင်စီတပ်တွေက ရွာတွေထဲဝင် မီးရှို့သတ်ဖြတ်တာတွေ လုပ်နေတာဘဲ၊ ဒါပေမယ့် တစ်ချို့နေရာတွေကတော့ သူတို့အကြာကြီး မနေနိုင်တော့ တော်တော်များများ ရွာတွေ၊ ဒေသတွေကတော့ စာသင်ဖို့ အခြေအနေ ပေးတာပေါ့နော်။ အဲ့ဒါကို သက်ဆိုင်ရာ ပညာရေး ဘုတ်အဖွဲ့တွေက အကောင်အထည် ဖော်နေကြတာပါ" လို့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောကြားပါတယ်။
လက်ရှိဟာ မတရားတဲ့အာဏာသိမ်းမှုကိုဆန်ကျင်နေတဲ့တော်လှန်ရေးကာလလည်းဖြစ်သလို ကိုဗစ်ကာလလည်းဖြစ်တဲ့အားလျော်စွာ ခလေးတွေရဲ့ ပညာရေးကို လစ်ဟင်းမသွားရအောင် အခုလိုကြားကာလပညာသင်ကြားရေးတွေကို လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဒီလိုသင်ကြားပေးမှုကို တိုင်းရင်းသားဒေသတွေနဲ့ တစ်ချို့သောဒေသတွေမှာ ပိုပြီးအာရုံစိုက်ပြီး အကောင်အထည်ဖေါ်နိုင်ခဲ့ပါတယ်။ အခုစစ်ကိုင်းနဲ့ မကွေးတိုင်းက မခြေအနေပေးလို့ လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲတွေနဲ့ ပြည်သူ့ကျန်းမာရေး အဖွဲ့တွေရဲ့အခြေအနေပေးမှုကြောင့် လုပ်ဆောင်နိုင်တာလည်းဖြစ်သလို NUGရဲ့ ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီး ဌာနအနေနဲ့လည်း သင်ကြားတာထက် သင်ယူတဲ့ပုံစံမျိုးကို ပိုပြီး ဦးစားပေးလုပ်ဆောင်တာမျိုးဖြစ်ပါတယ်။ Home base ကိုအခြေခံတဲ့သင်ယူရေးဖြစ်တဲ့အတွက် ခလေးတွေအနေနဲ့ ကျောင်းကို လွယ်အိပ်တွေနဲ့သွားရောက်သင်ယူစရာမလိုပဲ မိမိတို့မိသားစုနှင့်အတူ ဖုန်းတစ်လုံးရှိရုံဖြင့် သင်ယူနိုင်မယ့် Digital Online ပညာရေးနဲ့ကျင့်သားရအောင်ပါ ဆောင်ရွက်တာဖြစ်တယ်လို့လည်းဆိုပါတယ်။
သင်ကြားရေးမှာပါဝင်မည့်သူတွေကတော့ CDM ဆရာ ဆရာမတွေ တက္ကသိုလ်ကျောင်းသား၊သူ တော်လှန်ရေးမှာပါဝင်နေတဲ့ပြည်သူတွေပဲဖြစ်ပါတယ်။မည်သူမဆို ပါဝင်နိုင်တဲ့ပညာရေးဖြစ်အောင် စီစဉ်ထားတယ်လို့လည်းသိရပါတယ်။ အတန်းတင်ပေးတဲ့ပညာရေးနဲ့ ဘွဲ့ပေးတဲ့ပညာရေးမဟုတ်ပဲ Online Home Base ပညာရေးဖြစ်သည့်အားေလျှာ်စွာ စာသင်ချိန်အနေနဲ့ တစ်ချိန်ကို မိနစ် (၃၀)ဖြင့် တစ်ရက်ကို (၆)ကြိမ် သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
========================
📌နမ့်ခမ်းတွင် TNLA အဖွဲ့ကို စစ်တပ်က ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဒေသခံ ၆ ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် ဇန်နဝါရီလ ၅ ရက်နေ့၊ နေ့လည်ပိုင်းအချိန်က မြို့တွင်းဝင်လာတဲ့ TNLA အဖွဲ့ကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဒေသခံ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရပါတယ်
တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က နမ့်ခမ်းမြို့ပေါ်ကို ယမန်နေ့၊ နံနက်ပိုင်းက ဝင်ရောက်လာမှုကြောင့် အာဏာသိမ်းစစ်တပ်က စခန်းသစ်ကုန်းမှ လက်နက်ကြီးများ တဖက်သတ် ပစ်ခတ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၅ရက်နေ့၊ နေ့လည် ၁ နာရီဝန်းကျင်အချိန်ခန့်မှ စတင်ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံတွေက ပြောပါတယ်။
"မနက် ၉ နာရီလောက်က TNLA အဖွဲ့က ဝတ်စုံအပြည့်နဲ့ မြို့ထဲဝင်လာတာ။ ၁ နာရီမထိုးခင်လောက်မှာ စစ်တပ်ဖက်က စခန်းသစ်ကုန်းကနေ လက်နက်ကြီးနဲ့ စပစ်ပြီးတော့ အခုထိ အပြန်အလှန်ပစ်နေကြတာ။ ပြည်သူတွေက ကြားထဲကနေ ကြားညှပ်တာပေါ့။ လုံခြုံရေးကို ဘယ်သူကမှ တာဝန်ယူမပေးဘူး"လို့ နမ့်ခမ်းမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားရာမှာ အာဏာသိမ်းစစ်တပ်မှ ပစ်ခတ်တဲ့လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင်ဒေသခံပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို နမ့်ခမ်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိတယ်လို့သိရပါတယ်။
TNLA က မြို့တွင်းဝင်ရောက်လာမှုဟာ ဇန်နဝါရီလ ၄ ရက်က နမ့်ခမ်းမြို့မဈေးသို့ ဆက်ကြေးကောက်ရန် ရောက်ရှိလာတဲ့ TNLA တပ်ဖွဲ့ဝင် နှစ်ဦးပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆလျက်ရှိပါတယ်။
========================
📌အင်တောရွာအထက်တန်းကျောင်းမှ ကျောင်းကော်မတီဝင် ၂ဦး စစ်ကောင်စီတပ်မှ မီးရှို့သတ်ဖြတ်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အင်တောအုပ်စု အင်တောကျေးရွာမှ ကျောင်းကော်မတီဝင် နှစ်ဦးအား စစ်ကောင်စီတပ်မှ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။ အမှန်တော့ အဲရွာကတစ်ရွာလုံးနီးပါးစစ်ရှောင်နေတာ အဲဒါ ကျောင်းကော်မတီဝင် နှစ်ယောက်က ရွာထဲကို ရိက္ခာပြန်ယူတာ အဲမှာစစ်ကောင်စီတပ်က ပစ်သတ်သွားတယ်ဆိုတာတော့ သိရတယ် ဒီနေ့မှ စစ်သားတွေလည်း ရွာကထွက်သွားမှ မိသားစုဝင်တွေ အလောင်းကိုပြန်ရှာတာ စာသင်ကျောင်းနောက်ဘက်မှာ မီးရှို့သတ်ထားတာတွေ့ရတယ်" လို့ ဒေသခံကပြောပါတယ်။
မီးရှို့ခံရတဲ့ ကျောင်းကော်မတီဝင် ၂ ဦးဟာ ဦးမောင်မြင့် (၄၅) နှစ်နဲ့ ဦးတင်သောင်း (၄၀) နှစ်တို့ ဖြစ်ကြောင်း သေဆုံးသူ နှစ်ဦးဟာ ညီအစ်ကိုဝမ်းကွဲ တော်စပ်ကြောင်း ၎င်းကဆက်ပြောပါတယ်။စစ်ကောင်စီတပ်ဟာ အင်တောရွာမှာ ဇန်နဝါရီလ လဆန်းမှ အင်တောရွာ အထက်တန်းကျောင်းတွင် ဝင်ရောက်တပ်စွဲထားခြင်းဖြစ်ကာ ဇန်နဝါရီလ ၅ရက်နေ့မှာ ရွာမှပြန်လည်ထွက်ခွာသွားကြောင်း သိရပါတယ်။
" မနေ့က သတ်တာလား ဘယ်နေ့သတ်တာလဲဆိုတာတော့ တိတိကျကျ မသိရဘူး ဒီနေ့ စစ်သားတွေရွာက ထွက်သွားတဲ့နောက်မှ မီးရှို့ခံထားရတာ သူတို့နှစ်ယောက်မှန်း သိရတယ်။ တစ်ကယ် ရိုးသားတဲ့သူတွေကိုဗျာ လုပ်ရက်ကြတယ်" လို့ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းရှိ ကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲခြင်းများ ဒေသခံပြည်သူများအား မတရားဖမ်းဆီး သတ်ဖြတ်မူများ ပိုမိုလုပ်ဆောင်လာတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ဘေးရှောင်များလည်း ပိုမိုများလာဆဲဖြစ်ပါတယ်။
========================
📌ဖယ်ခုံ ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ပြီးနောက် NLD ပြည်နယ်လွှတ်တော်အမတ်နေအိမ်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ကြံ့ခိုင်ရေးရုံးမှာ ဗုံးပေါက်ကွဲပြီးနောက်ပိုင်း NLD လွှတ်တော်အမတ်နေအိမ်ကို လက်နက်ကြီး ပစ်ခတ်ခံရကြောင်း သိရပါတယ်။
ဇန်နဝါရီလ ၄ ရက်၊ ည ၁၁ နာရီ ဝန်းကျင်က ဖယ်ခုံ ကြံ့ခိုင်ရေးရုံး အပါအဝင် (၃) နေရာမှာ ဗုံး ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် NLD ပြည်နယ်လွှတ်တော်အမတ် ဒေါ်မေရီနျို့ ရဲ့ နေအိမ်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
“ကြံ့ခိုင်ရေးရုံးက ဗုံးအရင်ပေါက်တာ။ ပြီးမှ NLD လွှတ်တော်အမတ် နေအိမ်ကို စစ်ကောင်စီတွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်လိုက်တာ။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေတော့ အကုန်ပျက်စီးသွားတယ်။ လူတော့ထိခိုက်ဒဏ်ရာရတာ မရှိဘူး” လို့ ဖယ်ခုံမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ပြီးနောက်ပိုင်း NLD လွှတ်တော်အမတ်နေအိမ်ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း အထက်ပါ အမျိုးသားက ပြောပါတယ်။
“သူတို့ ကြံ့ခိုင်ရေးရုံး ပေါက်ကွဲမှုဖြစ်ပြီးတော့ သူတို့က NLD လွှတ်တော်အမတ်နေအိမ်ကို လက်နက်ကြီးနဲ့ ပစ်တာ။ ဖယ်ခုံ အခြေစိုက် စစ်တပ်ကနေဘဲ ပစ်တာ။ မနေ့ညက ဗုံးခနခန ပေါက်သံကြားရတယ်” လို့ အထက်ပါ ဒေသခံအမျိုးသားက ပြောပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment