၂၀၂၂ ဇန်နဝါရီလ ၆ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)၏ သဘောထားထုတ်ပြန်ချက်
📌စစ်ကောင်စီက ငွေမရှင်းပေးနိုင်လို့ LNG ဓါတ်အားပေးစက်ရုံစီမံကိန်းများ ရပ်ဆိုင်းပီး ဓါတ်အားပြတ်တောက်မှုများဖြစ်ပေါ်နေ
📌ပြည်သူ့ခုခံတွန်းလှန်စစ်ကိုဆင်နွှဲနေတဲ့ မွန်ပြည်နယ် ကျိုက်ထိုတော်လှန်ရေးအင်အားစုရဲ့ ဇန်နဝါရီလ ၆ ရက်နေ့ ရက်စွဲနဲ့အသိပေးချက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)၏ သဘောထားထုတ်ပြန်ချက်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ဇန်နီဝါရီလ ၆ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။
ထိုထုတ်ပြန်ချက်အပြည့်အစုံကိုဖတ်ကြားတင်ပြပေးပါမယ်။
ငြိမ်းချမ်းခြင်းလုပ်ငန်းစဉ်ဦးဆောင်အဖွဲံ PPST ရဲ့ အစည်းအဝေး အမှတ် ၂၃ / ၂၀၂၂ ကို ဇန်နဝါရီလ ၅ ရက်နှင့် ၆ ရက်နေ့များတွင်ကျင်းပခဲ့ရာ ဤအစည်းအဝေးမှ လက်ရှိနိုင်ငံရေး အခြေအနေများ ပြည်တွင်းအခြေအနေများအား ဆွေးနွေးညှိနှိုင်းပြီးနောက် အောက်ပါဘုံသဘောထား ရပ်တည်ချက်များကိုထုတ်ပြန်ကြေငြာအပ်သည်။
(၁) ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးပြသနာများကိုနိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ အင်အားသုံးဖြေရှင်းမှုများကြောင့်အပြစ်မဲ့ပြည်သူများ သေကြေခြင်း အတိဒုက္ခမျိုးစုံခံစားရခြင်းလူမှုစီးပွားရေးများ နိမ့်ဆင်းခြင်းများ လူငယ်များ၏အနာဂါတ်များ ပျောက်ဆုံးသွားရမှုများအတွက် PPST ကအ ထူးတုန်လှုပ်ဝမ်းနည်းရပါသည်။ ယခုနှစ်သစ် ၂၀၂၂ ခုနှစ်တွင်ပြည်သူများ ခံစားနေရသော အတိဒုက္ခများကို လျှော့ချနိုင်ရေးတွက် နိုင်ငံရေးပြသနာများကို နိုင်ငံရေးဆွေးနွေးခြင်းနည်းဖြင့်ဖြေရှင်းကြပါရန် သက်ဆိုင်ရာအစုအဖွဲ့အားလုံးကိုပန်ကြားအပ်ပါသည်။ ပြည်သူများအားလုံး ၂၀၂၂ နှစ်သစ်တွင်ခံစားနေရသည့်အတိဒုက္ခများကင်းဝေးပီး လွတ်လပ်ငြိမ်းချမ်းသည့် ဒီမိုကရေစီအရသာကိုပြန်လည်ခံစားနိုင်ကြပါစေကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် ဝိုင်းဝန်းပါဝင်ကြပါရန် တိုက်တွန်းရင်းနှစ်သစ်ကူးဆုမွန်တောင်းအပ်ပါသည်။
(၂) လာမည့် ၂၀၂၂ ခုနှစ်တွင် ချမှတ်ထားသည့် PPST လုပ်ငန်းစဉ်များအဖြစ် လက်ရှိမြန်မာနိုင်ငံအကျည်အတည်းဖြေရှင်းရေးတွင် PPST သည် NCA ၏ အနှစ်သာရကိုသော်လည်းကောင်း၊ PPST ၏ နိုင်ငံရေးဦးတည်ချက် ၇ ရပ်ကိုသော်လည်းကောင်း အခြေခံ၍ နိုင်ငံရေးအကျပ်အတည်းများကိုဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းသွားမည်။
(၃) 2021 ခုနှစ်ဒီဇင်ဘာလအတွင်း ဖြစ်ပျက်ခဲ့သော ကယားပြည်နယ် ဖရူဆို မိုဆို ကိစ္စ ၊ လေးကေကော်ငြိမ်းချမ်းရေးမြို့သစ်ကိစ္စနှင့် အခြားဒေသများရှိ အမျိုးသမီးများကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားများအပေါ် စစ်ကောင်စီရဲ့ လူသားမဆန်ကျူးလွန်မှုများကို PPST အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှု့ချသည်။
(၄) လက်ရှိနိုင်ငံရေး အကျည်အတည်း ဖြေရှင်းရေးအတွက် နိုင်င့တကာ အဖွဲ့အစည်းများ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတာ၏ ကြားဝင်စေ့စပ်ဖြေရှင်းမှုများသည် မြန်မာနိုင်ငံ၏ ပကတိ နိုင်ငံရေးအခြေအနေနှင့် အညီ လက်တွေ့ကျကျဆောင်ရွက်နိုင်ရေးကို PPST အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်။
(၅) မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကျည်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူများ အားလုံးပါဝင်သော အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေး ဆွေးနွေးပွဲများဖြင့်သာဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါသည်
စသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က သဘောထားထုတ်ပြန်ခဲ့ပါတယ်။
========================
📌📌စစ်ကောင်စီက ငွေမရှင်းပေးနိုင်လို့ LNG ဓါတ်အားပေးစက်ရုံစီမံကိန်းများ ရပ်ဆိုင်းပီး ဓါတ်အားပြတ်တောက်မှုများဖြစ်ပေါ်နေတဲ့သတင်းကိုတင်ပြပေးပါ့မယ်
LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများကို ပြည်သူ့အစိုးရလက်ထက်တွင် အကောင်အထည်ဖော်လည်ပတ်ခဲ့ပေမယ့် အာဏာသိမ်းခံကာလမှာတော့ ရပ်ဆိုင်းသွားခဲ့ရပီး ဓာတ်အားဖြန့်ဖြူးမှုစနစ်အတွင်း လျှပ်စစ်ထုတ်လုပ်မှု ၁၈ ရာခိုင်နှုန်းလျော့ကျသွားခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ကုမ္ပဏီများကိုပေးချေရမည့်ငွေများမပေးနိုင်တော့၍ ကုမ္ပဏီများကအခုလို လုပ်ငန်းရပ်ဆိုင်းခြင်းဖြစ်တဲ့အကြောင်း စွမ်းအင်ကုမ္ပဏီများထံမှ သိရပါတယ်။
အကြမ်းဖက်အာဏာသိမ်းအဖွဲ့က ထိန်းချုပ်ထားတဲ့ လျှပ်စစ်နှင့်စွမ်းအင်အဖွဲ့ဘက်ကတော့ ပြည်ပကနေ မှာယူတင်သွင်းနေရတဲ့ LNG to power ဓါတ်အားပေးစက်ရုံများရဲ့ ထုတ်လုပ်မှု (၇၅၀)မဂ္ဂါဝပ် က သဘာဝဓါတ်ငွေ့တင်သွင်းရတဲ့ ဈေးနှုန်းဟာ လေးဆအထိတက်လာတာကြောင့် ရပ်နားထားရခြင်း ဖြစ်တယ်လို့ ဝါဒဖြန့်သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရတနာ ကမ်းလွန်ဓါတ်ငွေ့စီမံကိန်းကို ပြုပြင်ထိန်းသိမ်းမှုတွေပြုလုပ်နေရတာကြောင့် (၅၄၀)မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်ခြင်းမရှိသေးဘူးလို့လည်း ၎င်းတို့အဖွဲ့ကဆိုပါတယ်။ ဒါ့ပြင် လျှပ်စစ်တာဝါတိုင် အချို့ ဖျက်စီးခံနေရခြင်းစတဲ့ ကိစ္စ တွေကြောင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု လျော့နည်းနေတယ်လို့လည်း စစ်အုပ်စုရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကာကွယ်ရေးသားဖော်ပြခဲ့ကြပါတယ်။ အခုလို ဓာတ်အားပြတ်တောက်မှုဖြစ်နေခြင်းကြောင့် ပြည်သူများဟာ မီးလင်းအားတူပြီး ဓါတ်အားသုံးစွဲမှုနည်းပါးတဲ့ LED မီးချောင်းများပြောင်းလဲသုံးစွဲကြဖို့ကိုလည်း ဖိအားပေးလျက်ရှိပါတယ်။
“ဝန်ကြီးဌာနက ငွေပေးချေဖို့ အခက်အခဲဖြစ်နေလို့ ကုမ္ပဏီက ဆက်မလုပ်တာ ဈေးတက်တယ်ဆိုတာလည်း ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ”လို့ လျှပ်စစ်ထုတ်လုပ် နေသည့် ကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ်လုပ်နိုင်မူ၏ ၃၅ ရာခိုင်နှုန်းဖြစ်တဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၁၄၇၀ မဂ္ဂါဝပ် လျော့နည်းမယ့်အကြောင်းကိုလည်း စစ်ကောင်စီအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ် လျော့နည်းသွားသော ဓာတ်အားထုတ်လုပ်မှုရာခိုင်နှုန်းတွင် LNG စီမံကိန်းများရပ်ဆိုင်းခြင်းကြောင့် ဓာတ်အား ၇၅၀ မဂ္ဂါဝပ်၊ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း နှစ်စဉ်ထိန်းသိမ်းခြင်းလုပ်ငန်း ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်းခြင်း ကြောင့် ဓာတ်အား ၅၄၀ မဂ္ဂါဝပ် နှင့် ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းမှ ဓာတ်အား ပို့လွှတ်ရေးတာဝါတိုင်များ ပျက်စီးခြင်းကြောင့် ၁၈၀ မဂ္ဂါဝပ် အသီးသီးလျော့နည်းခြင်းဖြစ်တယ်လို့ စစ်အုပ်စုက အကြောင်းပြပါတယ်။ လက်ရှိအချိန်တွင်လည်း ရန်ကုန်အစရှိတဲ့မြို့ကြီးများတွင်သာမက နယ်မြို့များတွင်လည်း နေ့စဉ်လိုလို အချိန်မရွေး ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ် ။ ဓာတ်အားပြတ်တောက်လေ့ရှိတဲ့အချိန်တွေကတော့ မနက် ၇နာရီမှ နေလယ် ၁၁ နာရီ၊ ညနေ ၅နာရီမှ ည ၇ နာရီအတွင်း အချိန်မရွေးပြတ်တောက်နေတာမျိုးပါ။
“စစ်တပ်အာဏာသိမ်းလိုက်တော့ နွေရာသီမီးမပျက်စေဖို့ လုပ်ထားတဲ့ ဓာတ်အားပေးစီမံကိန်းတွေ အကုန်ရပ်သွားတယ်။ ဒီနှစ်နွေမှာ ဓာတ်အားပြတ်တောက်မူ အကြီး အကျယ် ကြုံတွေ့ရလိမ့်မယ်”ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အရာရှိတစ်ဦးက ပြောပြပါတယ်။ အာဏာသိမ်းမခံရမီ အရပ်သားအစိုးရလက်ထက်တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ၌ မဂ္ဂါဝပ် (၃၀၀၀) ခန့်ထွက်ရှိမည့် LNG စီမံကိန်း (၃)ခု နှင့် ၂၀၁၉ တွင် မဂ္ဂဝါဝပ် ၉၀၀ထွက်ရှိမည့် LNG စီမံကိန်း ၃ ကို လုပ်ကိုင်ခွင့်စတင်ပေးခဲ့ပြီး ၃နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်ရန်စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့ပြင် သဘာဝဓါတ်ငွေ့အရည် (LNG) ဖြင့် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများသည် ၂၀၂၀ ဇွန်လတွင် ဓာတ်အားစတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ နွေရာသီတွင် မီးမပျက်စေရန် သဘာဝဓာတ်ငွေ့သုံး စီမံကိန်းငါးခုဖြစ်တဲ့ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့်သာကေတတို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သောအစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်ခင်ဗျာ အာဏာသိမ်းအကြမ်းဖက်အုပ်စု ထုတ်ပြန်ချက်မှာပါရှိတဲ့ ဓာတ်အားပြတ်တောက်ရတဲ့အကြောင်းရင်းများတွင် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း နှစ်စဉ်ထိန်းသိမ်းခြင်း လုပ်ငန်းကြောင့် ရပ်တန့်ထားရခြင်းအချက်တချက်လည်းပါဝင်နေပါတယ်။ အဆိုပါရတနာကမ်းလွန်ဓာတ်ငွေ့စီမံကိန်းကို ဇန်နဝါရီ ၇ ရက်တွင် ပုံမှန်ပြန်လည် လည်ပတ်မယ်လို့ ဖော်ပြထားပီး ဓာတ်အားများကတော့ ဆက်လက်ပြတ်တောက်နေဦးမယ်လို့လည်း သိရှိရပါတယ်။
========================
📌📌ပြည်သူ့ခုခံတွန်းလှန်စစ်ကိုဆင်နွှဲနေတဲ့ မွန်ပြည်နယ် ကျိုက်ထိုတော်လှန်ရေးအင်အားစုရဲ့ ဇန်နဝါရီလ ၆ ရက်နေ့ ရက်စွဲနဲ့အသိပေးချက်တစ်ရပ်ကိုတင်ပြပါ့မယ်
ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီအချိန် ကျိုက်ထိုမြို့နယ်အတွင်းတွင် စစ်ကောင်စီဒေါက်တိုင်အနေနဲ့ လျှပ်စစ်မီတာခ ကောက်ခံသော ကျိုက်ထိုမြို့ EPC လျှပ်စစ်မီတာရုံးကိုကျွန်ုပ်တို့ KRF မှ စစ်ရေးပစ်မှတ်ထားပီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူလူထုအားအသိပေးကြေငြာအပ်ပါသည် ယခုကဲ့သို့တိုက်ခိုက်ရခြင်းမှာ အောက်တိုဘာလ ၂၃ ရက်နေ့ ရက်စွဲပါ စာအမှတ် ၁၄/၂၀၂၁ အရ ကျွန်ုပ်တို့ KRF မှ သတိပေးချက်အား လိုက်နာခြင်း မရှိသည့်အတွက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် ဆက်လက်၍ ပြည်သူများထံမှစစ်ကောင်စီအလိုကျ မီတာခများကိုအတင်းအကျပ် ကောက်ခံနေမည်ဆိုပါက ယခုထက်ပိုမိုပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံသတိပေးလိုက်သည် ကျိုက်ထိုမြို့နေ ပြည်သူများအနေဖြင့် မီတာရုံးအနီးသွားလာခြင်း မီတာရုံးမှ နန်းစီဒီအမ် ဝန်ထမ်းများနှင့်နီးကပ်စွာ ဆက်ဆံခြင်း မီတာခလိုက်လံကောက်ခံသောဝန်ထမ်းများနှင့် နီးကပ်စွာဆက်ဆံခြင်း မီတာ ပေးဆောင်ခြင်းများကို အထူးရှောင်ရှားကြရန်နှင့်လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ကျွန်ုပ်တို့ KRF မှတာဝန်ယူမည် မဟုတ်ကြောင်း အသိပေးလိုက်သည်ဟု သတိပေးကြေငြာထားပါတယ် ။ ထို့ပြင် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ရှစ်နာရီခွဲအချိန်မှာ ပေါက်ကွဲမှုတရပ်ဖြစ်ခဲ့တာတွေ့ရှိရပီး ထိုကဲ့သို့ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှုမျိုး ပစ်ခတ်မှု မျိုးအား မိမိတို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုအဖွဲ့မှ ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်းနှင့် ကျွန်ုပ်တို့ KRF မှ ပစ်မှတ် ထား တိုက်ခိုက်ခြင်းများကိုလည်း ပြည်သူများ ထံ အတိအလင်း အသိပေးဖော်ပြပါ့မယ်လို့ ရေးသားထားတာတွေ့ရှိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment