23rd JAN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၂၂ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞ ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ကျဆုံးရေး လူထုသပိတ်လှုပ်ရှားမှု စတင်တော့မည်
📌ထီးလင်းမြို့နယ်မှာ စစ်အာဏာရှင်ကိုခုခံတိုက်ခိုက်ရေး အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် ၃ ကို ကျင်းပခဲ့
📌ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက နယ်မြေစိုးမိုးရေးအတွက် ခရီးသွားယာဉ်များကိုကြည်ဖြူစွာစစ်ဆေးခွင့်ပေးဖို့ မေတ္တာရပ်ခံ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞ ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ကျဆုံးရေး လူထုသပိတ်လှုပ်ရှားမှု စတင်တော့မယ့်သတင်းတပုဒ်ကိုတင်ပြပါ့မယ်။

မြန်မာပြည်တဝန်းလုံးမှာ ပြည်သူတွေက စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံနဲ့ တော်လှန်နေကြတာဟာ မကြာခင် တနှစ်ပြည့်ပါတော့မယ်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ကျရောက်မှာဖြစ်တဲ့ အာဏာသိမ်းမှု တနှစ်ပြည့်အထိမ်းအမှတ် လူထုသပိတ်ကြီးကို ညီညီညာညာဆင်နွှဲကြဖို့ အောက်ပါအတိုင်း နှီုးဆော်တိုက်တွန်းထားတဲ့အကြောင်း ဖတ်ကြားပေးပါ့မယ်။ လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ပြီ။ ဖက်ဆစ်အုပ်စုဟာ လက်နက်ရှိရုံ၊ အားကြီးရုံနဲ့ ဒီတိုင်းပြည်ကို ဗိုလ်ကျ အုပ်ချုပ်လို့ရမယ်လို့ ထင်ခဲ့ပုံပေါ်တယ်။ သူတို့ မှန်းချက်နဲ့ နှမ်းထွက် အလွဲကြီး လွဲခဲ့လေပြီ။ တစ်နှစ်သာ ကြာသွားတယ်၊ ဖက်ဆစ်တွေ ကျနော်တို့ပြည်သူကို လုံးဝ အုပ်ချုပ်ခွင့် မရခဲ့ဘူး။
အခု (၂၀၂၂) ခုနှစ်ကတော့ ကျနော်တို့ တော်လှန်ရေး အလှည့်အပြောင်းကြီး ဖြစ်ရမယ့်နှစ်၊ မှတ်တိုင်သစ် စိုက်ထူမယ့်နှစ်လို့ အားလုံးက ယုံကြည်၊ အားခဲထားကြပါတယ်။ ဒဲ့ပြောရရင် ဒီနှစ်ဟာ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်ရောက်ရမယ့်နှစ်၊ ပြည်သူက အုပ်ချုပ်တော့မယ့်နှစ်ဆိုတဲ့ ယုံကြည်စိတ်၊ တိုက်ပွဲဝင်စိတ်၊ အောင်စိတ် ကျနော်တို့မှာ အပြည့်ရှိနေပါတယ်။ ဒီအာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်အခါမှာ ကျနော်တို့ ပြည်သူတွေ သွေးအေးမနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသားကျမသွားဘူးဆိုတာကို ကမ္ဘာသိ၊ မြန်မာသိ ဆက်လက်ဖော်ထုတ်ပြသနေကြဖို့ လိုပါတယ်။ အထူးသဖြင့် အာဏာသိမ်းမှု နှစ်ပတ်လည်နေ့ ဖြစ်တာမို့ ကမ္ဘာ့အသိုင်းအဝိုင်းက အဲ့နေ့မှာ ကျနော်တို့ ပြည်သူတွေ ဘာလုပ်ကြမလဲ၊ သွေးအေးနေကြပြီလား၊ စစ်အုပ်စုလက်အောက်မှာ အသားကျနေကြပြီလား စတာတွေကို ပိုလို့ စိတ်ဝင်စား၊ သိချင်ကြပါလိမ့်မယ်။
ဒါ့ကြောင့် အာဏာသိမ်းမှု နှစ်ပတ်လည်နေ့ (၁ ဖေဖော်ဝါရီ ၂၀၂၂) မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အောက်ပါ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ဆင်နွှဲကြဖို့ အထူးတိုက်တွန်း နှိုးဆော်အပ်ပါတယ်။

❐ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike)
ကမ္ဘာပေါ်မှာ အကျယ်လောင်ဆုံးအသံဟာ တိတ်ဆိတ်ငြိမ်သက်ခြင်းအသံလို့ ဆိုရိုးရှိပါတယ်။ အဲ့စကားနဲ့အညီပဲ ကျနော်တို့ပြည်သူတွေက ဖက်ဆစ်အာဏာရူးတွေကို မောင်းထုတ်လိုက်တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို တကမ္ဘာလုံးကြားအောင် ဟစ်အော်၊ ဖော်ထုတ်ခဲ့ကြဖူးပါတယ်။ ကမ္ဘာမှာ ရှားမှ ရှားပြီး ကျနော်တို့ ပြည်သူတွေ သွေးစည်းညီညွတ်မှုကြောင့်သာ တနိုင်ငံလုံးအဆင့် ဆင်နွှဲနိုင်တဲ့ အသံတိတ်သပိတ်ကြီး ဖြစ်ပါတယ်။ ကျနော်တို့ တိတ်ဆိတ်ငြိမ်သက်တယ်၊ အသံတိတ်တယ်ဆိုတာက ကြောက်တာ၊ သွေးအေးတာ လုံးဝ မဟုတ်ဘူး။ ငါတို့ မြို့၊ ငါတို့ရွာကို ငါတို့သာ ပိုင်တယ်၊ တော်လှန်ရေးအတွက် ငါတို့ ငြိမ်ရင် ငြိမ်မယ်၊ ငါတို့ လှုပ်ရင် လှုပ်မယ်ဆိုတာကို အကြမ်းဖက် စစ်မိစ္ဆာတွေ သိစေဖို့ဖြစ်တယ်။ တနိုင်ငံလုံး တညီတညွတ်တည်း ပါဝင်ဆင်နွှဲတဲ့ "အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီး" အဖြစ် ပုံဖော်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ အဲ့ဒီနေ့ မနက် (၁၀) နာရီကနေ ညနေ (၄) နာရီတွင်းမှာ ကျနော်တို့တွေအားလုံး အပြင်ကို မထွက်ကြဘဲ မိမိတို့အိမ်အတွင်းမှာသာ နေထိုင်ကြမယ်။ အကြမ်းဖက် စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးခဲ့ရ၊ ပေးဆပ်ခဲ့ရ၊ အကျဉ်းထောင်တွေထဲ ရောက်နေကြရတဲ့ ရဲဘော်တွေအတွက် ကောင်းမှုကုသိုလ်ပြုကြမယ်၊ အမျှဝေ မေတ္တာပို့သကြမယ်ဗျာ။ နောက်ပြီး အိမ်ထဲမှာနေရင်း တော်လှန်ရေးအတွက်၊ PDF တွေအတွက် ခါတိုင်းထက်ပိုပြီး Click ကြမယ်ဗျာ။

❐ လက်ခုပ်တီးသပိတ် (အသံထွက်သပိတ်)
တိတ်ဆိတ်ငြိမ်သတ်ခြင်းသပိတ် အောင်မြင်စွာ ပြီးဆုံးသွားတဲ့အချိန် (ညနေ ၄ နာရီ တိတိ) မှာ တနိုင်ငံလုံးက ကျနော်တို့ ပြည်သူအားလုံးရဲ့ တခဲနက် လက်ခုပ်သံကြီးဟာ ဟိန်းထွက်လာမှာ ဖြစ်ပါတယ်။ ဖက်ဆစ်ဝါဒီတွေ ထိတ်လန့်တုန်လှုပ်သွားမယ့် ပြည်သူ့လက်ခုပ်သံကြီး ဘဝဂ်ညံအောင် ထွက်လာပြီးနောက် တဆက်တည်းမှာလည်း ဟွန်းတီးသပိတ်၊ သံပုံးတီးသပိတ်စတာတွေကို ဆက်လက်ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ ဒီအသံထွက်သပိတ်ကတော့ အကြမ်းဖက် ဖက်ဆစ်တွေအတွက် မရဏမောင်းသံဖြစ်ပြီး ကျနော်တို့ ပြည်သူတွေအတွက် အောင်ပွဲအကြို သုတိသြဘာ မင်္ဂလာနမိတ်သံပဲဖြစ်ပါတယ်။

အာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်မှာ ကျနော်တို့ ပြည်သူလူထုကို အထူးအလေးအနက် တိုက်တွန်းလိုတာ ရှိပါတယ်။ ကျနော်တို့ဟာ (၂၀၂၂) ခုမှာ ကျနော်တို့ မျှော်ရည်တဲ့ အောင်ပွဲကို ရရှိဖို့အတွက် ထိုက်တန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ မဖြစ်မနေ ရှိရပါလိမ့်မယ်။ "Freedom is not Free" လွတ်မြောက်မှုဆိုတာ အလကား မရနိုင်ပါဘူး။ ကျနော်တို့ "ပြည်တော်ဝင်ဖို့ ရုန်းကြရပါလိမ့်မယ်၊ ကြုံးကြရပါလိမ့်မယ်"။ ဘာမှ မရင်းဘဲ ဘာမှ မရနိုင်ပါ။ ပြိုင်တူတွန်းရင် အမြန်ဆုံး ရွေ့ပါလိမ့်မယ်။ တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ကျနော်တို့အားလုံး ဆင်နွှဲကြပါစို့။ စသဖြင့် စစ်အာဏာရှင်ကျဆုံးရေး လူထုသပိတ်ကြီးဆင်နွှဲကြတော့မယ့်အကြောင်းသိရှိရပါတယ်။

========================

📌📌ထီးလင်းမြို့နယ်မှာ စစ်အာဏာရှင်ကိုခုခံတိုက်ခိုက်ရေး အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် ၃ ကို ကျင်းပခဲ့တဲ့အကြောင်း ပြောပြပေးပါ့မယ်

ခုခံတွန်းလှန်စစ်ပွဲများကို အောင်မြင်စွာဖော်ဆောင်နေတဲ့ မကွေးတိုင်းတွင်း ထီးလင်းမြို့နယ်မှာ YDF ထီးလင်းအနေနဲ့ အမှတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းကို အောင်မြင်စွာ သင်တန်းဆင်းပွဲပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဇန်နဝါရီလ ၁၉ ရက်မှာ ပြုလုပ်ခဲ့တဲ့သင်တန်းဆင်းပွဲဖြစ်ပီး အခက်အခဲမျိုးစုံကြားမှာပဲ အခုလိုသင်တန်းဆင်းပွဲလုပ်နိုင်ခဲ့တဲ့အကြောင်း YDF ထီးလင်းခေါင်းဆောင်ဖြစ်သူက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာဏာရှင်စစ်ကောင်စီကိုခုခံတော်လှန်ကြမှာဖြစ်တဲ့ အဆိုပါစစ်သင်တန်းကို အမျိုးသား ၁၇၀ အမျိုးသမီး ၃၀ နဲ့ သင်တန်းဆင်းပွဲလုပ်ပေးနိုင်ခဲ့တာပါ။ သင်တန်းဆင်းပွဲကို စစ်ကြောင်းပုံနဲ့ ပြုလုပ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း သိရပါတယ် ယောဒေသကို စစ်ကောင်စီတပ်တွေက အဆက်မပြတ် စစ်ကြောင်းထိုးနေပါတယ်။ အန္တရာယ်တွေကြားမှာပဲ အခုလိုအခက်အခဲများစွာကို ကျော်ဖြတ်ပီးမှ သင်တန်းဆင်းပွဲကို ကျင်းပနိုင်ခဲ့တာလို့ဆိုပါတယ်။

“ကျနော်တို့ဆီမှာ လူငယ်တွေက စစ်ပညာသင်ရတာကို အရင်တုန်းကထက်ပိုပြီး စိတ်ဝင်စားမှုရှိလာတယ်။ လစာယူဖို့ သင်တန်းလာတက်တာမဟုတ်ဘဲ စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လာတက်ကြတာဖြစ်လို့ နှစ်လလောက်သင်ရမယ့် သင်ခန်းစာတွေကို တစ်လတည်းနဲ့တတ်မြောက်တယ်။ ကျနော်တို့ဆီမှာ သင်တန်းတက်ဖို့ နောက်ထပ်စာရင်းသွင်းထားတဲ့ သူတွေလည်း အများကြီးကျန်သေးတယ်”လို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင်က ဒီဗွီဘီသတင်းဌာနကို ပြောပါတယ်။ အခြေခံစစ်သင်တန်းဆင်းပြီးတဲ့ လူငယ်တွေကို နောက်ထပ်မွမ်းမံသင်တန်းတွေထပ်ပို့ချမှာဖြစ်ပါတယ်။ လေ့ကျင့်ရင်းနဲ့တိုက်၊ တိုက်ရင်းနဲ့ လေ့ကျင့်ဆိုတဲ့ စနစ်နဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်သွားမယ်လို့ သူကဆက်ပြောပါတယ်။

“ကျနော်တို့ ယောဒေသဆိုတာကလည်း ချင်းပြည်နယ်ရဲ့ ခြံစည်းရိုးဖြစ်သလို ချင်းပြည်နယ်ကို စစ်ကြောင်းထိုးမယ်ဆိုရင် ယောဒေသကို ဖြတ်ပြီးတော့မှာ သွားလို့ ရမှာဖြစ်တယ်။ ဒါကြောင့်မို့ ယောဒေသအတွင်းက ကျေးရွာတွေကို ဝင်ရောက်ပြီး ပြည်သူတွေကိုအကြမ်းဖက် ဖမ်းဆီသတ်ဖြတ်ပြီးကျေးရွာတွေကို မီးရှို့ ဖျက်ဆီးခဲ့ကြတာ။ စစ်ကောင်စီတပ်တွေက အကြမ်းဖက်မီးရှို့တာဟာ သူတို့အာဏာတည်မြဲဖို့ ပြည်သူတွေအကြောက်တရားဖြစ်အောင် လုပ်တာပဲ။ ပြည်သူလူထုအနေနဲ့ PDF တွေဘက်ကို မရပ်တည်ရဲအောင် သတင်းမပေးရဲအောင် လုပ်တဲ့သဘောပဲ”လို့ YDF-ထီးလင်းကို ဦးဆောင်သူက ပြောပါတယ်။

ခုခံတွန်းလှန်စစ် PDF တပ်ဖွဲ့များ အင်အားကောင်းတဲ့ ယောဒေသမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က အင်အားသုံးတိုက်ခိုက်နေပေမယ့် လွန်ခဲ့တဲ့အောက်တိုဘာလတွင်းမှာ စစ်ကောင်စီတပ်လက်အောက်ခံပျူစောထီးတပ်တွေဟာ YPF များထံမှောက် လက်နက်ချအညံ့ခံခဲ့ရပါတယ်။ အဆိုပါလက်နက်ချ စစ်တပ်လက်အောက်ခံအဖွဲ့တွေဟာ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပီး
ဘူးလက် ဦးလှဆွေ က ဦးစီးပြီး အာဏာသိမ်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကျောထောက်နောက်ခံပေးထားတဲ့အဖွဲ့ဖြစ်ကြောင်း သိရပါတယ်။
လွန်ခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာလည်း YDF-Yaw တပ်ရင်း ၁၂ မှ စစ်ကောင်စီယာဉ်တန်းကို ပြောက်ကျားစနစ်ဖြင့် မိုင်း ၈ လုံး၊ လက်လုပ်လောင်ချာ ၄ ချက်ဖြင့် တိုက်ခိုက်နိုင်ခဲ့ပီး စစ်ကောင်စီ စစ်သားအများအပြား ကားပေါ်မှ လွင့်ထွက်သွားခဲ့ကာ၊ သေဆုံးမှု ၃၀ ကျော် ထိရှိခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ စီးပွားရေးယန္တရားများကို လည်ပတ်စေမယ့် စစ်တပ်စီးပွားထုတ်ကုန်များကိုလည်း ဒေသအတွင်း ကူးသန်းရောင်းဝယ်ဖောက်ကားမှုမပြုဖို့ YDF ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးတားပါတယ်။

========================

📌📌ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက နယ်မြေစိုးမိုးရေးအတွက် ခရီးသွားယာဉ်များကိုကြည်ဖြူစွာစစ်ဆေးခွင့်ပေးဖို့ မေတ္တာရပ်ခံခဲ့တဲ့သတင်းတပုဒ်ကိုတင်ပြပေးပါ့မယ်

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံကွပ်ကဲမှုနှင့်အတူ ပြည်သူ့ခုခံတော်လှန်စစ်ကိုဆင်နွှဲနေသော စစ်ကိုင်းတိုင်းတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့်အတူ အုပ်ချုပ်ရေးပိုင်းမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ များသည် ဒေသတွင်းခရီးသွားယာဉ်များကို ရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိနေပါတယ်။ ထိုသို့ ရှောင်တခင်စစ်ဆေးမှုများကို ခရီးသွားမိဘပြည်သူများအနေဖြင့် ကြည်ဖြူစွာ လက်ခံပေးပါရန် မေတ္တာရပ်ခံပြီး အများပြည်သူအား စိတ်အနှောက်အယှက် မဖြစ်စေရန် မိမိတို့အဖွဲ့များမှ တာဝန်ယူအာမခံကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အသိပေးထားပါတယ်။ အခုလိုနယ်မြေလုံခြုံစိုမိုးနိုင်ရေးတွက် စစ်ဆေးမှုများကိုတော့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင်း ပြုလုပ်ခဲ့တာပါ။ အထူးသဖြင့် ခရီးသွားယာဉ်များအနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အထောက်အပံ့ပြုနေသည့် စီးပွားရေးဒေါက်တိုင်များအား ရောင်းဝယ်ဖောက်ကား တင်ဆောင်ခြင်းမပြုကြရန် အထူးမေတ္တာရပ်ခံထားတာဖြစ်ပါတယ်။ စစ်ကောင်စီ၏ အကျိုးစီးပွားနဲ့ ပက်သက်သော ကုန်ပစ္စည်းများကို စစ်ဆေးတွေ့ရှိပါက ဖြစ်ပေါ်လာသည့်အကျိုးဆက်များကို တာဝန်ယူဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါတယ်။

"စစ်ဆေးဂိတ် မလုပ်နိုင်ပါဘူး။ လမ်းမပေါ်မှာပဲ ရှောင်တခင်ထွက်နိုင်တာပါ။ စစ်ကောင်စီ ထုတ်တဲ့ ပစ္စည်း ပါ မပါ လည်း စစ်ချင်တာဗျ။ စစ်ကောင်စီ ထောက်တိုင်တွေကို ဖြိုကို ဖြိုရမယ်ကျည်ဆံဖိုးတွေ ပေးလို့မရဘူးဗျ။" လို့ တန့်ဆည် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်အာဏာရှင်များသည် ပြည်သူ့အခွန်ဘဏ္ဍာများကို မတရားသိမ်းပိုက်အကျိုးစီးပွားဖြစ်ထွန်းနေပီး နိုင်ငံ၏ ၆၀ ရာခိုင်နှုန်းသော လုပ်ငန်းများကို လက်ဝါးကြီးအုပ်အမြတ်ထုတ်နေတာဖြစ်ပါတယ်။ အာဏာသိမ်းပီးနောက်မှစလို့ ဆက်တိုက်ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သား ထောင်သောင်း
များစွာ စစ်ဘေးဒုက္ခဒဏ်ခံနေကြရပါတယ်။ ပြည်တွင်းပြည်ပနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအလုံးစုံမှ စစ်အုပ်စုထံ စီးဆင်းနေသည့် အကျိုးအမြတ်စီးပွားရေးများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်မှုနှင့်အတူ တက်ကြွလှုပ်ရှားသူတို့က သွေးစွန်းငွေရပ်တန့်ရေးလှုပ်ရှားမှုများအဖြစ် ညီညွတ်စွာတားဆီးခဲ့ရာမှာ ဇန်နဝါရီလ ၂၁ ရက်နေ့မှာပဲ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီဖြစ်တဲ့ Total နှင့် ရှယ်ဗရွန်ကုမ္ပဏီများ ဘက်က မြန်မာပြည်မှထွက်ခွာတော့မယ့်အကြောင်း ကြေငြာချက်ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများထံမှ ရရှိသည့်အခွန်ငွေများသည် မိမိပြည်သူကို နည်းမျိုးစုံဖြင့်သတ်ဖြတ်ရန်ကြိုးစားနေတဲ့ စစ်အုပ်စုအတွက် မီးထိုးပေးနေသည့်သဖွယ် ဖြစ်ကြောင်း NUG နှင့်တကွ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယုံကြည်ကြပါတယ်။

အာဏာသိမ်းအကြမ်းဖက်အုပ်စုသည် စစ်ကိုင်းတိုင်း မကွေးတိုင်း ချင်းပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ရွာသူရွာသားများကို သတ်ဖြတ်ဖို့ကြိုးစားနေသလို ခုခံတွန်းလှန်စစ်ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ဒေသတွင်း ခရီးသွားယာဉ်များကို အခုလိုရှောင်တခင်စစ်ဆေးကာနယ်မြေစိုးမိုးရေးနှင့် စစ်တပ်စီးပွားရေးဒေါက်တိုင်များ ရိုက်ချိုးနိုင်ရေး ကြိုးစားနေကြတာဖြစ်ပါတယ်။

ရွှေဘို - မြစ်ကြီးနားလမ်းပိုင်းတွင် သတင်းရ၍ ရှောင်တ ခင်စစ်ဆေးရာ စစ်ကောင်စီတပ်၏ထောက်တိုင် တစ်ခုဖြစ်သည့် ဆင်မင်းဘိလပ်မြေအိတ်များ သယ်ဆောင်ယာဉ်နှစ်စီးကို ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLPDF)က ဖမ်းဆီးထိန်းသိမ်းခဲ့ရသည့်ဖြစ်စဉ်တခုဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီ ၁၉ရက် နံနက်ပိုင်းတွင် ဆင်မင်းဘိလပ်မြေအိတ် ၈၀၀ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ညနေပိုင်းတွင်လည်း နောက်ထပ် ဆင်မင်းဘိလပ်မြေအိတ် ၇၀၀ တင်လာသည့် နောက်ထပ် ကုန်တင်ယာဉ်တစ်စီးကို ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့အကျိုးစီးပွားကို အထောက်အကူပြုနေတာဖြစ်ပေမယ့် ယာဉ်၊ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား ပြန်လည်လွတ်ပေးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLPDF) က သတင်းထုတ်ပြန်ခဲ့ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment