၂၀၂၂ ဇန်နဝါရီလ ၇ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၏ မြန်မာခရီးစဉ်နှင့် ပတ်သတ်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ သဘောထား ထုတ်ပြန်ချက်
📌နေရပ်သို့ မပြန်နိုင်သေးတဲ့ ကျောက်မဲက စစ်ရှောင် (၄၀၀) ကျော် ရပ်စောက်ဘက် ပြောင်းရွှေ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၏ မြန်မာခရီးစဉ်နှင့် ပတ်သတ်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ သဘောထား ထုတ်ပြန်ချက်
ဇန်နဝါရီလ ၇ ရက်နေ့ မှ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရဲ့ ခရီးစဉ်နှင့် ပတ်သတ်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဇန်နဝါရီလ ၇ ရက်နေ့ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီသဘောထား ထုတ်ပြန်ချက်အပြည့်အစုံမှာ -
မြန်မာနိုင်ငံသို့ လာရောက်မည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၏ ခရီးစဉ်နှင့် ပတ်သတ်၍ သဘောထား ထုတ်ပြန်ချက်
၁။ မြန်မာ့အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ခေါင်းဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ လာရောက်လည်ပတ်မည် ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် အာဆီယံအဖွဲ့၏ တိုးတက်မှုများအပေါ် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို သိရှိရပါသည်။
၂။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ မြန်မာပြည်သူများအပေါ်၌ လူမဆန်သော အကြမ်းဖက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ၎င်းတို့အာဏာ တည်မြဲရေးအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည့် ၂၀၂၂ ခုနှစ်အတွက် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယား ဝန်ကြီးချုပ်အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းအား ထုတ်မှုများကို လေးစားလိုက်နာရန် အထူးတိုက်တွန်းပါသည်။
၃။ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်နေသော ပြဿနာများသည် အတ္တဆန်သော စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကြောင့်သာ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပါသည်။ မြန်မာပြည်သူ များအပေါ်၌ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်း ဖက်မှုများပြုလုပ်နေသည့် စစ်ခေါင်းဆောင်များအား လူ့အသိုက်အဝိုင်းမှ ဖယ်ကျဉ်ထားရမည် ဖြစ် ပြီး ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံနှင့် ပြည်သူလူထုအတွက် အကျိုးတစ်စုံတစ်ရာ မရှိနိုင်ပါ။
၄။ မြန်မာနိုင်ငံ၏ အကျိုးစီးပွားအတွက် ထိရောက်သည့် တွေ့ဆုံဆွေးနွေးမှုများဖြင့် ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေး အာဆီယံခေါင်းဆောင်များက သဘောတူညီထားသည့် ဘုံသဘော တူညီချက် (၅) ချက်အပေါ် လုံးဝပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့် အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှုအပေါ် မြန်မာပြည်သူများက အလွန်ဒေါသထွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တည်ရှိပြီးသော ဆက်ဆံရေး ကောင်းများနှင့် တည်ဆောက်ထားခဲ့သည့် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုများကို ထိန်းသိမ်းသွားရန် တိုက်တွန်းပါသည်။
၅။ မြန်မာနိုင်ငံ၏ အရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာပြည်သူလူထုက ဆန္ဒမဲပေးရွေးချယ်ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ တို့အပါအဝင် တရားဝင် အဖွဲ့အစည်းများနှင့်သာ ပူးပေါင်းဆောင်ရွက်ရန် ထပ်မံတိုက်တွန်းပြီး မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်သူလူထုက အပ်နှင်းထားသည့် အခွင့်အာဏာကို ကျင့်သုံးနေသည့် တရားဝင်အဖွဲ့အစည်းဖြစ်ခြင်းကြောင့် မြန်မာပြည်သူ တို့၏ ဆန္ဒသဘောနှင့်အညီ ရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
(ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ)
========================
📌📌နေရပ်သို့ မပြန်နိုင်သေးတဲ့ ကျောက်မဲက စစ်ရှောင် (၄၀၀) ကျော် ရပ်စောက်ဘက် ပြောင်းရွှေ့
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်ကို တိမ်းရှောင်နေကြတဲ့ စစ်ရှောင် (၈၀၀) ကျော်ထဲက (၄၀၀) ကျော်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်သို့ အလုပ်လုပ်ဖို့ ပြောင်းရွှေ့သွားကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်က စစ်ရှောင် (၄၀၀) ကျော်ဟာ နေရပ်သို့ မပြန်နိုင်သေးတာကြောင့် ရပ်စောက်မြို့နယ်ထဲက ကျိုင်းခမ်းကျေးရွာအုပ်စုဘက် အလုပ်လုပ်ဖို့အတွက် ပြောင်းရွှေ့သွားကြတာပဲ ဖြစ်ပါတယ်။
စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက “နေရပ်ပြန်ဖို့အတွက်လည်း ကျေးရွာဘက်ပြန်ဖို့ စိတ်မချရသေးဘူး။ လုံခြုံမှုလည်း မရှိဘူးပေါ့နော်။ မြို့ပေါ်မှာပဲနေလည်း ရေရှည်အတွက်က ဒီအတိုင်းပဲ ရှောင်နေဖို့ အဆင်မပြေဘူး။ အဓိက ရပ်စောက်ဘက် ပြောင်းသွားတာ အလုပ်လုပ်နိုင်တဲ့သူတွေပဲ သွားကြတယ်။ သက်ကြီးပိုင်းနဲ့ ကလေးတွေက ဒီမှာပဲရှိသေးတယ်” လို့ ပြောပါတယ်။
ပြောင်းရွှေ့သွားတဲ့ စစ်ရှောင်တွေဟာ ကျောက်မဲမြို့နယ်ထဲက ဟူးဆွန်နဲ့ ပုံးလုံဘက်က ကျေးရွာခံတွေပဲ ဖြစ်ပါတယ်။
စစ်ရှောင်တွေ ရပ်စောက်ဘက် ပြောင်းရွှေ့တာဟာ သျှမ်းပြည်သံဃာတော်နဲ့ ပြည်သူငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက စီစဥ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဆရာတော်အဖွဲ့တွေက အဲဒီ ရပ်စောက်ဘက်မှာ စိုက်ပျိုးဖို့အတွက် နေရာရှိတယ်။ နေရာလည်း အဆင်ပြေတယ်။ သွားနေမယ်ဆိုရင် အဲမှာစိုက်ပျိုးလို့ရတယ်။ နေမယ့်နေရာကတော့ ဒုက္ခသည်အနေနဲ့ နေထိုင်ပြီး စိုက်ပျိုးစားကြပေါ့။ တကယ်လို့ ကျေးရွာဘက် အခြေအနေကောင်းရင် ပြန်လာလို့ရတယ်” ဆိုပြီး အကူညီပေးနေသူက ဆက်ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လက စတင်ပြီးတော့ ကျောက်မဲမြို့နယ်ထဲမှာ TNLA, SSPP ပူးပေါင်းတပ်နဲ့ RCSS တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး အရပ်သားထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment