22nd JAN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၂၁ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အာဏာသိမ်းလူသတ်စစ်အုပ်စုကို သွေးစွန်းငွေဖြည့်ပေးနေတဲ့ တိုတယ် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ်ပဏီ နှင့် Chevron တို့ ထွက်ခွါတော့မည်
📌နိုင်ငံတကာဝရမ်းပြေး ဖြစ်လာတော့မယ့် မင်းအောင်လှိုင်၏ အကျိုးစီးပွားလက်ကိုင်တုတ် ဦးဌေးအောင်(ခ)Orchidဌေးအောင် OIC နိုင်ငံများသို့ သွားရောက်သည့် ခရီးစဥ်အပေါ် နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ်ကွန်ရက်၏ သဘောထားထုတ်ပြန်ကြေညာချက်
📌စဝါဒဖြန့်မဲစာရင်းစာအုပ်များဖြင့် သံဃာတော်များထံ စစ်ကောင်စီကချဉ်းကပ်ရန်ကြိုးစား

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အာဏာသိမ်းလူသတ်စစ်အုပ်စုကို သွေးစွန်းငွေဖြည့်ပေးနေတဲ့ တိုတယ် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ်ပဏီ နှင့် Chevron တို့ ထွက်ခွါတော့မယ်လို့ကြေငြာချက်ထွက်လာပါပီ

စစ်အာဏာရှင်သန်းရွှေလက်ထက်ကစလို့ မြန်မာနိုင်ငံထဲလာရောက်ရင်းနှီးမြှုပ်နှံပီး ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်နေတဲ့ ပြင်သစ် စွမ်းအင်ကုမ္ပဏီ TOTAL နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့ဟာ ဇန်နဝါရီလ ၂၁ ရက်နေ့မှာပဲ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွကို ပြန်ရုပ်သိမ်းတော့မယ့်အကြောင်း အသီးသီး သတင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နိုင်ငံတဝှမ်းက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့်အတူCDM ဝန်ထမ်းသပိတ်တိုက်ပွဲများကြောင့် အကြမ်းဖက်အုပ်စုဟာ စီးပွားရေးချွတ်ခြုံကျခဲ့ပေမယ့် နှစ်စဉ်ဒေါ်လာဘီလီယံချီ အခွန်ရစေတဲ့ အခုလိုရေနံနှင့်သဘာဝဓာတ်ငွေ့ ပြည်ပကုမ္ပဏီများရဲ့ ဝင်ငွေကြောင့်သာ ယခုထက်တိုင် လူသတ်အကြမ်းဖက်လုပ်ငန်းများကို ဟန်မပျက်ရပ်တည်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ မြန်မာပြည်သူများက ယုံကြည်ထားကြတာပါ။ TOTAL ကုမ္ပဏီဟာ ၁၉၉၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံတွင်း ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ အမေရိကန်မှ Chevron ၊ ထိုင်းမှ PTTEP ၊ စစ်တပ်ထိန်းချုပ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့နဲ့ အတူပူးပေါင်းပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ်ခဲ့တဲ့အပြင် မုတ္တမ သဘာဝဓာတ်ငွေ့ကုမ္ပဏီ MGTC မှာလည်း အစုရှယ်ယာပါဝင်ထားပါတယ်။ ဒီလုပ်ငန်းတွေမှတဆင့် စစ်ကောင်စီကိုဝင်ငွေစီးဆင်းခွင့်မပေးသင့်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့သာလက်တွဲပူးပေါင်းသင့်ကြောင်း မြန်မာ့ဒီမိုကရေစီအရေး သွေးစွန်းငွေရပ်တန့်ရေးလှုပ်ရှားသူတွေက အင်တိုက်အားတိုက်ဖိအားပေးခဲ့ကြပါတယ်။
“Total Energies က စစ်အာဏာရှင်(သန်းရွှေလက်ထက်) လက်ထက်မှာ မြန်မာနိုင်ငံထဲကို ဝင်လာပြီး လူ့အခွင့်အရေး စိုးရိမ်မှုတွေကို လျစ်လျူရှုခဲ့တယ်။ မြန်မာစစ်တပ်ကို လက်နက်တွေအတွက် ငွေပေးခဲ့တယ်။ ဒီနေ့ တော့ မြန်မာ နိုင်ငံကနေ နုတ်ထွက်ဖို့ ကြေညာတာက သိသာထင်ရှားတဲ့လုပ်ရပ်ဖြစ်ပါတယ်” လို့ Burma Campaign UK ဒါရိုက်တာ Mark Farmaner က ပြောကြားပါတယ် Total Company ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အာဏာသိမ်းမှုနောက်ပိုင်း လူအခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့လာတဲ့အခြေအနေက ပိုဆိုးလာတာကြောင့် ကုမ္ပဏီ အနေနဲ့ အခြေအနေကို ပြန်လည်သုံးသပ်ပြီး စစ်ကောင်စီရဲ့ အကျိုးစီးပွားတွေကို ဖြည့်ဆည်းပေးတာမျိုး မဖြစ်စေဖို့ စီးပွားရေး လုပ်ငန်းတွေကို ပြန်လည်ရုပ်သိမ်းမှာဖြစ်တယ်လို့ ပါရှိပါတယ်။
အမေရိကန် Chevron ကုမ္ပဏီကလည်း သူတို့လုပ်ငန်းတွေ ပြန်ရုပ်သိမ်းမယ့်အကြောင်း TOTAL ကုမ္ပဏီနဲ့ ရှေ့ဆင့် နောက်ဆင့်ဆိုသလို ထုတ်ပြန်ပါတယ်။ နောက်ထပ်လုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ ထိုင်း စွမ်းအင်ကုမ္ပဏီ PTTEP ကတော့ မြန်မာနိုင်ငံတွင်း အခြေအနေတွေကို သတိထား စောင့်ကြည့်နေတဲ့အကြောင်းနဲ့ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံစလုံးရဲ့ စွမ်းအင်လိုအပ်ချက် အရေးကြီးတဲ့ အပေါ်မှာ အဓိက စဉ်းစားလုပ်ဆောင်နေတဲ့အကြောင်း ကြေညာချက်ထုတ်ပါတယ်။ အခုလို TOTAL ရေနံနှင့်သဘာ၀ဓာတ်ငွေ့ကုမ္ပဏီက မြန်မာနိုင်ငံမှ ထွက်ခွာမည်ဆိုသော ဆုံးဖြတ်ချက်ကို Burma Campaign UK က ကြိုဆိုကြောင်း သတင်းထုတ်ပြန်ပါတယ်။ Total Energies သည် ၎င်းတို့၏ လုပ်ငန်းများကို အခြားကုမ္ပဏီသို့ မရောင်းဘဲ မြန်မာနိုင်ငံမှ ထွက်ခွာမှာဖြစ်ပါတယ်။ အခုလို TOTAL ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုသော်လည်း အာဏာသိမ်းပြီး တစ်နှစ်အကြာမှ ယင်းသို့ ဆုံးဖြတ်မှုကိုတော့ အပြစ်တင်လိုကြောင်း Blood Money Campaign မှ ဦးဆောင်သူကိုရဲက သုံးသပ်ပြောပါတယ်။ ဒါ့အပြင် “Total Energies ရဲ့ဆုံးဖြတ်ချက်ဟာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နှစ်ပေါင်းများစွာ ငွေကြေးထောက်ပံ့ကူညီပေးခဲ့တယ်။ မြန်မာနိုင်ငံမှာ သူတို့ရဲ့အတိတ်တွေက ကောင်းတာတော့ မဟုတ်ဘူး”လို့ ပြောပါတယ်။ သွေးစွန်းငွေရပ်တန့်ရေးလှုပ်ရှားမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ nug နဲ့အတူပူးပေါင်းပီး တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သူ blood money campaign မှဦးဆောင်သူကိုရဲက Total ရဲ့အခုဆုံးဖြတ်ချက်ကို သတိထားပီးတော့ ကြိုဆိုကြောင်းခုလိုပြောပါတယ်။
"နံပါတ်တစ်ကတော့ Blood Money Campaign အနေနဲ့ TOTAL ရဲ့ ကြေ ညာချက်အပေါ်မှာ သတိထားပြီးတော့ ကြိုဆိုတယ်။ ကျနော်တို့အနေနဲ့ မြန်မာပြည်ကထွက်ဖို့ လုပ်ငန်းတွေ ရပ်တန့်ဖို့ တစ်ခါမှ မတောင်းဆိုခဲ့ဘူး။ ကျနော်တို့အဓိက လိုချင်တာက အကြမ်းဖက်စစ်ကောင်စီလက်ထဲကို အခွန်ဘဏ္ဍာတွေ ကျနော်တို့ မပေးဖို့ဘဲ ရှင်းရှင်းလင်းလင်း တောင်းဆိုခဲ့တာဖြစ်တယ်။ တစ်ပြိုင်တည်းမှာပဲ TOTAL ရဲ့ ကြေညာချက်အပေါ်မှာ သိသာတဲ့ဖြစ်ထွန်းမှုအနေနဲ့ လက်ခံတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအမေရိကန်၊ ပြင်သစ်နဲ့ ဥရောပက MOGE ကို စီးပွားရေးပိတ်ဆို့မှုတွေအတွက် လမ်းပွင့်သွားစေတယ်။ သူတို့နဲ့ စာချုပ်ချုပ်ထားတာက မြန်မာအစိုးရနဲ့ ချုပ်ထားတာ။ MOGE ကို ပိုက်ဆံမပေးဖို့က သူတို့လုပ်နိုင်တယ်။ လုပ်နိုင်ရဲ့သားနဲ့ မလုပ်တာ။ TOTAL အနေနဲ့ အစကတည်းက လုပ်နိုင်ရဲ့သားနဲ့ တစ်နှစ်အကြာမှ လုပ်ခဲ့တာ လူ့အသက်ပေါင်းများစွာ ရင်းလိုက်ရတယ်။ အဲဒီအပေါ်မှာတော့ မနှစ်သက်ဘူး။ TOTAL ကို အပြစ်တင်ချင်တယ်" လို့ Blood Money Campaign ကို ဦးဆောင်သူက ပြောပါတယ် Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner ကတော့ “ရတနာဓာတ်ငွေ့စီမံကိန်းဟာ လုပ်ငန်းလည်ပတ်မှုသက်တမ်းကုန်ဆုံးလုနီးနေပြီဖြစ်ပါတယ်။ Total Energies က ရှေ့မှာ ရရှိမယ့် ငွေကြေးထက် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာသိမ်းမှုမှာ တာဝန်ရှိတဲ့ စစ်တပ်ကို ငွေကြေးထောက်ပံ့မှုအတွက် အနုတ်လက္ခဏာ ဂုဏ်သိက္ခာ ကျဆင်းမှုအတွက် ဒီလိုဆုံးဖြတ်လိုက်တာ ဖြစ်နိုင်တယ်” လို့ပြောပါတယ်။ 1992 ကစလို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလာခဲ့ပီး ၂၀၂၁ ခုနှစ်အာဏာသိမ်းချိန်ကျမှ မြန်မာပြည်မှ ပြန်လည်ထွက်ခွာတော့မယ့် Total ရဲ့ဆုံးဖြတ်ချက်ကို စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေဘက်ကတော့ ဝမ်းသာအားရရှိနေကြသလို NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကတော့ " စစ်ကောင်စီ အတွက် ဒေါ်လာသန်းရာချီ အခွန်ပေးဆောင်နေတဲ့ Total ရေနံကုမ္မဏီ မြန်မာပြည်က လစ်တော့မယ် NUG စီမံဘဏ္ဍာ ဝန်ကြီးဌာနနဲ့အတူ ဝိုင်းညှပ်ပေးကြတဲ့ နိုင်ငံတကာ အစုအဖွဲ့ အားလုံး Congratulation ပါ။ လို့ လူမှုကွန်ရက်ပေါ်မှတဆင့် အသိပေး ထုတ်ဖော်ရေးသားထားတာ တွေ့ရပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကလည်း " ရေနံနဲ့ သဘာဝဓာတ်ငွေ့ရောင်းရငွေတွေကို အိပ်ကပ်ထဲထည့် ကိုယ်ကျိုးအတွက်သုံးပြီး ပြည်သူတွေကို သတ်ဖြတ်ဖို့ လက်နက်တွေဝယ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင့် တိုတယ်နဲ့ ရှဲဗရွန် ရေနံကုမ္ပဏီကြီး နှစ်ခုက မြန်မာပြည်ကနေထွက်ဖို့ ဆုံးဖြတ်လိုက်ပီဖြစ်ကြောင်း ဒီငွေတွေကိုမျှော်ကိုးရင်း ပြည်သူတွေအပေါ် စစ်အင်အားနဲ့ခြိမ်းခြောက်ချုပ်ကိုင်ဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်ကောင်စီအတွက်တော့ ကြီးမားတဲ့ဆုံးရူံးမှုဖြစ်ပါတယ်။ အရေးတော်ပုံ အောင်ကိုအောင်ရမည် လို့ ထုတ်ဖော်ရေးသားထားတာ တွေ့ရှိရပါတယ်။

========================

📌📌နိုင်ငံတကာဝရမ်းပြေး ဖြစ်လာတော့မယ့် မင်းအောင်လှိုင်၏ အကျိုးစီးပွားလက်ကိုင်တုတ် ဦးဌေးအောင်(ခ)Orchidဌေးအောင် OIC နိုင်ငံများသို့ သွားရောက်သည့် ခရီးစဥ်အပေါ် နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ်ကွန်ရက်၏ သဘောထားထုတ်ပြန်ကြေညာချက် တစ်စောင်ကို ဇန်နဝါရီလ ၂၁ ရက်နေ့ရက်စွဲဖြင့် အောက်ပါအတိုင်းထုတ်ပြန်ခဲ့ကြတာကို ဖတ်ကြားပေးပါ့မယ်

၁။အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရိုဟင်ဂျာလူမျိုးများအပေါ်ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်များအပေါ် ဆန့်ကျင်ကျုးလွန်သည့် ရာဇဝတ်မှု၊စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ အပြည် ပြည်ဆိုင်ရာတရားရုံး (International Court of Justice ICJ)၊ နိုင်ငံတကာရာဇဝတ်တရားရုံး (International Criminal Court ICC) နှင့်အာဂျင်တီးနားအပါအဝင် နိုင်ငံတကာတရားရုံးများတွင် ၎င်းအပေါ်တရား စွဲဆိုထားသည့် ဖိအားများ လျော့ပါးစေရန်အလို့ငှာ မွတ်စလင်မ်တစ်ဦးဖြစ်သူ ဦးဌေးအောင်(ခ)Orchid ဌေးအောင်ကို အသုံးချပြီး OIC နိုင်ငံများသို့စေလွှတ်ကာ မွတ်စလင်မ်နိုင်ငံများ၏ ထောက်ခံမှုများ ရရှိအောင်ကြိုး ပမ်းဆောင်ရွက်နေသည်ဟု ကြားသိရပါသည်။
၂။မွတ်စလင်မ်တစ်ဦးဖြစ်သူ ဦးဌေးအောင် (ခ) Orchid ဌေးအောင်သည် မိမိ၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတ္တကိုသာ ရှေ့တန်တင်ကာ မြန်မာပြည်သူတစ်ရပ်လုံးနှင့်တိုင်းပြည်၏ အနာဂတ်ကိုဖျက်ဆီးပြီး ပြည်သူ တစ်ရပ်လုံးကို ရန်သူသဖွယ်သတ်မှတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်၊စည်းစိမ်များကို လုယက်ဖျက်ဆီးခြင်းများကို နေစဉ်ရက်ဆက် ကျူးလွန်နေသည့် အကြမ်းဖက်သမားမင်းအောင်လှိုင်၏ အကျိုးစီးပွားလက်ကိုင်တုတ်အဖြစ် ကျင့်ဝတ်သိက္ခာမဲ့စွာ ထမ်းရွက်နေခြင်းဖြစ်သည့်အတွက် ဦးဌေးအောင် (ခ) Orchid ဌေးအောင် အား မိမိတို့ နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက် (SRMMN)မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ လိုက်သည်။
၃။ ဘုံရန်သူ စစ်အာဏာရှင် မင်းအောင်လှိုင်၏ ဒေါက်တိုင်ဖြစ်သော ဦးဌေးအောင် (ခ) Orchid ဌေးအောင်၏ လုပ်ရပ်သည် တိုင်းပြည်နှင့် ပြည်သူတစ်ရပ်လုံးကို သစ္စာဖောက်သည့်လုပ်ရပ်ဖြစ်သည့်အပြင် မြန်မာမွတ်စလင်မ် အသိုင်းအဝိုင်းတစ်ခုလုံး၏ ဂုဏ်သိက္ခာကို ဖျက်ဆီးသည့်လုပ်ရပ်အဖြစ် အတိအလင်း သတ်မှတ်လိုက်သည်။
၄။မိမိတို့ နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက် (SRMMN) သည် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ဦးဆောင် သည့် အကြမ်းဖက်ဂိုဏ်း၏ စနစ်တကျ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းကို ခံစားခဲ့ရသည့် ရိုဟင်ဂျာလူမျိုးများအတွက် တရားမျှတမှု ပြန်လည်ရရှိရေးကို အစဉ်တစ်စိုက် ထောက်ခံ ပံပိုးပေးသွားမည်ဖြစ်သည်။
၅။ဦးဌေးအောင် (ခ) Orchid ဌေးအောင်သည် မြန်မာမွတ်စလင်မ်အသိုင်းအဝိုင်းကို ကိုယ်စားမပြုသည့်အပြင် မြန်မာပြည်သူများ၊ ရိုဟင်ဂျာလူမျိုးများ၏ ထိခိုက်နာကျင်မှုနှင့် အကျိုးစီးပွားများကို မျက်ကွယ်ပြုပြီး လူသတ်အကြမ်းဖက် စစ်သွေးကြွခေါင်းဆောင် မင်းအောင်လှိုင်၏ အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်ပြီး လာရောက်သည့် ခရီးစဉ်ဖြစ်သည့်အတွက် ၎င်း၏ ခရီးစဉ်ကို အသိအမှတ်ပြုလက်ခံခြင်းမပြုရန်နှင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ၎င်းကျုးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် ထိရောက်သော အရေးယူမှုများ လက်တွေ့ ဆောင်ရွက်နိုင်ရေးအတွက် ကူညီပံ့ပိုမှုများ လုပ်ဆောင်ပေးကြပါရန် OIC အဖွဲ့ဝင်နိုင်ငံများအပါဝင် ကမ္ဘာ့မွတ်စလင်မ်နိုင်ငံအသီးသီးအား ရိုဟင်ဂျာလူမျိုးများအပါဝင် မြန်မာပြည်သူတစ်ရပ်လုံးကိုယ်စား မိမိတို့ နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက် (SRMMN) က ဤကြေညာချက်ဖြင့် လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါသည်။ အရေးတော်ပုံ "မုချ" အောင်ရမည်။ ဦးဆောင်ကော်မတီ နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ်ကွန်ရက် ဟူ၍ ရေးသားထုတ်ပြန်ခဲ့ပါတယ်။

========================

📌📌ဝါဒဖြန့်မဲစာရင်းစာအုပ်များဖြင့် သံဃာတော်များထံ စစ်ကောင်စီကချဉ်းကပ်ရန်ကြိုးစားနေတဲ့သတင်းတပုဒ်ကိုတင်ပြပါ့မယ်

၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် လေ့လာ ဆန်းစစ်ချက် အမည်ပေးထားတဲ့ စာအုပ်များကို အကြမ်းဖက်အာဏာသိမ်းအုပ်စုက ဗုဒ္ဓဘာသာရဟန်းတော်များထံ လိုက်လံပေးဝေနေတယ်လို့သိရပါတယ်။ အကြမ်းဖက်အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်း မကွေးတိုင်းစတဲ့ဒေသတွေမှာ စစ်ရဟတ်ယာဉ်များသုံးပီး လိုက်လံပစ်ခတ်သတ်ဖြတ်နေသလို တပြိုင်တည်းမှာပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို မပူးပေါင်းဖို့ စာရွက်များကိုအခုလိုပဲ ဝါဒဖြန့်ကြဲချလေ့ရှိပါတယ််။ အခုလိုစစ်အုပ်စုရဲ့ သံဃာထုအပေါ်ပစ်မှတ်ထား ဝါဒဖြန့်လုပ်ရပ်ဟာ သံဃာတော်များအားလူမိုက်ငှားခြင်းသာဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)မှ ဦးဆောင်ဆရာတော်များက မိန့်ကြားပါတယ်။ မဲမသမာမှုလေ့လာ ဆန်စစ်တွေ့ရှိချက်များအဆိုပါ စာအုပ် ၁၅,၀၀၀ ကို သံဃာတော်များနှင့် စာသင်တိုက်များထံ ဆက်ကပ်ရန် ဆိုပီး ဇန်နဝါရီ ၁၁ ရက်နေ့ရက်စွဲဖြင့် စစ်ကောင်စီက စာထုတ်ထားပါတယ်။
"စကစ ကရဟန်းသံဃာတွေကို အသုံးချပြီး ပြည်သူကို စည်းရုံးပေးပါဆိုတဲ့ သဘောပါပဲ။ ရွေးကောက်ပွဲဥပဒေမှာ ရဟန်းသံဃာနဲ့ သီလ ရှင်တွေ မဲပေးခွင့်မရှိစေရဆိုတဲ့ ဥပဒေပြဌာန်းထားတဲ့အတွက် ရွေးကောက်ပွဲနဲ့ ပတ်သတ်တာ မဲပေးတာတွေဟာ ရဟန်းသံဃာတွေနဲ့ ဘယ်လိုမှ ပတ်သတ်စရာအကြောင်းမရှိဘူး။ ဘုန်းကြီးတွေ ကို လူမိုက်ငှားတဲ့ လုပ်ရပ်၊ ပြည်သူနဲ့ ရန်တိုက်ပေးတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်"ဟု သံဃသမဂ္ဂ(မန္တလေး)မှ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ကြားခဲ့ပါတယ်။ အဆိုပါဝါဒဖြန့်စာအုပ်များကို နိုင်ငံ​​တော်အဆင့် ဆရာ​​တော်ကြီးများအတွက် တစ်ပါးလျှင်တစ်အုပ် ၊တိုင်းနှင့်ပြည်နယ် သံဃာ့နယကအဖွဲ့တစ်ဖွဲ့လျှင် ၃ အုပ်၊ မြို့နယ်သံဃာ့နယကအဖွဲ့များအတွက်တစ်ဖွဲ့လျှင် ၂ အုပ်၊ ၂၅ ပါးနှင့်အထက် ပရိယတ္တိစာသင်တိုက်များအတွက် တစ်တိုက်လျှင် ၁ အုပ်၊ ၅၀ ပါးနှင့်အထက် ပရိယတ္တိစာသင်တိုက်များအတွက် တစ်တိုက်လျှင် ၂ အုပ်၊ ၁၀၀ ပါးနှင့်အထက် ပရိယတ္တိစာသင်တိုက်များအတွက် တစ်တိုက်လျှင် ၃ အုပ်၊ ဘုန်း​တော်ကြီး​ကျောင်းများနှင့် သီလရှင်​ကျောင်းများအတွက် တစ်​ကျောင်းလျှင် ၁ အုပ် ခွဲ​ဝေဖြန့်ချီရမည်ဟု၍ ပေါက်ကြားနေတဲ့ ညွန်ကြားစာအရ သိရပါတယ်။ "ခေတ်တိုင်းစနစ်တိုင်းမှာ လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် ကပ်ပါးကောင်တွေဆိုတာ ရှိတတ်စမြဲပါပဲ။ စစ်အာဏာရှင်အစိုးရအဆက်ဆက်တိုင်းမှာလည်း နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ ဘာသာရေးကို အသုံးချလေ့ရှိပါတယ် မြန်မာနိုင်ငံမှာ သံဃာအများစုက နိုင်ငံရေးကို ထဲထဲဝင်ဝင် မလေ့လာမသိရှိကြတဲ့အတွက် အသုံးချခံဘဝတွေကို အလွယ်တကူရောက်ရှိသွားကြတာရှိတယ် " လို့ သံဃသမဂ္ဂ(မန္တလေး)မှ ဦးဆောင်ဆရာတော်က မိန့်ပါတယ်။
လက်ရှိအခြေအနေမှာလည်း ထင်ရှားတဲ့သက်သေအထောက်အထားများနဲ့တကွ စစ်ကောင်စီကတိုင်းရင်းသားဒေသတွေမှာ အရှင်လတ်လတ်လူသတ်မီးရှို့ကျူးလွန်နေမှုတွေကို NUG အစိုးရဘက်က နိုင်ငံတကာခုံရုံးများတွင် တရားစွဲဆိုနိုင်ရန်ကြိုးစားနေကြပါတယ်။ ဒီလိုလုပ်နေရင်းတဖက်က စစ်တပ်အနေနဲ့ အခုလိုသံဃာထုကို အကာအကွယ်ယူဖို့ကြိုးစားနေသလို စစ်ကောင်စီကိုအကာအကွယ်ပေးနေ တဲ့ရဟန်းအချို့ကိုလည်းတွေ့မြင်နေရပါတယ် ဒါနဲ့ပက်သက်ပီး " မိမိအစုအဖွဲ့အာဏာရရေးအတွက် ပြည်သူပြည်သားတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတာကိုတောင်မှ ထောက်ခံအားပေးနေခြင်းမှာ ပြည်သူ့ဆွမ်းကိုစားပြီး ပြည်သူအပေါ်ကျေးဇူးကန်းသည့်လုပ်ရပ်ဟု ရှူ့မြင်ကြောင်း " အာဏာရှင်ကိုဆန့်ကျင်နေတဲ့ သံဃာများက ပြောပါတယ်။ မဲစာရင်းများကို ဘုန်းကြီးကျောင်းများသို့ ဖြန့်ဝေရန်ကြိုးစားနေသော်လည်းပြည်သူ့ဘက်တွင် ရပ်တည်သော သံဃာတော်များကတော့စစ်ကောင်စီကို ပုံစံမျိုးစုံဖြင့် ဆန့်ကျင်မှုများ ပြုလုပ်နေကြပါတယ်။
စစ်တပ်နှင့် ပြည်ခိုင်ဖြိုးပါတီများရဲ့ ဖိအား​ပေး​နှောက်ယှက်မှုကိုခံခဲ့ရပီး ကမ္ဘာကပ်​ရောဂါကြားမှာပဲ ရွေးကောက်ပွဲနေ့မှာမြန်မာပြည်သူတွေတခဲနက်မဲရုံသွားမဲပေးခဲ့ကြပါတယ်။ မဲရုံများမှာ စောင့်ကြည့်လေ့လာရေးအဖွဲ့များရှေ့မှောက် ပညာရေးဝန်ထမ်းများရဲ့ စေတနာလုပ်အားပေးမှုနှင့်အတူ ပြည်သူ့အလိုကျအမတ်များကိုရွေးကောက်နိုင်ခဲ့ပေမယ့် မပြောပလောက်တဲ့မဲစာရင်းအနည်းငယ်မှားယွင်းမှုကိုအကြောင်းပြပီး စစ်တပ်က ဥပဒေမဲ့အာဏာသိမ်းမှုကြောင့်အခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ ခုခံတွန်းလှန်သောစစ်ပွဲများ နိုင်ငံနှင့်အဝှမ်း ပေါ်ပေါက်လာရဖြစ်ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment