23rd JAN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၂၃ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌တိုတယ်စွမ်းအင်ကုမ္ပဏီအနေနဲ့ ဓာတ်ငွေ့ဝယ်ယူတဲ့ PTT ကို အမျိုးသားညီညွတ်ရေးအစိုးရ ညွှန်ကြားထားတဲ့ ငွေစာရင်းကို လွှဲအပ်ဖို့ အသိပေးအကြောင်းကြားရမယ်လို့ ကြေညာချက်ထုတ်ပြန်
📌ကိုဗစ်နာတာရှည် (Long Covid) ကို ရင်ဆိုင်ကြရမည်ဟု ဆေးပညာရှင်တွေ သတိပေး
📌အိန္ဒိယ အရှေ့မြောက်နဲ့ မြန်မာနယ်စပ်မျဉ်းတလျောက် မငြိမ်သက်မှုများ မြင့်နေ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌တိုတယ်စွမ်းအင်ကုမ္ပဏီအနေနဲ့ ဓာတ်ငွေ့ဝယ်ယူတဲ့ PTT ကို အမျိုးသားညီညွတ်ရေးအစိုးရ ညွှန်ကြားထားတဲ့ ငွေစာရင်းကို လွှဲအပ်ဖို့ အသိပေးအကြောင်းကြားရမယ်လို့ ကြေညာချက်ထုတ်ပြန်တဲ့သတင်းကို ဦးစွာတင်ပြပေးပါ့မယ်။

တိုတယ်စွမ်းအင်ကုမ္ပဏီအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်တွဲမလုပ်ဆောင်တော့ဘဲ ထွက်သွားတဲ့ကိစ္စအပေါ် ကြိုဆိုပေမယ့်လည်း ဓာတ်ငွေ့ဝယ်ထားတဲ့ PTT ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ညွှန်ကြားတဲ့ ငွေစာရင်းတွေကိုလွှဲအပ်ဖို့အတွက် အသိပေးအကြောင်းကြားရမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ကြေညာချက်ထဲမှာတော့ TotalEnergies နဲ့ Chevron တို့ရဲ့ မြန်မာနိုင်ငံက ထွက်ခွာသွားမယ်လို့ ကြေညာတာနဲ့ ငွေကြေးပံ့ပိုးမှု ရုတ်သိမ်းတာတွေက အာဏာသိမ်းစစ်အုပ်စုရဲ့ တရားဝင်မှုအပေါ် လက်မခံမှုပြသတာဖြစ်လို့ ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာ့ရေနံနဲ့ သဘောဝဓာတ်ငွေ့လုပ်ငန်း၊ သဘာဝဓာတ်ငွေ့ အခွန်အမြတ်တွေအပေါ် နိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေရဲ့ တားမြစ်ပိတ်ပင်ကြိုးပမ်းနေမှုကို အနှောင့်အယှက်ဖြစ်စေမှာကို လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ စိုးရိမ်ကြောင်းနဲ့ ယင်းအခွန်အခ တွေကို အကြမ်းဖက်အာဏာသိမ်းအုပ်စုရဲ့ အရေးပါဆုံး ပြည်ပဝင်ငွေဖြစ်တာကြောင့် ချက်ခြင်း တားမြစ်ပိတ်ပင်ရမယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ကိုင်နေကြတဲ့ ရေနံနဲ့ သဘောဝဓာတ်ငွေ့ကုမ္ပဏီတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ချမှတ်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး သဘာဝဓာတ်ငွေအခွန်အခတွေကို အစိုးရရဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၂၁) အရ ဒုဝန်ကြီးက ညွှန်ကြားတဲ့ ငွေစာရင်းတွေကိုသာ လွှဲအပ်ပေးပို့ကြရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ကုမ္ပဏီတွေအနေနဲ့ စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ MOGE ငွေစာ ရင်းတွေကို လွှဲအပ်ခွင့်မရှိဘူးလို့ ဆိုထားပါတယ်။
ဒါ့အပြင် TotalEnergies နဲ့ Chevron တို့အနေနဲ့ မြန်မာနိုင်ငံက မထွက်ခွာမီအထိ ယင်းအမိန့်တွေအတိုင်း လိုက်နာကြဖို့လိုတယ်ဆိုပြီးလည်း သတိပေးထားတာကို တွေ့ရပါတယ်။

========================

📌📌ကိုဗစ်နာတာရှည် (Long Covid) ကို ရင်ဆိုင်ကြရမည်ဟု ဆေးပညာရှင်တွေ သတိပေးတဲ့သတင်းကို ဆက်လက်တင်ပြပေးပါ့မယ်။

ကိုဗစ်ကပ်ဘေး ၂ နှစ် ကျော်ပြီ ဖြစ်သော်လည်း ခုထိ ကိုဗစ်မျိုးကွဲတွေ တိုးနေဆဲ ဖြစ်နေပါတယ်။ ဒါကြောင့် အသက် ၄၀ နဲ့ အထက် လူရွယ်/လူကြီးတွေဆီမှာ Long Covid လို့ အမည်တပ်ထားတဲ့ ကိုဗစ်နာတာရှည်ဝေဒနာတွေနဲ့ ဆက်လက် ရင်ဆိုင်နေကြရလိမ့်မယ်လို့ အမေရိကန်ဆေးပညာရှင်တွေက ထုတ်ပြောကြပါတယ်။
ကိုဗစ်နာတာရှည် ဆက်ဖြစ်မယ်ဆိုတာက ကိုဗစ် ကူးစက်လို့ ပြန်လည် သက်သာသွားသော်လည်း ကိုဗစ်လက္ခဏာတွေဖြစ်တဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ မောပန်းခြင်း၊ စိတ်ကြည်လင်မှု မရှိဘဲ ထိုင်းမှိုင်းခြင်း၊ အသက်ရှုမ၀ခြင်း၊ အစာအိမ်နဲ့ အဆုပ်ဆိုင်ရာဝေဒနာများ ခံစားရခြင်းတို့ကို ရေရှည် ဆက်လက် ကြုံတွေ့ရမယ်လို့ ဆိုလိုပါတယ်။ ချောင်းဆိုးခြင်း၊ လည်ချောင်းယားခြင်း စတဲ့ ရေတိုလက္ခဏာတွေကိုလည်း ၁ လလောက် ဆက်ပြီး ဖြတ်သန်းကြရမယ်ဆိုလို့ ဆိုပါတယ်။
မြန်မာပြည်မှာကတော့ စစ်ဘေး တွေအပြင် ကိုဗစ်ဘေးကို ရင်ဆိုင်နေကြရတာမို့ ဝေဒနာရှင်တွေမှာ ကိုယ်စိတ်နှစ်ပါးလုံး ရောဂါဝေဒနာများ ပိုမိုဖိစီးကြရမှာ ဖြစ်ပြီး အများပြည်သူတွေက အချင်းချင်းပိုမို အားပေးစောင့်ရှောက်ကြဖို့ လိုတယ်လို့ မြန်မာဆေးဆရာဝန်တဦးက မှတ်ချက်ပေးပါတယ်။

========================

📌📌ဆက်လက်ပြီး အိန္ဒိယ အရှေ့မြောက်နဲ့ မြန်မာနယ်စပ်မျဉ်းတလျောက် မငြိမ်သက်မှုများ မြင့်နေဆိုတဲ့သတင်းကို တင်ပြပေးပါ့မယ်။

ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ အိန္ဒိယပြည်၏ အရှေ့မြောက်ဖျား နယ်မြေတွေဖြစ်တဲ့ နာဂ Land, မနိပူရ နဲ့ မီဇီုရမ်ပြည်နယ်တွေက ပြည်သူတွေ နဲ့ အိန္ဒိယဗဟိုအစိုးရအကြား ပြည်တွင်းရေးအငြင်းပွားမှုတွေ ဖြစ်ပွားနေပါတယ်။ တဖက်မှာလည်း မြန်မာစစ်ကောင်စီရဲ့ မတရားစစ်ကြောင့် မြန်မာတိုင်းရင်းသားတွေက အိန္ဒိယနယ်စပ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ နယ်စပ်မျဉ်းတလျောက်က ဒေသခံတွေကတော့ မြန်မာပြည်သူတွေကို လက်ခံစောင့်ရှောက်ပေးထားကြပါတယ်။ အဆိုပါဒေသတွေမှာ အိန္ဒိယဗဟိုအစိုးရ၏ ချုပ်ကိုင်မှုကို ကန့်ကွက်ဆန္ဒပြနေကြတာအပြင် ခွဲထွက်ရေးသူပုန်လှုပ်ရှားမှုတွေ တိုးလာတာကြောင့် မငြိမ်သက်မှုတွေ ရှိတယ်လို့ ဆိုကြတာပါ။ ခွဲထွက်ရေး ဒေသခံသူပုန်တွေကို တရုတ်ပြည်ကွန်မြူနစ်အစိုးရက ထောက်ပံ့နေတယ်လို့လည်း အိန္ဒိယဗဟိုအစိုးရက စွပ်စွဲထားပါတယ်။ မြန်မာ့အရေးမှာ တရုတ်အစိုးရကော အိန္ဒိယဗဟိုအစိုးရကိုယ်တိုင်ကပါ ဝင်ရောက်ဖြေရှင်းပေးဖို့ အစဉ်တစိုက် ကြိုးပမ်းနေကြပြီး စစ်ကောင်စီနဲ့ ဆက်ဆံရေးမပြတ်တောက်တဲ့ နိုင်ငံကြီး ၂ နိုင်ငံ ဖြစ်ပါတယ်။




#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment