သတင်းခေါင်းစဉ်များ -
📌ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို အာဏာသိမ်းစစ်ကောင်စီက သေဒဏ်အမိန့်ချ
📌ကုလသမဂ္ဂက R2Pကျင့်သုံးရန် ပျက်ကွက်မှုကြောင့် အကြမ်းဖက်မှုများကို စစ်ကောင်စီ ဆက်လက်ကျူးလွန်နေခြင်းဖြစ်ဟု ဒေါက်တာဆာဆာပြော
📌မြန်မာပြည်က ထွက်ခွာမယ့် TOTAL နဲ့ Chevron တို့ မည်သည့်နိုင်ငံ/မည်သည့်ကုမ္ပဏီတွေထံ လက်လွှဲရောင်းချမယ်ဆိုတာ ထုတ်ဖော်မပြောသေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို အာဏာသိမ်းစစ်ကောင်စီက သေဒဏ်အမိန့်ချ
အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး လ အတန်ကြာ သတင်းအစအနပျောက်နေခဲ့တဲ့ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ (ခေါ်) ဦးကျော်မင်းယုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို အကြမ်းဖက်မှုနဲ့ စွပ်စွဲခံထားရပြီး အခုတော့ သေဒဏ်အမိန့်ချမှတ်လိုက်ကြောင်း စစ်တပ်ပိုင် မြဝတီရုပ်သံနဲ့ မြန်မာ့ရုပ်မြင်သံကြား MRTV တို့ကနေ ဇန်နဝါရီလ ၂၁ ရက်နေ့ မှာ ကြေညာခဲ့ပါတယ်။ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့ နှစ်ဦး သေဒဏ်ချမှတ်ကြောင်း စစ်ကောင်စီကြေညာချက်မှာ ပြည်သူများ၏ အောင်ပွဲဟုဆိုနိုင်သည့် Total ရေနံကုမ္ပဏီက မြန်မာနိုင်ငံမှထွက်ခွာမည့် သတင်းအပေါ် အာရုံလွှဲခြင်းသာဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က မှတ်ချက်ပြုထားပါတယ်။ ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော် အတွက် ဦးမင်းကိုနိုင်က -
"တောင်ကုန်း ၁ ကုန်း
စခန်း ၁ ခု
သူတို့ ရကောင်းရလိမ့်မယ်
အလုံးစုံစစ်ပွဲ
သူတို့ ရှုံးမှာပဲ
ငါတို့ပြည်သူ နိုင်မှာပဲ။" လို့ အမှတ်တရ စပ်ဆိုပါတယ်။
ဦးဂျင်မီ၏ဇနီးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်နီလာသိန်းကတော့ “စကစအနေနဲ့ ဒီအာဏာရှင်တွေရဲ့လုပ်ရပ်တွေက အခု ကိုဂျင်မီ့ကို သေဒဏ်ချတယ်၊ အဲဒီအရှေ့မှာလည်း အရွယ်မရောက်သေးတဲ့ လူငယ်တွေကို မိသားစုလိုက်၊ ညီအစ်ကိုလိုက် သေဒဏ်ချတာတွေ မတရားညှဉ်းပန်း နှိပ်စက်တာတွေ၊ ခုလိုသေဒဏ်ချမှ သေဒဏ်ကျတာ မဟုတ်ဘူး။ ရှေ့မှာ သူတို့အမည်မဖော်ဘဲနဲ့ သူတို့ နှိပ်စက်ညှဉ်းပန်းလို့ သေဆုံးသွားရတာတွေ အများကြီးရှိတယ်။ အဓိကတခုပဲ ကျမပြောချင်တာက ဒီသွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး။ ကျမတို့တွေအားလုံး ဒီစစ်အာဏာရှင်ကို ဒီတခေါက်မှာ အင်နဲ့ အားနဲ့ နိုင်အောင်တိုက်ကြမယ်ဆိုတဲ့ စိတ်ခွန်အားကို ကျမပြောင်းလဲယူပြီးတော့ ကျမတို့က နိုင်အောင်တိုက်မှာပေါ့နော်” လို့ ပြောပြပါတယ်။ ဒါ့အပြင် ကိုဂျင်မီအတွက် သူတို့ မိသားစုအနေနဲ့ အကျိုးဆောင်ရှေ့နေတွေ ငှားရမ်းလျှောက်လဲမှာလည်း မဟုတ်ပါဘူးလို့ ဒေါ်နီလာသိန်းက ဆက်ပြောပါတယ်။ အခုလို သေဒဏ်အပြစ်ပေးခဲ့မှုနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ ဒီမိုကရေစီလှုပ်ရှားသူတွေက စစ်ကောင်စီကို ပြစ်တင်ရှုတ်ချနေကြပြီး ဦးဂျင်မီ နှင့် ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်ချမှတ်လိုက်ပေမယ့် ဒီမိုကရေစီတိုက်ပွဲကို ဆက်လက်ဆင်နွှဲသွားမယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောကြားထားကြပါတယ်။
အလားတူ မကွေးတိုင်း၊ မင်းဘူးမြို့မှ သတင်းသမားတစ်ဦးဖြစ်တဲ့ ဦးတင်ရွှေကိုလည်း ဖမ်းဆီးထားသည့် မကွေးထောင်တွင်းတရားရုံးက ဇန်နဝါရီလ (၂၁) ရက်နေ့မှာ ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ ဦးတင်ရွှေဟာ တင်ရွှေ - မင်းဘူး ကလောင် အမည်ဖြင့် သတင်းတွေ ရေးသားနေသူဖြစ်ပြီး အာဏာသိမ်းအဖွဲ့က သူ့ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက ဖမ်းဆီးထားကာ (၁၀)လအကြာတွင် ပုဒ်မ ၅၀၅ - ဂ ဖြင့် ထောင်ဒဏ်ချလိုက်တာဖြစ်ကြောင်း သိရပါတယ်။
========================
📌📌ကုလသမဂ္ဂက R2Pကျင့်သုံးရန် ပျက်ကွက်မှုကြောင့် အကြမ်းဖက်မှုများကို စစ်ကောင်စီ ဆက်လက်ကျူးလွန်နေခြင်းဖြစ်ဟု ဒေါက်တာဆာဆာပြော
ချင်း၊ ကရင်နီ၊ ကရင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်ကောင်စီ၏ ကျူးလွန်မှုတွေဟာ ကုလသမဂ္ဂက အကာအကွယ်ပေးရန် တာဝန်ရှိမှု R2P ကျင့်သုံးရန် ပျက်ကွက်မှုကြောင့်ဖြစ်ရကြောင်းနဲ့ R2Pနှင့်ပတ်သက်လို့ ကုလလုံခြုံရေးကောင်စီ၌ ဆွေးနွေးနိုင်ရေး လုပ်ဆောင်ထားကြောင်း NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။
“R2P ဆိုတာဟာလည်း ကုလသမဂ္ဂချာတာမှာ ရှိပြီးသားပဲ။ အခု တကယ်တမ်းဆို ပြန်ပြောရဦးမှာပဲ။ မတူပီမှာ ဘာဖြစ်လို့ ဒီလိုဖြစ်နေသလဲဆိုရင် Responsibility to Protect မရှိလို့ပေါ့။ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်တဲ့ ကမ္ဘာသူ ၊ကမ္ဘာသားတွေကို ကုလသမဂ္ဂက ကာကွယ်ရမယ်ဆိုတာ R2P ပဲ။ အခုဟာက အကာအကွယ်မဲ့ဖြစ်နေလို့ဖြစ် တာမဟုတ်ဘူးလားဆိုတာကိုလည်း ကျွန်တော်တို့ အနေနဲ့ ဒီတရားဥပဒေလမ်းကြောင်းဘက်က အပြည်ပြည်ဆိုင်ရာလမ်းကြောင်းပေါ်မှာ ပြန်ပြောရမှာဖြစ်တယ်” လို့ ဒေါက်တာဆာဆာက ပြောပါတယ်။
အခု ဇန်နဝါရီအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌတာဝန်ကို နော်ဝေးနိုင်ငံက ယူထားတာဖြစ်ပြီး မြန်မာ့အရေးကို လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူရန် နော်ဝေးနိုင်ငံနဲ့ ဆွေးနွေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“မကြာခင်မှာ ကျင်းပမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး အခြေအနေ၊ စစ်ကောင်စီအကြမ်းဖက်လုပ်ရပ်တွေကို ကျွန်တော်တို့အနေနဲ့ တင်ပြပြီးတော့ မြန်မာနိုင်ငံ စစ်ကောင်စီပေါ်မှာ လက်နက်ပိတ်ဆို့မှုတွေ၊ စီးပွားရေး ပိတ်ဆို့မှုတွေကို အားလုံးကနေ ဝင်ရောက် ဆွေးနွေးနိုင်တဲ့ Open Debate လို့ခေါ်တဲ့ အစီအစဉ်တစ်ခုဖြစ်လာပြီး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လုပ်ဆောင်နေပါပြီ” ဟု ဝန်ကြီးက ဆက်ပြောထားကြောင်းပါ။
========================
📌📌မြန်မာပြည်က ထွက်ခွာမယ့် TOTAL နဲ့ Chevron တို့ မည်သည့်နိုင်ငံ/မည်သည့်ကုမ္ပဏီတွေထံ လက်လွှဲရောင်းချမယ်ဆိုတာ ထုတ်ဖော်မပြောသေး
TOTAL နဲ့ Chevron ကုမ္မဏီ ၂ ခုက မြန်မာနိုင်ငံက ထွက်ခွာတော့မယ်လို့ ပြောထားပေမယ့်လည်း သူတို့၏ လက်ရှိလုပ်ငန်းတွေကို ဘယ်ကုမ္ပဏီ၊ ဘယ်နိုင်ငံတွေဆီ လက်လွှဲရောင်းချမယ်ဆိုတာကိုတော့ ထုတ်ဖော်မပြောထားပါဘူး။
မြန်မာစစ်ကောင်စီရဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေကြောင့် အမေရိကန်နဲ့ အီးယူက ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်လာဖို့ ရှိတယ်လို့ ထုတ်ပြန်ပြီးနောက် ပြင်သစ်က TOTAL Energies နဲ့ အမေရိကန်က Chevron စွမ်းအင်ကုမ္မဏီတို့က သူတို့လုပ်ငန်းတွေကို စစ်ကောင်စီနဲ့ ဆက်ပြီး လက်တွဲလုပ်ကိုင်ခြင်းမလုပ်တော့ဘူးလို့ ကြေညာထားပါတယ်။
အခုလို ကမ္ဘာ့အကြီးဆုံးစွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ TOTAL နဲ့ Chevron ကပါ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့လုပ်ငန်းတွေကို ပြန်ရုပ်သိမ်းတော့မယ်လို့ ကြေညာလိုက်တာဟာ မင်းအောင်လှိုင်ရဲ့ သမ္မတရူးအိပ်မက်ကို ကယောက်ကယက်ဖြစ်စေတယ်လို့ အကဲခတ်တချို့ကဆိုပါတယ်။
အဲဒီလိုထုတ်ပြန်ပြီးပြီးချင်းမှာပဲ ထိုင်း စွမ်းအင်ကုမ္ပဏီ PTTEP ကလည်း မြန်မာနိုင်ငံတွင်း အခြေအနေကို သတိထား စောင့်ကြည့်နေသလို ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံစလုံးရဲ့ စွမ်းအင်လိုအပ်ချက် အရေးကြီးတဲ့ အပေါ် အဓိက စဉ်းစားလုပ်ဆောင်နေတဲ့အကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။
‘မင်းအောင်လှိုင်မျှော်လင့်စရာ ကြီးကြီးမားမားဝင်ငွေထဲမှာ စွမ်းအင်ဝင်ငွေကလည်း နံပါတ်တစ်ပါပဲ။ အခု ဒီဝင်ငွေပျောက်ပြီဆိုတော့ မင်းအောင်လှိုင် ရူးလောက်တဲ့အကွက်တစ်ကွက် တိုးလာတာပေါ့။ ဘာလို့လဲဆိုတော့ ဒီဝင်ငွေပျောက်လို့ နောက်တစ်ပေါက်ကနေ ဝင်ငွေတိုးလာစရာ အကြောင်းမှမရှိတာ’ လို့ သူက ပြောပါတယ်။
အခုလို မြန်မာစစ်ကောင်စီအကျိုးစီးပွားနဲ့ လက်မတွဲတော့ဘူးလို့ Total နဲ့ Chevron က ထုတ်ပြန်လိုက်ပေမယ့် သူတို့၏ လည်ပတ်နေတဲ့လုပ်ငန်းတွေကို ဘယ်ကိုလွှဲပြောင်းမလဲဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment