📌(ချင်း တိုင်းရင်းသား - Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ်
📌📌၁။ မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၁) ကျေးရွာနေပြည်သူများကို SAVE Team ဆေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိ
မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၁) ကျေးရွာနေပြည်သူများကို SAVE Team ဆေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုများပေးလျက်ရှိပါတယ်။
အဆိုပါဆေးအဖွဲ့သည် CDM ပြည်သူ့ကျန်းမာရေးဌာန ကြီးကြပ် (၁) ဆရာတစ်ဦး၏ ဦးဆောင်မှုနှင့်အတူ မင်းတပ် လူငယ်တွေဖြင့် ဖွဲ့စည်းထားတဲ့ ဆေးအဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ဆေးအဖွဲ့အနေနဲ့ "အခုလို စစ်ဘေးရှောင်ကာလမှာ လူနာတွေသာမက ကျေးရွာအတွင်းက ကလေးသူငယ်တွေ ကျန်းမာရေး အသိပညာဟောပြောပွဲတွေ၊ ကျေးရွာအတွင်း သန့်ရှင်းရေးပြု လုပ်ရန်ဟောပြောပွဲတွေ လုပ်ဆောင်နေသလို ကျေးရွာအတွင်း လိုအပ်တဲ့ဆေးဝါး ထောက်ပံ့ပေးတာမျိုးကို ကျွန်တော်တို့အဖွဲ့ကနေ ကြိုဆိုပါတယ်။ ကျွန်တော်တို့ဘဲရှိပြီး ဆေးမရှိလည်း မထူးဘူးလေ။ ဒါကြောင့် ပြည်တွင်း ပြည်ပက အခုထိလှူပေးတဲ့သူတွေကို ကျေးဇူးတင်သလို နောက်နောင်လည်း အားလုံးတွက် လှူပေးကြပါလို့ တောင်းဆိုချင်ပါတယ်လို့ " ဆိုပါတယ်။
📌📌၂ ။ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပညာရေးကဏ္ဍမှ ကျောင်းသားဦးရေ (၆၂၈၂) ယောက် အား ပညာသင်ကြားပေးလျက်ရှိ
မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပညာရေးကဏ္ဍမှ ဦးဆောင်၍ ကျေးရွာပေါင်း ၁၃၆ ရွာတွင် ကျောင်းသားဦးရေ (၆၂၈၂) ယောက် အား စနစ်သစ်သင်ရိုးဖြင့် ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။ သင်ကြားရေးစတင်လည်ပတ်နိုင်ရန်အတွက် ပညာရေးဘုတ်အဖွဲ့၏ volunteer ဆရာအတတ်သင် သင်တန်းမှ ဆရာ/ဆရာမပေါင်း (၈၅၈) ဦးကို မွေးထုတ်၍ သင်တန်းပေးနိုင်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ သည် သင်ကြားရေးဆရာ/ဆရာမ အချို့ကို မင်းတပ်မြို့ပေါ်တွင် ဖမ်းဆီး ချုပ်နှောင် စစ်ဆေး၍ ညှင်းပန်း နှိပ်စက်မှုများ ပြုလုပ်လေ့ရှိကြောင်းသိရသည်။ထို့အပြင် စာအုပ်၊ ဘောပင်၊ ခဲတံ နှင့် ရောင်စုံစက္ကူ စသည့် ကျောင်းသုံးပစ္စည်းများကိုလည်း ဆေးဝါး၊ ဆန်၊ တာလပတ်၊ စောင်၊ sleeping bag များနည်းတူ ကုန်စည် စီးဆင်းရာတွင် ခွင့်ပြုခြင်းမရှိဘဲ စစ်ဆေးရေးဂိတ်များတွင် ပိတ်ပင်၍ ဖျက်ဆီးလျက်ရှိကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဇန်နဝါရှဘလ ၁၅ ရက် ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
📌📌၃ ။ “ Vaurawng Zuunthil ” မှတဆင့် CDF-Mindat အတွက် America ရောက် သွေးချင်းညီနောင်များ ၏ အလှူငွေ အမေရိကန် ဒေါ်လာ ၆၁၄၀၀/- ကို CDF မင်းတပ်မှ လက်ခံ ရရှိ
Vaurawng Zuunthil” မှတဆင့် CDF-Mindat အတွက် America ရောက် သွေးချင်းညီနောင်များ ၏ အလှူငွေ အမေရိကန် ဒေါ်လာ ၆၁၄၀၀/- ကို CDF မင်းတပ်မှ လက်ခံ ရရှိကြောင်း နှင့် အထူးကျေးဇူးတင် ကြောင်း ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
📌📌၄ ။ အိန္ဒိယ နိုင်ငံ ၊ မီဇိုရမ် ပြည်နယ်တွင် မြန်မာ စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၃၀၀၀၀ (သုံးသောင်း) ကျော်ရှိနေ
အိန္ဒိယ နိုင်ငံ ၊ မီဇိုရမ် ပြည်နယ်အတွင်းသို့ စစ်ဘေးရှောင်လာသော မြန်မာ အိမ်ထောင်စုပေါင်း ၃၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ၏ RFA နှင့် အင်တာဗျူးတစ်ခုအရ သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ် (ဆိုင်ဟား ခရိုင်၊ ဂျပီးကျေးရွာ) တွင် ဒေသခံများက မြန်မာစစ်ဘေး ရှောင်များအတွက် နေရာထိုင်ခင်းများ ဆောက်လုပ် ပေးနေသော မှတ်တမ်း ဓါတ်ပုံများဖြစ်ပါသည်။
ဇန်နဝါရီ (၁၈) ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီကျော်လောက်မှာ စကစတပ် ခလရ ၃၀၄ လက်အောက်ခံတပ်ရင်းဖြစ်တဲ့ ထယ်ဘွေး(Thi Boi) တပ်ကုန်းရှိ စကစတပ်များနှင့် CDF - Matupi အကြား ထိတွေ့မှုရှိပြီး အပြန်အလှန် ပစ်ခတ်ခဲ့ရာ CDF - Matupi တပ်ရင်း (၃)မှ မျိုးချစ်ရဲဘော်တစ်ဦး ကျည်ထိမှန်ကာ ကျဆုံးကြောင်း သိရသည်။
📌📌၅ ။ Heal the World အဖွဲ့မှ CDF-MINDAT တပ်ရင်းအားလုံးအတွက် ယူနီဖောင်းများ လှူဒါန်း
Heal the World အဖွဲ့မှ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-MINDAT တပ်ရင်းအားလုံးအတွက် လှူဒါန်းသော ယူနီဖောင်း များကို လက်ခံ ရရှိကြောင်း CDF မင်းတပ်က ဇန်နဝါရီလ ၈ ရက်နေ့ညနေပိုင်းတွင် ထုတ်ပြန်သည်။
📌📌၆ ။ တိုင်းနဲ့ ပြည်နယ် ၆ ခုကို အီလက်ထရွန်းနစ် ပစ္စည်းများအပါအဝင် ပစ္စည်း (၁၉)မျိုး သယ်ယူပို့ဆောင်ခွင့် မပြုရန် စစ်ကောင်စီမှညွှန်ကြားထား
တိုင်းနဲ့ ပြည်နယ် ၆ ခုကို အီလက်ထရွန်းနစ် ပစ္စည်းများအပါအဝင် ပစ္စည်း (၁၉)မျိုး သယ်ယူပို့ဆောင်ခွင့် မပြုရန်နှင့် တင်ဆောင်တာတွေရှိလာရင် ယာဥ်မောင်းအပါဝင် ကားပိုင်အထိ အရေးယူမယ်လို့ စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း သိရသည်။
စစ်ကောင်စီဖက်မှ ယခင်ကတည်းက ကုန်ပစ္စည်းဝယ်ယူမှုတွေ ပိတ်ဆို့ထားတဲ့ စစ်ကိုင်း၊ မကွေး၊ ကချင် ၊ ကရင်၊ ကယား နှင့် ချင်းပြည်နယ်တွေမှာ အဝေးပြေးယာဉ်လိုင်းများအပါအဝင် မည်သည့်ယာဉ်ဖြင့်မှ ကုန်ပစ္စည်းအမြောက်မြား သယ်ဆောင်ခွင့်မပြု ကြောင်းသိရသည်။
အခုလို သယ်ယူပို့ဆောင်ခွင့်မပေးသည့် ပစ္စည်းများမှာ ဖုန်း (နှစ်လုံးထက် မပိုရ)နှင့် ဆက်စပ်ပစ္စည်းများ၊ လက်တော့(၂)လုံးထက် မပိုရ၊ CCTV၊ ဒရုန်း၊ ကင်မရာ၊ ဘထ္ထရီနှင့် ဓာတ်ခဲများ၊ မှန်ဘီလူး၊ မှန်ပြောင်း၊ လျှပ်စစ်မီးအိမ်နှင့် ဓာတ်မီး၊ စကားပြောစက်၊ ဝါယာကြိုး၊ ရွှေထည်ပစ္စည်း၊ ကော်၊ စတီးနှင့် သံထည်ပစ္စည်းများ၊ ရေပိုက်(ကော်၊ စတီး၊ သံ)၊ အက်ဆစ်၊ ယမ်းမှုန့်၊ သစ်သား၊ ကျောက်တုံး၊ မီးသွေး၊ အဝတ်အထည်(အများအပြား)၊ ပြောက်ကြားတူညီဝတ်စုံ၊ အစားအသောက်၊ အကြော်အလှော် (အများအပြား)တို့ဖြစ်ကြောင်း သိရသည်။
📌📌၇ ။ မတူပီ မြို့တွင်းနေ လူငယ်နှင့် သက်လတ်ပိုင်းများကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေ
ဇန်နဝါရီ ၂၀ ရက် နေ့တွင် မတူပီ မြို့အတွင်း ရှိ လူငယ်များကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးနှိပ်စက် ခေါ်ဆောင်သွားကြောင်းသိ ကနဦး သိရသည်။
မတူပီ မြို့ ခိုဘွေ ရပ်ကွက်ရှိ လူငယ်များနှင့် အိမ်ထောင်သည် သက်လတ်ပိုင်း များကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီး ခေါ်ဆောင်သွား ခြင်းဖြစ်ကြောင်းသိရသည်။ မည်သည့် နေရာသို့ ခေါ်ဆောင်သွားသည်ကို မူ မသိရှိရသေးကြောင်း ဒေသခံများက ဆိုသည်။
📌📌၈ ။ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်ကို အကြမ်းဖက်စစ်ကောင်စီမှ သေဒဏ်ချမှတ်
၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကျူးလွန်ခဲ့သလို အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ခဲ့တယ်ဆိုပြီး သေဒဏ်ချမှတ်လိုက်တယ်လို့ စစ်ကောင်စီက ဒီကနေ့ ညမှာ ထုတ်ပြန်လိုက်ပါတယ်။
ကိုဂျင်မီဟာ CRPH၊ NUG၊ PDF လက်အောက်ခံ နွေဦးကံကော်အဖွဲ့ကို လက်နက်ခဲယမ်းတွေဝယ်ဖို့ ငွေကြေးလွှဲပြောင်းပေးခဲ့သလို အမေရိကန်ဒေါ်လာ သိန်းတစ်ထောင်တန်ဖိုးရှိ သေနတ်ထုတ်နိုင်တဲ့ 3D Printer ဝယ်ယူဖို့ NUG ကို ဆက်သွယ်တောင်းခံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။
ဦးဖြိုးဇေယျာသော်ကို သူရဲ့နေအိမ်မှာ လက်နက်၊ ကျည်၊ ဗုံးတွေနဲ့အတူ ဖမ်းဆီးမိခဲ့ပြီး စစ်ကောင်စီက အကြမ်းဖက်အဖြစ် သတ်မှတ်ထားတဲ့ CRPH၊ NUG၊ PDF အဖွဲ့တွေနဲ့ ဆက်စပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူရဲ့ လက်အောက်က အဖွဲ့တွေက ရန်ကုန်မြို့တွင်းမှာ အကြမ်းဖက် ဖောက်ခွဲမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒီဆောင်ရွက်ချက်တွေကြောင့် သူတို့နှစ်ဦးကို အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မ ၄၉ (က)၊ ၅၀ (စျ)၊ ၅၀ (ည) တို့နဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။
📌📌၉ ။ ပေါက်ကွဲစေတတ်သော ပစ္စည်းများ သယ်ယူပို့ဆောင်မှုဖြင့် မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် အမျိုးသား ၃ ဦး အဖမ်းခံရ
ပေါက်ကွဲစေတတ်သော ပစ္စည်းများ သယ်ယူပို့ဆောင်မှုဖြင့် မြန််မာနိုင်ငံသားတစ်ဦး အပါအဝင် အမျိုးသား သုံးဦးကို ဖမ်းဆီးထားကြောင်း ဇန်နဝါရီ ၂၁ ရက်၊ သောကြာနေတွင် အာသံ ရိုင်ဖယ် အရာရှိတစ်ဦးက ပြောသည်။
အဆိုပါ မြန်မာနိုင်ငံသားတစ်ဦးသည် နိုင်ငံရေး အဖွဲ့အစည်းတစ်ခု မှ ဖြစ်ကြောင်းသိရသည်။ မီဇိုရမ်ပြည်နယ် ၊ ဆိုင်ဟား ခရိုင် ဇောင်းလိန် (Zawng Ling) ကျေးရွာ အနီး၌ ဇန်နဝါရီ ၂၀ ရက် ကြာသပတေးနေ့က အသံရိုင်ဖယ် နှင့် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့တို့ ကင်းလှည့်ရင်း ကုန်တင်ကားငယ် တစ်စီးကို ရပ်တန့် စစ်ဆေးခဲ့ရာ အထက်ပါ ပေါက်ကွဲတတ်သော ပစ္စည်းများကို တွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုန်တင်ကား ငယ်အတွင်းမှ ပေါက်ကွဲစေတတ်သော ပစ္စည်း ကီလိုဂရမ် ၂၅၀၀ နှင့် စနက်တံ အရှည် မီတာ ၄၅၀၀ ခန့် တွေ့ရှိရကြောင်းသိရသည်။
ထိုကဲ့သို့ ပေါက်ကွဲစေသည့် ပစ္စည်းများ သယ်ယူပို့ဆောင်မှု ဖြင့် မြန်မာနိုင်ငံသား တစ်ဦးနှင့် အိန္ဒိယ နိုင်ငံသား နှစ်ဦး ကို ဖမ်းဆီးထားကြောင်း သိရသည်။ ၎င်း မြန်မာနိုင်ငံသား တစ်ဦးသည် ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း အာသံရိုင်ဖယ် အရာရှိက ပြောသည်။
CNF သည် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး၊ တိုင်းရင်းသား လူနည်းစု တန်းတူ အခွင့်အရေး ရရှိရေး စသည့် နိုင်ငံရေး ရည်မှန်းချက်များ ဖြင့် တည်ထောင်ထားသော တော်လှန်ရေး အဖွဲ့အစည်းဖြစ်ပြီး ၎င်း၏ လက်နက်ကိုင် အဖွဲ့မှာ CNA ဟုခေါ်ဆိုသည့် ချင်းအမျိုးသား တပ်မတော် ဖြစ်သည်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ တွင် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကြောင့် အိန္ဒိယ နိုင်ငံ၊ မီဇိုရမ် ပြည်နယ်တွင် ချင်းပြည်နယ်မှ လာရောက် စစ်ဘေးရှောင်နေသူ ထောင်သောင်းချီ၍ ရှိနေပြီဖြစ် ကြောင်းသိရသည်။
အဆိုပါ ချင်းလူမျိုးများသည် မိမိကိုယ်ကိုယ် (ဇို/Zo) ဟု ခေါ်ဆိုကြပြီး မီဇိုရမ် ပြည်နယ်ရှိ (မီဇို/Mizo) လူမျိုးများနှင့် မျိုးရိုးစဥ် ဆက်စပ်မှုရှိ၍ ယဥ်ကျေးမှု ထုံးတမ်းစဥ်လာ များလည်း တူညီကြောင်း သိရသည်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment